ဘာသာရေး ၊ လူမျိုးရေး အဓိကရုဏ်း အမုန်းတရား၊ အကြမ်းဖက်မှုများ ဖြစ်ပွားအောင် လှုံ့ဆော် ရေးသား နေသော ဖေ့ဘွတ်ခ် စာမျက်နှာပေါ်သာသနာဝန်ထမ်း နံမည်ဖြင့် ပရိုဖိုင်များ၊ နိုင်ငံရေး ပါတီ ခေါင်းဆောင် ပရိုဖိုင်ဖြင့် လူများ၊ မျိုးချစ် အမည်ခံ ပရိုဖိုင်ပိုင်ရှင်များကို တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်မှုများကြောင့် .........
အီလက်ထရောနစ် အက်ဥပဒေ ဆိုသည်ဖြင့်အရေးမယူ သေးသော်လည်း ........................
ယခုတိုင် အင်းစိန်ထောင်ထဲတွင် အကျဉ်းကျနေသော DSA ၄၄ အင်တိတ်မှ ဆင်းသော တပ်မတော် (လေ) မှ လေသူရဲ ဗိုလ်မှူးချစ်ကို အား အီလက်ထရောနစ် အက်ဥပဒေဖြင့် နှစ်ရှည် ထောင်ဒါဏ်များချမှတ်ထားခြင်းကို ခံနေရဆဲဖြစ်သည်။
ဗိုလ်မှူးချစ်ကို အား အီလက်ထရောနစ် အက်ဥပဒေဖြင့် အရေးယူခဲ့ရသည့် အကြောင်းမှာ အဆိုပါ လေသူရဲ ဗိုလ်မှူးသည် အင်တာနက် အီးမေးလ်ဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ သမဂ္ဂ ILO သို့ တပ်မတော်မှ နှုတ်ထွက်ခွင့် နှင့် ပတ်သက်ပြီး သူသိလိုသည့် နိုင်ငံတကာ အလုပ်သမား ရပိုင်ခွင့် စည်းမျဉ်းစည်းကမ်းများ အကြောင်းကို မေးမြန်းသည့် အီးမေးလ် တစောင်ကို ပို့မိသောကြောင့်ဖြစ်ပါသည်။
လက်ရှိ ထောင်ထဲတွင် အကျဉ်ချခံထားရသည့် အဆိုပါ နိုင်ငံသားများကို အမြန်ဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း မပြုပါက ယနေ့ အုပ်ချုပ်ရေး အစိုးရအဖွဲ့ ၏ ရပ်တည်ချက်ကို ပြည်သူများက ဆန်းစစ် ဝေဖန် အကဲဖြတ်ကြမည်ဖြစ်ပါသည်။
အစိုးရမှ လိုသောသူသည် မည်သည့် ဥပဒေကို မဆို ဖေါက်ဖျက် ကျူးလွန်ခွင့်ရှိပြီး အစိုးရ မလိုသောသူ ကိုသာလျှင် အရေးယူ ထောင်ချသည့် ဥပဒေဖြစ်နေမည် ဟု မြန်မာ နိုင်ငံသားတို့က ယူဆရမည်သာဖြစ်ပါသည်။
လက်ရှိ အကျဉ်းထောင်ထဲတွင် အကျဉ်းကျခံနေရဆဲဖြစ်သော ယုံကြည်ချက်ကြောင့် ရပ်တည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော်၊ ဗိုလ်ကြီးနေလင်းဒွေး။ ဗိုလ်မှူးမင်းသိန်းထွန်း၊ ဗိုလ်မှူးချစ်ကို အပါအ၀င် ထောင်ကျခံနေရဆဲဖြစ်သည့် မြန်မာ့ တပ်မတော်မှ စစ်သည်အရာရှိ အကျဉ်းစံအားလုံး။
ကိုကဲအီ ( ထောင်ထဲတွင် ဆယ်စုနှစ် နီးပါး ကျခံနေရဆဲဖြစ်သော KNPP ခွဲထွက် ငြိမ်းချမ်းရေး တပ်ဖွဲ့မှ တိုင်းရင်းသားတဦး) ၊ ကိုစောတင်ဝင်း ( KNU နှင့် ပတ်သက်ခဲ့သည်ဆိုကာ ထောင်ထဲတွင် ကိုးနှစ် နီးပါးအကျဉ်းကျခံနေရသူတဦး) ကိုစောဂေးသမူး ( KNU တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့မှုကြောင့် ထောင်ထဲတွင် ကိုးနှစ်နီးပါးမျှ အကျဉ်းချခံနေရသူတဦး) စသည်တို့ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်ခဲ့မှုကြောင့် စနစ်ဟောင်း ၏ ဖမ်းဆီး အကျဉ်းချခံနေရသော တိုင်းရင်းသား အကျဉ်းသားများ အားလုံး တို့ အမြန်ဆုံးပြန်လည် လွတ်မြောက်လာပါစေ ဆုတောင်းရင်း တရားသော ဥပဒေ ကြီးအဖြစ် ကျောသား ရင်သား မခွဲခြားသော ဥပဒေစိုးမိုးမှုကို တည်ဆောက်နိုင်မည့် အစိုးရ တရပ်ကို မျှော်လင့်နေမိပါသည်။
နေမျိုးဇင်
ပြည်သူ့ ဘက်တော်သား...