(THE LADIES Weekly News Journal Vol 2. N0.20 July 4, 2014)
ရီနေနိုင်
အခုတစ်လော သတင်းတွေထဲမှာ တပ်မတော်ကြီးကို လွှတ်တော်ထဲမှာ ယူနီဖေါင်းနဲ့
မြင်နေရတာဟာ အမြင် မတော်ကြောင်း၊ အဲဒီအခြေခံဥပဒေကို ပြင်သင့်ပြီဖြစ်ကြောင်း ပြောသံ
လည်းကြားရ၊ တပ်မတော်ကြီးက မြေတွေသိမ်း လယ်တွေသိမ်းထားလို့ ပြန်တောင်းတဲ့အသံ၊
ဆန္ဒပြအပြစ်ဆိုသံတွေလည်း ကြားနေမြင်နေရ၊ တစ်ခါ မြန်မာသမိုင်း ကို ပြန်ပြန်ပြောတဲ့အခါ
၁၉၆၂ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစပြီး ဒီမိုကရေစီအမှောင်ကျခဲ့ပုံကို (အမှန်တရားပင်
ဖြစ်သော်ငြားလည်းပဲ) ခဏခဏ ထည့်ထည့်ပြောပြောရတာကြာလာတော့ ပြောရတဲ့သူတွေ
မှာ တပ်မတော်ကြီးကိုတောင် အားနာစရာဖြစ်နေပြီလို့ ခံစားရပါသဗျာ။ (အင်း၊ ချစ်ရတဲ့တပ်
မတော်ကြီးနဲ့ မတတ်သာပဲ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ တွေမှာ ဟိုသီချင်းထဲကလို "အား......
နာလိုက်တာအချစ်ရယ်"လို့ အော်ခဲ့ရတာကလည်း ခဏခဏကိုးခင်ဗျ)။
ဒီလို အားနာမိရင်းနဲ့ တစ်ခုစဉ်းစားမိတာကတော့ ၁၉၄၁ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့၊
ဘန်ကောက်မှာ ရဲဘော်သုံးကျိပ်တို့ သွေးသောက်သစ္စာပြုပြီး မြန်မာ့တပ်မတော်ကို စတင်အခြေ
တည်ဖွဲ့စည်းကြစဉ်က မြေတွေသိမ်းမယ်၊ ယာတွေသိမ်းမယ်၊ တပ်ပိုင်မြေ ဆိုင်းဘုတ်တွေ စိုက်
မယ်၊ လွှတ်တော်ထဲ ယူနီဖေါင်းနဲ့ဝင်ထိုင်ပြီး ယူနီဖေါင်းချွတ် စီနီယာများနဲ့အတူတူ နိုင်ငံရေးဝင်
လုပ်မယ် စသဖြင့် ကြံစည်စိတ်ကူးခဲ့မယ်မဟုတ်ဘူးလို့ ထင်တာပါပဲ။ ဒီလိုတောင် စိတ်မကူးဘူး
ဆိုရင် စစ်တပ်နာမည်နဲ့ စီးပွားရေးကော်ပိုရေးရှင်းကြီးထောင်ပြီး စီးကရက်တွေ၊ ဘီယာတွေ
ရောင်းမယ်။ဘဏ်တွေထောင်မယ်၊ ကျောက်တွေတူးမယ်၊ ရွှေတွေတူးမယ်၊ လုပ်ကွက်တွေ
ကြိုက်တာယူမယ်၊ ကြိုက်တဲ့နိုင်ငံက ကြိုက်တဲ့လူနဲ့ ကြိုက်သလိုစာချုပ်ပြီး ရောင်းမယ်ဝယ်မယ်
စသဖြင့် စိတ်မကူးခဲ့မှာကလည်း သေချာပါတယ်။
စိတ်မကူးခဲ့တာတွေ လုပ်ဖြစ်ခဲ့ပြီးတဲ့ နောက် တပ်မတော်ကြီးဟာ အရှေ့ကို ဘာတွေ
ဆက်လုပ်ပြီး ဘယ်ခြေလှမ်း ကိုလှမ်းရမယ်ဆိုတာအတွက် သေနင်္ဂဗျူဟာရေးဆွဲရမှာတော့ သေချာ
ပါတယ်။ ကောင်းတာတွေ လုပ်ဖြစ်တာ တွေလည်း တကယ်ကို ရှိပါတယ်။ ဥပမာ တပ်ကသိမ်းထား
တဲ့မြေတွေ ပြန်ပေးရမယ်လို့ အစိုးရကြီးက ဆုံးဖြတ် ပြီးတဲ့နောက် တပ်ပိုင်မြေတချို့ထဲက ပြန်မပေး
လို့မရတာများ (ခဏခဏတိုင်၊ ခဏခဏစစ်၊ ပြန်ပေးမှ ဖြစ်တော့မယ်လို့ လူကြီးတွေကကို ပြောလာ
တာမျိုး)၊ ပြန်ပေးလို့ရတာများ (ဒီမြေလောက်ပြန်ပေးလို့လည်း သိပ်နစ်နာစရာတော့ မရှိပါဘူးလို့
ထင်ရတဲ့မြေမျိုး)ကိုပဲဖြစ်ဖြစ် ပြန်ပေးခဲ့တာများ နည်းနည်းနောနော မထင်နဲ့။ ဧရာဝတီတိုင်းထဲမှာ
ကို ပြန်ပေးခဲ့တဲ့ဧကက ဧကငါးထောင်တောင်ကျော်ဆိုပါလား။ ဒီဂဏန်းကိုကြည့်ပြီး အတော်တောင်
လန့်သွားမိပါရဲ့။ (သြော်၊ ဒီလောက်ကြီးများတောင် သိမ်းခဲ့၊ အဲလေ၊ ပြန်ပေးခဲ့တာပါလားလို့ပေါ့)။
သမိုင်းမှာ ၀န်းကျင်ဒေသများဖြစ်တဲ့ မဏိပူရတို့၊ ယိုးဒယားတို့ကို အောင်နိုင်သိမ်းပိုက်ခဲ့ဖူး
တဲ့ ရှေးခေတ်မြန်မာ တပ်မတော်ကြီးကလည်း အစဉ်အလာကြီးလေတော့ ဒီနေ့တပ်မတော်ကြီး ဘာ
ခြေလှမ်းတွေလှမ်းခဲ့ပြီး ဘယ်လို အကြံအစည်များနဲ့ ဘာနယ်မြေတွေများ သိမ်းပိုက်ဖို့ လုပ်နေသေး
လဲလို့ တစ်ခါတစ်ခါတွေးပြီး အိမ်နီးချင်းတွေ အတွက်တောင် ပူပန်မိပါတယ်။ မပူပန်ရင် ခံနိုင်ရိုးလား။
အရင်တုန်းက ရာဂဏန်းမျှသာ သင်ကြားထုတ်လုပ်ပေး ခဲ့တဲ့ ဗိုလ်သင်တန်းလို့ လူသိများတဲ့ တပ်မ
တော်အရာရှိသင်တန်းက ဗိုလ်လုပ်နည်းတွေသင်ပြီး ဗိုလ်တွေကိုလေ့ကျင့် မွေးထုတ်ပေးနေရာမှာ
တစ်နှစ်ကို သောင်းဂဏန်းအထိ ထုတ်လုပ်နေကြောင်း မကြာခင်က ဟော်တယ်ကြီးတစ်ခုမှာ လုပ်ခဲ့
တဲ့ ဆွေးနွေးဝိုင်းတစ်ခုမှာ သတင်းစာနဲ့ ဂျာနယ်တွေမှာ ပုံမှန်သတင်းဆောင်းပါးတွေရေးနေတဲ့ ဆရာ
စည်သူ အောင်မြင့်က ပြောပြတာကြားလိုက်ရပါတယ်။ ဒါပေမဲ့ ခုနက အိမ်နီးချင်းနိုင်ငံများအတွက်
ပူပန်တာက မှားနေတယ် ဆိုတာ ဆရာဆက်ပြောတဲ့စကားနဲ့မှ သဘောပေါက်နားလည်ရပါတယ်။
တကယ်တော့ ဗိုလ်ခြေတစ်သောင်းလောက် တစ်နှစ်တစ်နှစ်ထုတ်လုပ်နေတယ်ဆိုတာ ပြည်ပနယ်မြေ
များဆီ ကျူးကျော်သိမ်းပိုက်ဖို့ စိတ်ကူးနေတာမဟုတ်ပဲ ကိုယ်တိုင်းပြည်ထဲမှာပဲ အရပ်သားအုပ်ချုပ်ရေး
နယ်ပယ်ထဲကို ကျူးကျော်သိမ်းပိုက်ဖို့သာ ကြံစည်ပြီး ယခုလည်း တပ်မတော်အရာရှိများကို အရပ်ဖက်
ကို ပြောင်းနေဟာ မကြားချင်မမြင်ချင်မှအဆုံးဖြစ်ကြောင်း သိလာရပါတယ်။
အင်းလေ၊ တကယ်တော့ စစ်ဖက်တပ်ဖက်အရာထမ်းများကို အရပ်ဖက်အုပ်ချုပ်ရေးမှာ
ဝင်ပြီး လုပ်ခိုင်း တယ်ဆိုတာက လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော် ခြောက်ဆယ်က အိမ်စောင့်အစိုးရဆိုတာ
ကြီးလက်ထက်ကတည်းကနေ ယခုထက်တိုင် ရှိနေခဲ့တာမို့ ရောဂါသစ်မဟုတ်ပဲ ကုမရသေးတဲ့အနာ
ဟောင်း၊ တစ်နည်းအားဖြင့် နာတာရှည်ရောဂါ တစ်ခုပဲကိုး။ ဒီရောဂါဆိုးကြောင့် မကျွမ်းကျင်တဲ့ အရာ
ရှိရဲ့ အုပ်ချုပ်မှုခံရသူ ပြည်သူများ၊ အထူးသဖြင့် သက်ဆိုင်ရာ ဌာနက ၀န်ထမ်းများသာ ဒုက္ခရောက်တာ
မဟုတ်ပဲ ကိုယ်ကစားနေကျ ကွင်းမဟုတ်ပဲ နည်းပြကြီး ဇွတ်ခိုင်းလို့ ၀င်ကန်ရတဲ့ တပ်မတော်အရာရှိများ
ခမျာလည်း အတော်ဒုက္ခရောက်ခဲ့ကြပါတယ်။ အဲဒီမှာ "ထညက်(ထန်းလျက်) မျိုးချန်စိုက်ခိုင်းတာတို့၊
စပါးနက်ကို မီးလောင်တဲ့စပါးဆိုပြီး လွှင့်ပစ်ခိုင်းတာတို့၊ ၀ယ်သာ မကောင်းရင် လဲလိုက်ပေါ့ ပြောတာတို့"
လို ဟာသပုံပြင်တွေ ပေါ်လာတော့တာပါပဲ။ တကယ်တော့ တပ်မတော်အရာရှိ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ဗိုလ်ချုပ်၊
ဗိုလ်လုပ်သူတစ်အုပ်တို့ဟာ လူညံ့တွေ၊ လူဆိုးတွေမဟုတ်နိုင်ပါဘူး။ ဒါပေမဲ့ သူတို့ မကျွမ်းကျင်တဲ့အလုပ်၊
သူတို့နားမလည်တဲ့လုပ်ငန်း၊ သူတို့လုံးလုံးမသိတဲ့နယ်ပယ်မှာ စီမံခန့်ခွဲမှုလုပ်ခိုင်းတော့ အများရယ်စရာ
ဘ၀နဲ့ ဟာသဇာတ်လိုက်တွေ ဖြစ်ကုန်ရတာကတော့ တပ်မတော်ကြီးကို တကယ်အားနာဖို့ ကောင်းပါ
တယ်ဗျာ။
ဒီနေရာမှာ ၁၉၆၂လောက်ကတည်းက ယနေ့အထိ အရပ်ဘက် အုပ်ချုပ်ရေးနယ်ပယ်ထဲကို
တပ်အရာရှိမင်းများ ကျူးကျော်ဝင်ရောက် တာဝန်ထမ်းရရာမှာ မြန်မာ့မီးရထားဌာနကြီးမှာလည်း ဒုအ
ထွေထွေမန်နေဂျာ၊ အထွေထွေ မန်နေဂျာ၊ ဦးဆောင်ညွန်ကြားရေးမှူး၊ ဒုဝန်ကြီး၊ ၀န်ကြီးအစရှိသဖြင့်
အုပ်ချုပ်ရေးအရာထမ်းအဆင့်ဆင့်မှာ တပ်အရာရှိမင်းများ ရောက်ရောက်လာတတ်ပါသတဲ့။ အဲဒီထဲမှာ
မီးရထားဌာနကြီးကို နှစ်အတန်ကြာအောင် အုပ်ချုပ်လုပ်ကိုင်သွားတဲ့ တပ်အရာရှိမင်းတစ်ဦးရဲ့တကယ့်
ဖြစ်ရပ်ဟာသပုံပြင်ကို နားထောင်ကြည့်ပါဦး။ အဲဒီအရာရှိမင်းဟာ မီးရထားဌာန
ကိုရောက်ပြီး တစ်နေ့ သူစီးလာတဲ့မီးရထားက ဘူတာကနေတော်တော်နဲ့ မထွက်ပဲဖြစ်နေတော့ ]ဘာဖြစ်
လို့မထွက်တာလဲ}လို့ မေးသတဲ့။ အဲဒီရထားက ဒီဇယ်ခေါင်းဖြစ်ပြီး ဘရိတ်စနစ်က Vacuum Brake လို့
ခေါ်တဲ့ လေဟာနယ်ဖိအားကို သုံးပြီး ရပ်တဲ့စနစ်ဖြစ်ပါတယ်။ 'ဗက်ကရူမ်'လေဖိအား မကောင်းရင် ဘရိတ်
မမိလို့ အဲဒီအနေအထားကို ရထားမောင်းသူများက "ဗက်ကရူမ် မလာဘူး"လို့ သုံးနှုန်းလေ့ရှိပါတယ်။ ဒါပေ
မဲ့ သူတို့ခမြာ အင်္ဂလိပ်စကားကျွမ်းသူများမဟုတ်တော့ အသံထွက်မှားပြီး "၀ါကင်မလာဘူး"လို့ ပြောလေ့ရှိ
ပါသတဲ့။ ဒီတော့ ဗိုလ်မင်းမေးတဲ့အမေးကို တာဝန်ရှိသူတစ်ဦးက "၀ါကင်မလာလို့ပါခင်ဗျ"လို့ဆိုတော့ သူက
"၀ါကင်"ဆိုတာကို ၀န်ထမ်းနာမည်မှတ်သွားပြီး ဒီကောင်မလာလို့ ရထားမထွက်နိုင်တာကိုးလို့ သဘော
ပေါက်သွားတဲ့ အတွက် "အဲဒီဝါကင်ဆိုတဲ့အကောင် အလုပ်ဖြုတ်ပစ်ကွာ"လို့ စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါ
သတဲ့။ ကျန်ပုဂ္ဒိုလ်များ ကလည်း သူမဟာအရှက်တော်ကွဲမယ့်ကိစ္စကြီးကို ဒီလိုမဟုတ်ပါဘူးလို့ ဘယ်ရှင်းပြ
ပါ့မလဲ။ ဒီတော့ "ဟုတ်ကဲ့ခင်ဗျ"ဆိုပြီး သူ့ရှေ့မှာပဲ "ဦးဝါကင်အား အလုပ်မှထုတ်ပယ်လိုက်သည်" ဆိုတဲ့
အမိန့်စာထုတ်ပြန်ပေးရတယ်ဆိုပဲ။
မယုံရင်ပုံပြင်မှတ်ပါပဲခင်ဗျ။ ဇာတ်လမ်းက ဒီလောက်နဲ့မပြီးသေးဘူး။ တစ်နေ့တော့ အဲဒီပုဂ္ဂိုလ်
ကြီးက ရထားစီးပြီး စစ်ဆေးရေးသွားပြန်တဲ့အခါ ဒီတစ်ခါသူစီးတဲ့ရထားက မီးသွေးခေါင်းလို့ ခေါ်ကြတဲ့ ရေ
နွေးငွေ့သုံး အင်ဂျင်စက်ခေါင်းတဲ့။ အဲဒီမှာ ပြဿနာက အရင်ကအိန္ဒိယကကျောက်မီးသွေးတင်သွင်းပြီး
လည်ပတ်ရတဲ့ အင်ဂျင် ဟာ အခုတော့ ကလေးဝကျောက်မီးသွေးအမှုန်များနဲ့ အပူပေးတဲ့အခါ လုံလောက်
တဲ့အပူချိန်နဲ့ပရက်ရှာမရလို့ ရထားမထွက်နိုင်ဘူးပေါ့။ အဲဒီလိုအနေအထားကို ရထားမောင်းသူတွေက
"မီးပေါင်ကျနေတယ်"လို့ ခေါ်ကြပါတယ်။ မီးပေါင်တက်လာမှ ရထားကထွက်လို့ရမှာပါ။ အဲဒီမှာလည်း အဲဒီ
ပုဂ္ဂိုလ်ကြီးက ဘာလို့ရထားမထွက်တာလဲလို့ မေးပြန်လို့ 'မီးပေါင်ကျနေလို့'ဖြစ်ကြောင်း ပြောတဲ့အခါ သူက
"မီးပေါင်ကျတာ မြန်မြန်ပြန်ကောက်ခိုင်းလိုက်ပေါ့ကွ"လို့ ပြောသတဲ့။ အဲဒီတော့လည်း ထုံးစံအတိုင်း သူ့
အရှက်ကွဲမယ့်ကိစ္စဆိုတော့ ပြန်ရှင်းမပြရဲပဲ "ဟေ့၊ မီးပေါင်မြန်မြန် သွားကောက်စမ်း"ဆိုပြီး ရထားနောက်
ဘက် ခပ်လှမ်းလှမ်းကို တစ်ယောက်လွှတ်ပြီး ကောက်ခိုင်းရသတဲ့။ ပြီးတော့ မီးပေါင် မတက်ခင်မှာ ဟိုရှာဒီ
ရှာနဲ့ အချိန်ဆွဲနေရပြီး နောက်မှ မီးပေါင်တက်ပြီလို့ အချက်ပြလိုက်မှ "တွေ့ပြီဆရာ၊ တွေ့ပြီ"ဆို ပြေးလာရ
ပါသတဲ့။ ရှေ့တင်မှာမရယ်ရဲတဲ့ ၀န်ထမ်းအရာထမ်းများက ကွယ်ရာကျ ရယ်ပွဲဖွဲ့ဟာသလုပ် ကြမှာပေါ့ဗျာ။
တပ်မတော်ကြီးကို တကယ်အားနာစရာပါပဲ။
ဒါပေမဲ့ နောင်တော့ ရထားမှာအနေကြာလာတဲ့အခါ ဒီပုဂ္ဂိုလ်ကြီးက အဖြစ်မှန်တွေကိုနားလည်
သွားပြီး "ခင်ဗျားတို့ကျွန်တော်ကို လုပ်ရက်တယ်ဗျာ"လို့ ပြောရှာသတဲ့။ ဒီတော့ "အဘရယ်၊ ကျွန်တော်တို့
အဘကို ဘယ်လိုရှင်းပြ ရဲမှာလဲ၊ ကြောက်လို့ ဒီလိုလုပ်ကြရတာပါ"လို့ တောင်းပန်ကြရပါသတဲ့။ နောင်တော့
ဒီပုဂ္ဂိုလ်က ဒီလိုထပ်အရှက်ကွဲ မခံနိုင်တော့လို့ ရထားကိစ္စအားလုံးကို ထဲထဲဝင်ဝင်လေ့လာသင်ကြားပြီး
ရထားဌာနမှာလည်း အဆင့်ဆင့်ရာထူးများ တက်လို့ နှစ်အတော်ကြာတာဝန်ထမ်းသွားရှာပါသတဲ့။ (အခု
တော့ နောက်ကွင်းအသစ် ကန်နေရရှာပြန်ပြီလား မသိပါဘူးဗျာ) သူ့အကြောင်းပြောရတာဟာ သူညံ့လို့
မဟုတ်ပဲ စနစ်ရဲ့ဒဏ် ကိုခံရပြီး ဇာတ်လိုက်ဝင်လုပ်ရင်းက "လူပြက်"ဖြစ်ရရှာတဲ့ ဗိုလ်မင်းဘဘတစ်ယောက်
အကြောင်း သင်ခန်းစာယူကြ ရအောင် မျှဝေပေးတာပါဗျာ။ လူ တော်တာမတော်တာနဲ့မဆိုင်၊ စနစ်ဆိုး
တစ်ခုရှင်သန်နေသရွေ့တော့ ဦးဝါကင်များအလုပ်ပြုတ်၊ မီးပေါင်လိုက်ရှာ ကောက်ရသူများလည်း ဟန်ပြ
အလုပ်ရှုပ်နေ ဦးမယ်ဆိုတာကို ပြောချင်တာပါ။
အခုလည်း ကြည့်ပါဦး။ နဂိုက ကိုယ့်အလုပ်မဟုတ်လို့ ကျွမ်းကျင်တဲ့နေရာမဟုတ်သော်ငြားလည်း
တပ်မတော် အရာရှိမင်းများဟာ လွှတ်တော်ထဲမှာ တာဝန်ကျေစွာနဲ့ အသေအချာလေ့လာပြီး "ပီအာ"ဆိုတာ
ပြည်မြန်မာနဲ့ မသင့်တော်သေးပါဘူး၊ ဒီဟာကြီးကို မသုံးစွဲသင့်သေးပါဘူးလို့ အမိန့်နဲ့ အာဏာနဲ့ ဇွတ်ကြီး
အဓမ္မကြီးဆိုတာမျိုး ပြောတာမဟုတ်ပဲ အကျိုးနဲ့အကြောင်းနဲ့ နိုင်ငံတကာနဲ့ချီပြီး လေ့လာဆန်းစစ် တင်ပြ
ရှာတာပါဗျာ။ အဲဒါကို အာဏာရပါတီ လူကြီးမင်းများက သူတို့ဦးဆောင်ရေးဆွဲ ပြဋ္ဌာန်းထားတဲ့ အခြေခံ
ဥပဒေကြီးအရ နေရာတလွဲကို ရောက်နေတာတောင် တိုင်းပြည်အတွက် အကောင်းဆုံးလုပ်ပေးချင်တဲ့
စေတနာနဲ့ အိပ်ပျက်ခံ၊ အချိန်ကုန်ခံ (ညကို အိပ်ပျက်တာပြောတာပါနော်၊ နေ့ခင်းမဟုတ်ပါဘူး) ပြီး လေ့လာ
တင်ပြတာတွေကို "ဒုန့်ကဲ"လုပ်လိုက်တာကတော့ ရက်စက်လွန်းတယ် ထင်မိတာပါပဲ။
အင်း၊ ကျွန်တော်ကတော့ စနစ်ဆိုးတွေကြောင့် မကြာခဏအရှက်ကွဲကွဲနေတဲ့ ကျွန်တော်တို့
အချစ်တော်ကြီးကိုတကယ်ကြီးကိုအားနာနေမိတာပါပဲဗျာ။