လူနည်းစုအကျိုးစီးပွားအတွက်ပါ ပိုမိုကိုယ်စားပြုမှုပေးနိုင်သည်ဆိုသော အချိုးကျကိုယ်စားပြု ရွေးကောက်ပုံစနစ် PR (Proportional Representative) စနစ်ကို ကျင့်သုံးနိုင်ရန် လှုပ်ရှားမှု လုပ်လာကြသည်မှာ အန္တရာယ်ကြီးလွန်းလှသော နိုင်ငံရေးခြေလှမ်းဖြစ်သည်။ အကယ်၍များ ၂၀၁၅ ခုနှစ် မြန်မာ့ရွေးကောက်ပွဲတွင် PR ကိုကျင့်သုံးလျှင် နိုင်ငံရေးအရ နောက်ကြောင်းပြန်ခြင်းပင် ဖြစ်တော့သည်။
စစ်အုပ်ချုပ်ရေးပုံစံတုန်းကကဲ့သို့ပင် ” ငါနှင့်မတူ ငါ့ရန်သူ၊ အပြတ်သာရှင်း” ပုံစံသွတ်သွင်း၊ တိုင်းပြည်အတွက် မတည်ငြိမ်မှုများဖိတ်ခေါ်ပြီး သံသရာဆိုးတွင် တ၀ဲလည်နေအောင် ဖန်တီးနေသလိုပင် ဖြစ်လိမ့်မည်။
တကယ်တော့ မြန်မာနိုင်ငံတွင် လက်ရှိ ရွေးကောက်ပွဲစနစ်ဖြစ်သော FPTP (First Past the Post) အရပင် အာဏာရပါတီ ကြံ့ခိုင်ဖွံ့ဖြိုးရေးအနေဖြင့် အသာစီးမှ ပြိုင်နေရခြင်းဖြစ်သည်။ (ဒီစနစ်ကို ပထမဆုတစ်ဆုထဲကိုသာ မဲပေးသော စနစ်ဟု ဆိုချင်သည်။) မဟာဗျူဟာ မဟာမိတ်ဖြစ်သော တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလွှတ်တော်ထဲတွင် ရှိနေသောကြောင့်ဖြစ်သည်။
ကြံ့ခိုင်ရေးအတွက် လိုအပ်သောမဲများအတွက်
(၁) သမတ ဦးသိန်းစိန်ကဲ့သို့ ကြံ့ခိုင်ရေးခေါင်းဆောင်ပိုင်းအချို့၏ ထင်ပေါ်ကျော်ကြားမှု
(၂) ဘဏ္ဍာအရင်းအမြစ် အသုံးပြုနိုင်ခြင်း
(၃) အာဏာရှိခြင်း
(၄) အတိုင်းအတာတစ်ခုထိ စုစည်းမှုရှိသော နိုင်ငံရေးပါတီဖြစ်ခြင်း
(၅) ရုပ်သံမီဒီယာကို ထိန်းချုပ်ထားခြင်း
(၅) မဟာမိတ်ပါတီငယ်များ ရနိုင်ခြင်းတို့ ကြောင့်ဖြစ်သည်။
ဒါကိုမှ မဲအရေအတွက် အထိုက်အလျောက်မရနိုင်ခြင်း (၀ါ) အနိမ့်ဆုံး လွှတ်တော်အတွင်း အဓိက အတိုက်အခံမဖြစ်နိုင်လျှင် သုံးစားမရအောင် ညံ့လွန်းချာလွန်းလို့သာဖြစ်သည်။
PR စနစ်
PR စနစ်သည် ဆုမဲအများ ချီးမြှင့်သည်နှင့်တူသည်။ PR အောက်မှ တစ်ချို့မူဆိုလျှင် ”ဗလာမပါ ကံစမ်းမဲ” နဲ့တောင် တူသေးသည်။
PR စနစ်အရ မဲဆန္ဒနယ်ပြန်လည်သတ်မှတ်ရန် လိုလာသည်။ မဲဆန္ဒနယ်သတ်မှတ်မှုအလိုက် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် သတ်မှတ်မှုလည်း ပြောင်းလဲလာမည်။ မဲဆန္ဒနယ်ကြီးလေ ပို၍ကိုယ်စားပြုမှုများလေဖြစ်သည်။
ဥပမာ (၁) မဲဆန္ဒနယ် တွင် လွှတ်တော်ကိုယ်စားလှယ်ခွဲတမ်း (၈) နေရာရှိသည်ဆိုပါစို့။ (ဒီမှာလည်း တစ်ပါတီခြင်းအလိုက်၊ ညွှန့်ပေါင်းပါတီများအစုအလိုက် အနိမ့်ဆုံးရရှိရမည့် မဲအရေအတွက်ကို သတ်မှတ်ထားခြင်းများရှိသလို မသတ်မှတ်မှုများလည်းရှိသည်။ ဒါကိုပင် နှစ်ထပ်၊ သုံးထပ်ပြိုင် ဇကာစစ်ချဒါလည်း ရှိသေးသည်။ အနိမ်ဆုံးမဲသတ်မှတ်ချက်အစစ်ကလည်း ပါတီကြီးများ မဲဘယ်လောက်ရသလဲဆိုတာပေါ် မူတည်ပြန်သေးသည်။)
ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ A, B, C, D ရှိကာ မဲအရေအတွက် (၁) သိန်းမှသည် (၂) သောင်းအထိ အသီးသီးရရှိလျှင်
ကိုယ်စားပြုအချိုးအမှန် = ရရှိသော မဲအရေအတွက် X ကိုယ်စားလှယ်ခွဲတမ်း
စုစုပေါင်းမဲအရေအတွက်
အမည် မဲအရေအတွက် ကိုယ်စားပြုအချိုးအမှန် ရရှိသော ကိုယ်စားလှယ်
ပါတီ A ၁၀၀၀၀၀ ၃.၄၈ ၎
ပါတီ B ၈၀၀၀၀ ၂.၇၈ ၃
ပါတီ C ၃၀၀၀၀ ၁.၀၄ ၁
ပါတီ D ၂၀၀၀၀ ၀.၇၀
Party-List Proportional Representative စနစ်အောက်မှာ နည်းနာကွဲတွေရှိပါတယ်။ D'Hondt method အရဆိုရင် Close Party List နှင့် Open Party List သို့မဟုတ် District List ပုံစံဟူ၍ကွဲပြားသည်။
Close Party List အရ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ပါတီများက ရွေးချယ်ပေးခြင်းဖြစ်သည်။ ဥပမာ- ကိုယ်စားလှယ် (၈) နေရာသတ်မှတ်သော မဲဆန္ဒနယ်အတွက် ပါတီအသီးသီးက မိမိကိုယ်စားလှယ် (၈) ဦးစီကို အစဉ်လိုက်ပြုစုပေးလိုက်ခြင်းဖြစ်သည်။ ဆန္ဒမဲပေးသူအနေဖြင့် ကိုယ်စားလှယ်လောင်းထက် ပါတီကိုအဓိကရွေးချယ်မဲပေးသည့် သဘောသက်ရောက်သည်။ ပါတီထိပ်ပိုင်းခေါင်းဆောင်များက သဘောကြရွေးချယ်ခြင်း၊ နီးစပ်ခြင်းတို့က အမတ်ဖြစ်နိုင်သဖြင့် မဲဆန္ဒနယ်ထက် ပါတီခေါင်းဆောင်များက ပိုအရေးပါလာသည်။
Open Party List တွင် ပါတီအလိုက် အဆိုပြုထားသော ကိုယ်စားလှယ်လောင်းများအနက်မှ မဲဆန္ဒရှင်က မိမိဦးစားပေးအစဉ်အလိုက် အမည်စာရင်းပါ စီစဉ်ပေးရခြင်းဖြစ်သည်။ ပါတီထိပ်ပိုင်းခေါင်းဆောင်များချုပ်ကိုင်မှုကိုလျော့ရန် ဆန္ဒမဲပေးသူဘက်နှင့် ချိန်ညှိခြင်းဖြစ်သည်။ သို့သော် ဆန္ဒမဲပေးသူအနေဖြင့် မိမိမဲဆန္ဒနယ်၏ ကိုယ်စားလှယ်လောင်းများအားလုံးအကြောင်းကို သိထားမှသာ ဆီလျော်သော ရွေးချယ်မှု လုပ်နိုင်မှာဖြစ်သည်။
ဒီမှာမှ Quota စနစ်ကျင့်သုံးလျှင် အနိမ့်ဆုံးသတ်မှတ် အရေအတွက်မဲကျော်လွန်ရရှိလာသော ကိုယ်စားလှယ်လောင်းအနေနဲ့ မိမိမဲတွေကို တစ်ခြားကိုယ်စားလှယ်လောင်းကို လွှဲပြောင်းပေးပိုင်ခွင့်ရှိပါတယ်။
၂၀၁၅ မြန်မာပြည်တွင် ဘာကြောင့် PR စနစ် မကျင့်သုံးသင့်တာလဲ
တပ်မတော်သား ၂၅ ရာခိုင်နှုန်းသည် PR မဟုတ်။ ပါတီငယ်များပင်ဖြစ်လင့်ကစား အမတ်နေရာရနိုင်သည့်အတွက် ပါတီငယ်များထူထောင်ရန် အားပေးသလိုဖြစ်နေသည်။ ”အလုပ်မရှိ ပါတီထောင်” ဟူ၍ ဖြစ်လာလိမ့်မည်။ ညီညွတ်မှုအားနည်းသော လူ့အဖွဲ့အစည်းအတွက် အကွဲကွဲအပြားပြား ပိုမိုဖြစ်ထွန်းအောင် မီးထိုးပေးသလိုဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုများကို ပိုမိုနစ်နာနိုင်စေသည်။ PR သည် မူအရ လူနည်းစုအကျိုးစီးပွား ကိုယ်စားပြုမှုပိုနိုင်သည်ဆိုသော်ငြားလည်း တစ်စုတစ်ဝေးထဲစုစည်းနေထိုင်မှု အများစုဖြစ်သော မြန်မာပြည်ရှိ တိုင်းရင်းသားများအတွက် အကျိုးလျော့နည်းစေခြင်းသာလျှင် ဖြစ်လိမ့်မည်။ ဘာသာရေးကိုဇောင်းပေးသော နိုင်ငံရေးပါတီများ ပေါ်ထွက်လာနိုင်သည်။ ပါတီများ၊ မဲများကို ငွေပေးဝယ်ခြင်း ပိုလွယ်ကူအောင် ဖန်တီးပေးသလိုဖြစ်သည်။ ရွေးကောက်ပွဲနှင့်ပတ်သက်သော ကုန်ကျစားရိတ် ပိုကုန်လိမ့်မည်။
စိန်ဝင်း
ဇူလိုင် ၉ ရက်၊ ၂၀၁၄ ခုနှစ်