အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့  နေပြည်တော်
တပ်ကုန်းမြို့ ခံ အဖိုးကြီးတဦးတို့ ရဲ့  မောတော်ကားလမ်းပေါ် တယောက်တခွန်း
အပြန်အလှန် စကားပြောကြတဲ့ ဗီဒီယိုဖိုင်လေးကို အွန်လိုင်းမှာ စတင်ချိန်ကတည်းက
တွေ့ ခဲ့ရပေမယ့် အင်တာနက်ကွန်နက်ရှင် မကောင်းတာကြောင့် ဖိုင်အစအဆုံးကို
အခုထိ မကြည့်ဖြစ်ခဲ့ပါ။ ဒါပေမယ့် မနေ့ ကတော့ ဒီဗီယိုဖိုင်က စကားသံတွေကို
နားထောင်ပြီး စာသား အတိအကျ ရိုက်တင်ပေးတဲ့ ပို့ စ်တခုကို ဖတ်လိုက်ရတဲ့အခါ
သူတို့ နှစ်ဦး ပြောကြဆိုကြတာတွေနဲ့ ပက်သက်ပြီး အမြင်ပေါင်းစုံက ဝေဖန်မှုတွေမှာ
အရေးကြီးအချက်တခုကို မျက်စေ့လျှမ်း ကျော်ခွသွားခဲ့ကြတပါလားလို့ တွေးမိတယ်။
ဒီလိုဖြစ်အောင်လည်း “ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော့်အဖေကို သတ်တာ”၊
“ခင်ဗျားဦးလေး သခင်သန်းထွန်းက တိုင်းပြည် ဖျက်ခဲ့တာ” ဆိုတဲ့ အဖိုးကြီးပြောတဲ့
စကားနှစ်ခွန်းက ဒီဗီယိုဖိုင်ကပေးတဲ့ အရေးပါတဲ့မက်ဆေ့ကို မှေးမှိန်ဖုံးလွှမ်းသွားပြီး
ဝေဖန်သူတွေရဲ့ အကြောင်းအရာထဲမှာ မတွေ့ ရသလောက် ဖြစ်သွားခဲ့ပါတယ်။
“ဗိုလ်ချုပ်အောင်ဆန်း” နဲ့ “လူသတ်တယ်” ဆိုတဲ့ စကားလုံးနှစ်ခုဟာ တွဲလေ့တွဲထ
မရှိခဲ့ဖူးတဲ့အတွက် နားထောင်သူတိုင်း ဒီစကားတခွန်းကြောင့် ရှော့ခ် ရိုက်ခံရသလို
ဖြစ်စေခဲ့တယ်။ ဒါ့အပြင် ကွန်မြူနစ် သခင်သန်းထွန်းဆိုတာ ဒီချုပ် ဥက္ကဌရဲ့  ဦးလေး
တော်စပ်နေပါလား လို့  သိလိုက်ရတာကလည်း နောက်ဆက်တွဲ ရှော့ခ် တခုနဲ့ 
တိုးတိုက်မိသလို ခံစားသွားကြပုံရပါတယ်။ သခင်သန်းထွန်းကို မကောင်းဆိုးဝါး
တကောင်နှယ် ပုံဖျက် ၀ါဒဖြန့် ထားတဲ့ သမိုင်းစာအုပ်တွေကို ဖတ်ခဲ့သူတွေပါမက
ဒီအကြောင်း နားမလည်သေးတဲ့လူငယ်တွေကိုလည်း တထိုင်တည်းသိသွားအောင်
တိုင်းပြည်ဖျက်သူ ဆိုပြီး အဖိုးအိုရဲ့ စကားမှာ တွဲဖက် သုံးနှုန်းခဲ့တယ်။
နောက်တခါ ပုဒ်မ ၄၃၆ ရေပန်းစား လူသိများနေချိန်မှာ နိုင်ငံရေးအ၀န်းအ၀ိုင်းမှာ သူစိမ်းတပြင်
ဖြစ်နေတဲ့ ပုဒ်မ ၄၃၃ ကို ကျေလည်အောင် ဖတ်ခိုင်းနေတဲ့ကိစ္စကို တွက်ချင့်ကြည့်ရင်
ဒေါ်အောင်ဆန်းစုကြည်နဲ့  သူတခွန်းငါတခွန်း ပြောနေသူဟာ ပေါက်လွတ်ပဲစား
ခပ်ကြောင်ကြောင် လူတဦးလို့  အလွယ်တကူ ကောက်ချက်ချဖို့ မဖြစ်နိုင်တော့ပါ။
ဒီအဖိုးကြီးဟာ နိုင်ငံရေးအုပ်စုတခုရဲ့  ကောင်းကောင်း “ထရိန်း” အလုပ်ခံထားရတဲ့
နိုင်ငံသား တယောက်လို့ ယူဆရင် မမှားလောက်ပါ။
၇ မိနစ်စာ ဗီဒီယိုမှာ နှစ်ဘက်စလုံး ကြိမ်ဖန်များစွာ ပြောဆိုခဲ့တဲ့ စကားလုံးတခုကို
ထူးထူးခြားခြား သတိထားမိပြီး ဖိုင်ရဲ့  အဖွင့်ကိုရော အပိတ်မှာပါ ဒီစကားလုံးကို
ပြောဆိုသွားကြတာဟာ တိုက်ဆိုင်မှုလို့  ပြောရခက်ပါတယ်။ ဒီစကားလုံးကတော့
“ဥပဒေ..” ဆိုတာဘဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ၁၇ ကြိမ်နဲ့  အဖိုးကြီးက
၁၁ ကြိမ် သုံးနှုန်းခဲ့ပါတယ်။ ဒါတွင်မက ဥပဒေနဲ့ အညီ လုပ်ကြကြောင်း၊ ဥပဒေကို
မချိုးဖောက်ကြောင်း အဓိပ္ပာယ်သွားတဲ့ အသုံးအနှုန်းများလည်း မကြာခဏ ပါနေတာ
တွေ့ ရတယ်။
ဒီချုပ် ဥက္ကဌရော အဖိုးကြီးပါ အစိုးရက ပြဌာန်းထားတဲ့ ဥပဒေများကို
ရိုးသေလေးစား လိုက်နာကြကြောင်း၊ ထမင်းရည်ပူစည်း နင်းဖို့  မစဉ်းစားကြောင်း.
ဆိုတဲ့ မက်ဆေ့ကိုလည်း ပြောဆိုနေကြတဲ့ အကြောင်းအရာတခုချင်းစီမှာ ထည့်သွင်း
သွားကြပြန်ပါတယ်။ “ပါမစ်ရှင် နဲ့ မှ လုပ်ကြ” ဟာ ဒီဗီယိုဖိုင်က ပေးလိုတဲ့ အဓိက
အချက်ပါ။“ဥပဒေဘောင်တွင်း နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ၊ လွန်ချမ်းသာ” ဆိုတဲ့
စစ်အာဏာရှင်ခေတ်ဆိုးကြီးမှာ ပလူပျံအောင် ကြားခဲ့ရတဲ့ စစ်နိုင်ငံရေးကိုယ်စားပြု
ဝါဒဖြန့် အလုံးကို ခါးခါးသီးသီး မနှစ်မြို့ ခဲ့တဲ့ သက္ကရာဇ်များဆီ ပြန်တွေးမိပါတယ်။
တည်ဆဲဥပဒေများကို လိုက်နာကြပါ၊ အတိုက်အခံ ခေါင်းဆောင် ဒီချုပ်ပါတီ ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်တယောက်တောင် ဥပဒေ မချိုးဖောက်တော့ဘူး လို့ 
ခပ်ပြောင်ပြောင် တဲ့တိုး ၀ါဒဖြန့် တဲ့ ဗီဒီယိုဖိုင်တခုကို ဒါရိုက်တာကောင်းကောင်း၊
ရှယ် သရုပ်ဆောင်တွေနဲ့  ဖလန်းဖလန်း ထ၊ ပျံလန်နေအောင် ရိုက်ကူးပြီး
အွန်လိုင်းပေါ် တင်လိုက်ရင်တောင် အခုလောက် အုံးအုံးထ “ပေါက်”မယ် မထင်ပါ။
အင်တာနက် ပရိသတ်အထာကို နပ်နေတဲ့သူတချို့ အတွက် ဘယ်ကို ကျွေးတဲ့အခါ
ဘယ်အရာ ရင်းရမယ်ဆိုတာ ဇယားကြေပြီးသားပါ။ အရင်းမရှုံး ဆိုပြီး လုပ်နေကြပါ။
ဒီထဲမှာမှ လူသတ်ကောင်အောင်ဆန်းနဲ့  ပြည်ဖျက်သန်းထွန်းတို့  အဆစ်ပါလာတဲ့
အထိ ဖြစ်ကုန်တာ ဇာတ်ညွှန်းဆရာရဲ့  “မိုက်ချက်”လို့  ပြောရုံတမယ်ရှိတော့တယ်။
အောင်မျိုးထွန်း
www.facebook.com/ aungmyo.tun.52

www.facebook.com/