၁၉၉၇ ခုနှစ် မှ ၂၀၀၀ ပြည့်နှစ်များအကြား မြန်မာ့နိုင်ငံရေးကို တက်ကြွလှုပ်ရှားခဲ့သဖြင့် မြန်မာနိုင်ငံထောင်များတွင် သုံးကြိမ်တိုင် ဖမ်းဆီးထောင်ချခံခဲ့ရသူ ဗြိတိန်နိုင်ငံသား James Mawdsley သည် ယနေ့ မွန်းလွဲ ၁၂း ၁၅ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံးသို့ ရောက်ရှိလာရာ မင်းကိုနိုင်၊ အံ့ဘွယ်ကျော် နှင့် ပဏ္ဍိတ်ထွန်းတို့က လက်ခံတွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံကြရာတွင် တစ်ချိန်တစ်ခါက မြန်မာနိုင်ငံ အကျဉ်းထောင်များအကြောင်း၊ အနာဂတ်မြန်မာနိုင်ငံ၏ လူမှုရေး၊ ယဉ်ကျေးမှုတို့နှင့် ပတ်သက်ပြီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် မင်းကိုနိုင်က ရင်းနှီးမှု အမှတ်တရအဖြစ် ပန်းချီကားကို James Mawdsley အား ပေးအပ်ခဲ့သည်။
James Mawdsley သည် ယခင်က မြန်မာ့နိုင်ငံရေးအတွက် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ခဲ့ပြီး ယနေ့အချိန်တွင် ရိုမန်ကက်သလစ် ဘုန်းတော်ကြီးအဖြစ်ကို ခံယူရန် ဂျာမဏီနိုင်ငံ၌ ခရစ်ယာန်ဘုန်းတော်ကြီးသင်တန်းကျောင်း တက်နေသူတစ်ဦးဖြစ်သည်။ သူသည် ၁၉၉၇ ခုနှစ် မှ ၂၀၀၀ ပြည့်နှစ်များအတွင်းက မြန်မာ့နိုင်ငံရေးကို တက်ကြွလှုပ်ရှားသဖြင့် မော်လမြိုင်အကျဉ်းထောင်တွင် (၇) ရက်၊ အင်းစိန်အကျဉ်းထောင်တွင် (၃) လ နှင့် ကျိုင်းတုံအကျဉ်းထောင်တွင် (၁၄) လ အကျဉ်းကျခံခဲ့ရသူ ဖြစ်သည်။
The 88 Generation Peace and Open Society