ဒီရက်ထဲ မအားမလပ်နဲ့အလုပ်ကများ ၊ ကြေကွဲဝမ်းနည်းစရာတွေနဲ့ စိတ်ဖိစီးမှုတွေကြားထဲ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရင် တိုင်းပြည်ကို ချမ်းသာအောင် လုပ်ပေးမယ် ၊ ငြိမ်းချမ်းရေးရအောင်လုပ်ပေးမယ် ၊ တိုးတက်အောင်လုပ်မယ် ဆိုပြီး အသံထွက်လာတဲ့ ၀န်ကြီးမင်းတစ်ယောက်ရဲ့ စကားကို ကြားခဲ့ရပါတယ်။
ကျုပ်ဖြင့်လေ ..ခါးတောင်းမြှောင်အောင်ကြိုက် ၊ပေါက်တူးအသွားပဲ့ ၀ါးအရိုးကွဲကလေးကို ပုခုံး ပေါ် ထမ်းပြီး ထွက်လာတဲ့ နံရိုးကအပြိုင်းပြိုင်း ခါးကိုင်းလို့ချက်စူ ဗိုက်ကလေးအပူသား မျက်တွင်းက လက်တစ်နှိုက် နဲ့ ဟိုက်ထိုး လျှာထွက်နေတဲ့ နလံထ လူဖလံတစ်ယောက်က ဧ၀ရက်တောင်ကို ဖြိုမယ်လို့ ကြုံးဝါးဟိန်း ဟောက် နေတာကို မြင်ရကြားလိုက်ရသလိုပဲ မပြုံးဘဲနဲ့ ၀ါးလုံးကွဲရယ်မိတော့မလို့ ၊ ခေတ်ကာလ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေများ အဌာရသ ၁၈ ရပ်ထဲက ဟဿ အရာမှာ ပြိုင်ဖက်ကင်း တစ်ဖက်ကမ်းခပ်လိုက်ပုံများ ။
ကျနော် ကျောင်းသားဘ၀မှာ ကျနော့ဆရာတစ်ပါးက လူတစ်ယောက်က ဧ၀ရက်တောင်ကြီး ကိုဖြိုမယ် ကွ လို့ မင်းရှေ့မှာ ကြုံးဝါးလာပြီဆိုရင် မင်းဘယ်လိုထင်လဲ လို့ ပြောခဲ့ဘူးတယ် ၊ ကျနော်က ဧ၀ရက် တောင် ကို ဘယ်လိုလူကဖြိုနိုင်ပါ့မလဲ ၊ အလကားကြွားလုံးပေါ့ဆရာ လို့ ခပ်ပေါ့ပေါ့ဖြေခဲ့တယ် ။ ဆရာက မင်း အဲဒီလို ဘာကြောင့် ပြောနိုင်ရတာလဲ ၊ သူဘယ်လောက်လုပ်နိုင်စွမ်းရှိသလဲ ၊ သူ့မှာ ဘာလက်နက် ကိရိယာ ယူလာ သလဲ ဆိုတာတွေ မဆန်းစစ်မလေ့လာဘဲနဲ့ ဘာဖြစ်လို့ အလောတကြီး အလွယ်တကူ ဆုံးဖြတ်ရတာလဲတဲ့ ၊ ဧ၀ရက်တောင်ကိုဖြိုမယ်ဆိုပြီး ကြုံးဝါးတဲ့လူက ပေါက်တူးအသွားပဲ့ ၀ါးအရိုးကွဲကလေးကို ပုခုံးပေါ် ထမ်းပြီးထွက်လာတဲ့ နံရိုးပိန်လူ တစ်ယောက် ဖြစ် နေရင်တော့ ကြွားလုံးထုတ်တာသက်သက်ပေါ့ တဲ့ ၊ အလုပ်ဖြစ်အောင်လုပ်နိုင်မဲ့သူမဟုတ်ဘူး ၊ လေလုံးပိသေမဲ့သူပေါ့၊ ဒါပေမဲ့ ဟိရိုးရှိမားတို့ နာဂါစကီ တို့ကို ကြဲ ချခဲ့တဲ့ ဟိုက်ဒြိုဂျင်ဗုံးမျိုးတွေ ရာနဲ့ချီပြီးသယ်လာနိုင်စွမ်းရှိတဲ့သူဆိုရင်တော့ သူဟာတကယ်ဖြစ်အောင်လုပ်နိုင်မဲ့ သူဖြစ်သွားပြီ ၊ လူတစ်ယောက်ရဲ့ စကားကို အရမ်းကာရော မဆုံးဖြတ်နဲ့ ၊ သူဘယ်လောက်လုပ်နိုင်စွမ်းရှိတယ် ဆိုတာသိပြီးမှ ဆုံးဖြတ် - လို့ ကျနော့ကို ပညာပေး ဆုံးမခဲ့ဘူးသဗျ ။
အခု ၂၀၁၅ မှာ ရွေးကောက်ပွဲအနိုင်ရရင် တိုင်းပြည်ကို ဘယ်လိုဖြစ်အောင်လုပ်ပေးမယ် ဘာညာနဲ့ အသံကောင်းလွှင့်ကြုံးဝါးနေတဲ့ ၀န်ကြီးမင်းကိုကြည့်ရမြင်ရတာ ဆရာပြောခဲ့တဲ့ လေလုံးပိသေမဲ့ လူနံပိန်တစ် ယောက် ကို မျက်ဝါးထင်ထင်မြင်လိုက်ရသလိုပါပဲ ။
အဲဒီဝန်ကြီးမင်းက ခေတ်အဆက်ဆက် ၀န်ကြီးလုပ်စားလာသူလို့ တောင်ပြောနိုင်မယ်ထင်သဗျ ၊ စစ် အစိုးရ လက်ထက်မှာလည်း ဘာဝန်ကြီး ညာဝန်ကြီး လုပ်ခဲ့ဘူးတယ် ။ စစ်အစိုးရတစ်ဖြစ်လဲ အရပ်သား အစိုးရ ဆိုတဲ့ လက်ရှိအစိုးရလက်ထက်မှာလည်း ၀န်ကြီးရာထူးကို ကန်ထရိုက် ဆွဲထားသလို မြဲသဗျ ၊ စစ်ရေးအမြင် ၊ စီးပွားရေးအမြင် ၊ နိုင်ငံရေးအမြင်တွေ ပြူးလှ-ကျယ်လှတဲ့ န၀တ စစ်အစိုးရလက်ထက်မှာ အဲဒီ ၀န်ကြီးတို့ တက်ညီလက်ညီနဲ့ တိုင်းပြည်တာဝန်တွေ ̎ အလု - အယက် ̎ ထမ်းဆောင်လိုက်ကြတာ သယံဇာတ တွေလည်း ဟောင်းလောင်းဖြစ်လုနီးပါး ၊ သစ်တောတွေ ပြောင်တလင်းခါပြီး ၊ မြန်မာနိုင်ငံကြီး ကြွေးမြီနွံထဲ စုံးစုံးနစ်ခဲ့ရတာ ဆိုတော့လည်း ဒီဝန်ကြီးမင်းတို့ရဲ့ အစွမ်းအစနဲ့အရည်အချင်းတွေက ပြည်ပေါ်မှာ ရွှေကြော်ငြာ မထုတ်ရဘဲကို ထင်ရှား ပေါ်လွင်နေခဲ့သကိုး ။
အနှီဝန်ကြီးပါဝင်တာဝန်ထမ်းဆောင်ခဲ့တဲ့ န၀တစစ်အစိုးရဟာ ၁၉၈၈ခုနှစ် မကုန်ခင်ကထည်းက ၂၀၁၀ ခုနှစ်အထိ ၂၂ ကျော်ကာလ ကြာမြင့်အောင် မြန်မာနိုင်ငံကို ကယ်တင်ရှင် လုပ်ပြီး တစ်မိန့် တစ်အာဏာ နဲ့ စိုးမိုး အုပ်ချုပ်ခဲ့ကြတယ် ။ ဒို့တာဝန်အရေး သုံးပါးတို့ ၊ နိုင်ငံရေး ဦးတည်ချက် (၄)ရပ်၊ စီးပွားရေး ဦးတည်ချက် (၄)ရပ် ၊ လူမှုရေး ဦးတည်ချက် (၄)ရပ် တို့နဲ့ တိုင်းပြည်တစ်ဝှမ်း အမှောင်ကျအောင် ပြောင်လှတဲ့ မိုးလုံးပြည့် မုသာဝါဒများ ဖြန့်ချိလို့ ၊ ဆိုရှယ်လစ်လမ်းစဉ် ၊ ကွန်မြူနစ်လမ်းစဉ် ၊ အရင်းရှင်စနစ်လမ်းစဉ် တို့ကနေ အစွန်း တရားလွတ်တဲ့အောင် ကိုယ်ပိုင်ညဏ်နဲ့ထိုးထွင်းကြံဆလို့ ပေါ်ထွက်လာတဲ့ ထင်ရာမြင်ရာ မူဝါဒလမ်းစဉ် ကိုချမှတ်လို့ အုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလမှာ တိုင်းပြည်ဟာ ငါးရာ့ငါးဆယ်နိပါတ်တော်လာ - မျောက်တစ်သင်း လက်တွင်း အပ်နှင်းခြင်းခံရတဲ့ ဘုရင့်ဥယျာဉ်တော်လို ၊ အလုံးစုံပျက်သုဉ်းခဲ့ရပြီး ဖွတ်ကျော ပြာစုခရုဆံကျွတ် ဘ၀ကို ရောက်ခဲ့ရတယ်။ ကြွေးကြော်သံတွေနဲ့ပိပြီး ထူမရ ထမရဖြစ်ခဲ့ရတယ် ။
နိုင်ငံဖွံ့ဖြိုးရေး အသုံးစာရိတ်ကို လွှတ်တော်မှာလည်းတင်ပြစရာမလို ၊ ဘတ်ဂျက်တင်ပြ တောင်းခံစရာ မလိုဘဲ စိတ်ကြိုက်သုံးစွဲနိုင်ခဲ့တဲ့အခြေအနေတစ်ခုမှာ န၀တ အစိုးရဟာ တိုင်းပြည် တိုးတက်ရာ တိုးတက် ကြောင်း ၊ ကြီးပွားရာ ကြီးပွားကြောင်း ဘာများလုပ်နိုင်ခဲ့ပါသလဲလို့ လေ့လာကြည့်လိုက်တော့လည်း အရပ် တကာ ၊မြို့တကာ မှာ ဖုံအလိမ်းလိမ်းတက်နေတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် သစ်ကြီးဆီသို့ ဆိုတဲ့ ဆိုင်းဘုတ်ကြီးငယ်တွေမှ မနည်းပါဘဲကလား ၊ ခေတ်မီဖွံ့ဖြိုးလိုက်ပုံများ မြို့ရွာများ အလျှဉ်အမြန် ဖွံ့ဖြိုးတိုးတက်စေရမည် ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေဆို ညဘက်ရောက်ပြီဆိုမှဖြင့် လျှပ်စစ်မီးကမလာတော့ ဒုတ်မီး (လက်နှိပ်မီး) ထိုး ကြည့်မှ မြင်ရတွေ့ရတာကလား ။
အခုလည်း ၂၀၁၀ ခုနှစ်ကစလို့ ၂၀၁၄ ခုနှစ်အထိ ၃ နှစ်ကျော် လေးနှစ်ရောက်လာတဲ့အစိုးရ သက် တမ်းမှာ တိုင်းပြည်မှာ ဘာတွေများ တိုးတက်ပြောင်းလဲလာပြီတုံး ၊ ဒီမိုကရေစီ တည်ဆောက်ရေး အတွက် ရည် ရွယ်ပြီး နိုင်ငံတကာက ကြွေးမြီလျော်ပစ်တာတွေ ၊ ပံ့ကြပိုးကြကူညီကြတဲ့ အထောက်အပံ့ အကူအညီတွေ ရ လာတာတွေ ၊ အဲဒါတွေကလွဲလို့ ထူးထူးခြားခြား ကွဲကွဲပြားပြား ဘာများလုပ်နိုင်ခဲ့ကြပြီတုံး ၊
နိုင်ငံသားအများစု ဆင်းရဲသထက် ဆင်းရဲမွဲသထက်မွဲလာတဲ့ တိုင်းပြည် ၊ ဆင်းရဲမွဲတေမှုတွေကို စကားလုံးတွေနဲ့လျော့ချနေတဲ့ တိုင်းပြည်၊ စားပွဲဝိုင်းမှာ အပစ်အခတ်ရပ်စဲရေးစကားပြော ၊ သဘောတူညီချက်လေး တစ်ချို့ တစ်လေရယူပြီး ဆွေးနွေးပွဲလာတက်တဲ့ ကိုယ်စားလှယ်တွေမှ ဒေသပြန်မရောက်ခင် တိုက်ပွဲပြန် ဖြစ်နေတဲ့ အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲ ၊ ပစ်ကြ ခတ်ကြနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဆန်တောင်းလို့ကောင်းရုံ တည်ဆောက်ပြ နေတဲ့တိုင်းပြည် ၊ အဲဒီလို အခြေအနေမျိုးရောက်နေတာတောင်မှ အခုလုပ်ပိုင်ခွင့်အာဏာရထားတဲ့ သက်တမ်း အတွင်း တိုင်းပြည်အတွက် နိုင်ငံသားတွေအတွက် ဘာတွေဖြစ်မြောက်အောင် လုပ်ပေးမယ်ဆိုတာကို အာမခံ တဲ့ ၊ ကတိက၀တ်ပြုတဲ့ လေသံထွက်မလာဘဲ နောက်သက်တမ်း အနိုင်ရဖို့ကိုတောင် လှမ်းမျက်စပစ်နေသေး ဆိုသဟာကတော့ အံ့သြကုန်နိုင်ဖွယ် ပါကလားဟရို့ ။
ထွားလိုက်တဲ့စကားကတော့ -၂၀၁၅ အနိုင်ရရင် တိုင်းပြည်ကို တိုးတက်အောင် ချမ်းသာအောင် လုပ်မယ်ဆိုပဲ ၊ တစ်တိုင်းပြည်လုံးငြိမ်းချမ်းရေး ရအောင်လုပ်ဦးမယ်ဆိုပဲ ၊ ကြားရတာနဲ့ မြင်ရတာနဲ့ကတော့ ပဒုမ ဇာတ်ထဲက ခြောက်စ-စလုံး ငုတ်ငုတ်တုံးနေတဲ့ ပေါင်တို က တယ် ငါ ထလုပ်လိုက်ရ လို့ ကြုံးဝါး နေသလိုပါပဲ ။ နှစ်ပေါင်းနှစ်ဆယ်ကျော် ကိုယ်ကျိုး စီးပွားရှာရုံကလွဲလို့ တိုင်းပြည် အကျိုးစီးပွားကို ဘာတစ်ခုမှ လုပ်ပေးနိုင် တဲ့ အရည်အချင်းအစွမ်းအစမရှိခဲ့တဲ့သူတွေက နောက်တစ်ချီ ၊ နောက်တစ်ပွဲ မဲလိုချင်သေးပုံနဲ့ ၊ ခဲချင် နေသေးပုံနဲ့ ၂၀၁၅ အနိုင်ရရင် တိုင်းပြည်ချမ်းသာအောင် လုပ်ပေးဦးမတဲ့ ။ စကားလုံးပိသေတဲ့ အသုဘအစ မြန်မာပြည်က လို့ မှတ်တမ်းတင်စရာ ဖြစ်နေမှာ စိုးရသဗျာ ။
ထင်လင်းဦး