၂၀၁၄ ခုနှစ်အတွင်း၌ မြန်မာ့နိုင်ငံရေး အလားအလာကောင်း အချို့ကို တွေ့မြင်ရဖွယ် ရှိသည်ဟူသော မျှော်မှန်းချက် များသည် နှစ်ဝက်ကျိုးလုနီး အချိန်ကာလတွင် တစ်စထက်တစ်စ ပိုမိုမှေးမှိန် လာခဲ့ပြီဖြစ်သည်။ မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းရာ၌ အဓိက သော့ချက်ဖြစ်သော ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စသည်လည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် များသည်လည်းကောင်း ရှေ့မတိုးနိုင်ဘဲ ရှိနေသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့၏ သဘောထားများ ပေါ်ထွက်လာပြီးနောက် မြန်မာ့နိုင်ငံရေး အလားအလာကောင်းကို မျှော်မှန်းရန် ခက်ခဲ သွားသည်။ ၎င်းတို့၏ ဆန္ဒသဘောထားများအရ ဆိုပါက နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက် ပေးနိုင်သော အခြေခံဥပဒေ ဖြစ်လာစေရန် ထိထိရောက်ရောက် ပြင်ဆင်ပြောင်းလဲရေး ဟူသော အရေးကိစ္စသည် မဖြစ်နိုင်သည့် အနေအထားတွင် ရှိနေသည်ဟုပင် ဆိုရမလို ဖြစ်နေသည်။
နိုင်ငံနှင့် ပြည်သူအတွက် အသက်တမျှ အရေးကြီးလှသော အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စအတွက် လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးသည်လည်း အလားအလာ မကောင်းလှပေ။ အခြေခံဥပဒေ၏ အရေးကြီးသော ပြဋ္ဌာန်းချက်များကို လွှတ်တော်အတွင်း ထိထိရောက်ရောက် ပြင်ဆင်ပြောင်းလဲနိုင်ခြင်း မရှိပါက လွှတ်တော်ပြင်ပ လှုပ်ရှားမှုများဖြင့် ပြင်ဆင်ပြောင်းလဲရန် ဒီမိုကရေစီ ဘက်တော်သားများနှင့် ပြည်သူလူထုက ကြိုးပမ်းလာကြမည်သာ ဖြစ်သည်။ သို့ဆိုလျှင် မဖြစ်နိုင်လောက်အောင် ခက်ခဲလွန်းနေသော ပြင်ဆင်ရေး လမ်းကြောင်းအစား အခြေခံဥပဒေ အသစ်ရေးဆွဲရေးဆီသို့ ဦးလှည့်သွားနိုင်ပေသည်။ ထိုအခါ အခြေခံဥပဒေသစ် ရေးဆွဲရေးကို လုံးဝ လက်သင့်မခံသော လက်ရှိ အာဏာရယူထားသည့် ပုဂ္ဂိုလ်များနှင့် လူထုအကြား ထိပ်တိုက်ရင်ဆိုင်မှုများ ပေါ်ထွက်လာဖွယ် ရှိသည်။ ယင်းမှာ အခြေခံဥပဒေနှင့် ပတ်သက်သော နိုင်ငံရေး အကြပ်အတည်း ဖြစ်သည်။
ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကြည့်ပြန်လျှင်လည်း ဆွေးနွေးပွဲများ ပြုလုပ်နေသည့် ကြားမှပင် တိုက်ပွဲများ ထပ်မံဖြစ်ပွား လာနေခြင်းကြောင့် အလားအလာကောင်းသည်ဟု မဆိုနိုင်ဘဲ ရှိနေသည်။ ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ အခြေခံဥပဒေ ပြင်ဆင်ရေးက အဓိကကျသော အခန်းကဏ္ဍတွင် ရှိနေသည်။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေအရ ဆိုပါက ငြိမ်းချမ်းရေး မရနိုင်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်အချို့က အတိအလင်း ပြောဆိုထားကြပြီး ဖြစ်သည်။
ထိုကဲ့သို့သော နိုင်ငံရေး မပြေလည်မှုများ ကြားထဲမှာပင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုနှင့် ပတ်သက်၍ ပြောဆိုမှုကလည်း ပေါ်ထွက် လာပြန်သေးသည်။ ရွေးကောက်ပွဲများကို ဒိုင်အဖြစ် ဆောင်ရွက်ပေးမည့် အဖွဲ့အစည်း၏ အကြီးအကဲမှာ စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်နေပြီး၊ ကြံ့ခိုင်ရေးပါတီ အမတ်ဟောင်း တစ်ဦးလည်းဖြစ်ကာ လက်ရှိအာဏာရပါတီနှင့် လွန်စွာ နီးကပ်မှု ရှိသည့်အပေါ် ဝေဖန်မှုများ ရှိနေရသည့်အထဲ ယခုကဲ့သို့ မဲဆွယ်စည်းရုံးမှုနှင့် ပတ်သက်၍ ကန့်သတ်ချုပ်ချယ်ရန် ပြောဆို လာခြင်းကြောင့် တရားမျှတမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ထို့ပြင် ရွေးကောက်ပွဲ ကော်မရှင်၌ စစ်ဖက်မှ ပုဂ္ဂိုလ်များကို နေရာချထားခြင်း အပေါ်၌လည်း ဝေဖန်မှုများ ရှိနေသေးသည်။ ရွေးကောက်ပွဲ ကော်မရှင်၏ ယင်းအနေအထားကြောင့် လာမည့် ရွေးကောက်ပွဲများတွင် လွတ်လပ်မှုနှင့် တရားမျှတမှု ရှိ၊ မရှိကို စိုးရိမ်စရာ ဖြစ်နေသည်။ လက်ရှိ အခြေခံဥပဒေကြောင့် ပြည်သူက လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကိုသာ ရွေးကောက် တင်မြှောက်ခွင့် ရရှိထား၍ တရားမျှတမှု မရှိရသည့်အထဲ ရွေးကောက်ပွဲတွင်လည်း လွတ်လပ်မှုနှင့် တရားမျှတမှုများ ပျောက်ဆုံးနေဦးမည် ဆိုပါက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသည် ပိုမို ဆုတ်ယုတ်သွားရန်သာ ရှိနေသည်။
မြန်မာ့နိုင်ငံရေး အလားအလာကောင်းများကို မျှော်လင့်တကြီး စောင့်စားနေကြသော မြန်မာပြည်သူများအတွက် လက်ရှိ အခြေအနေများက စိတ်ပျက်စရာပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ အခြေအနေမှန်ကို ပကတိအတိုင်း သုံးသပ် ဆင်ခြင်ခြင်းဖြင့်သာ မြန်မာ့ဒီမိုကရေစီရေး ရှေ့ခရီး၌ မှန်ကန်သော လမ်းကြောင်းကို ရွေးချယ် နိုင်ကြမည်ဖြစ်သည်။ လက်ရှိ ကြုံတွေ့နေရသည့် အတုအယောင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများအပေါ် အဖြူအမည်း သဲကွဲစွာ သိမြင်၍ မြန်မာ့နိုင်ငံရေး ရှေ့ခရီး၌ လမ်းကြောင်းမှန်ကို ရွေးချယ်ခြင်းဖြင့် ဒီမိုကရေစီ ပန်းတိုင်ဆီ မျက်ခြေမပြတ် လျှောက်လှမ်း သင့်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။
အယ်ဒီတာ(မြန်မာသံတော်ဆင့်)