ဂျပန်သည် စမတ်ဖုန်းနှင့်ပတ်သက်လျှင် နောက်ကျမှ စခဲ့သော နိုင်ငံဟုဆို နိုင်သည်။ အခြားနိုင်ငံ များတွင် အိုင်ဖုန်း အန်းဒရွိုက် ဖုန်းများ အတော်တွင်ကျယ်စွာ သုံးလာချိန် ထိတိုင် ဂျပန်နိုင်ငံ တွင်ကား ပြည်တွင်း ဆက်သွယ်ရေးလုပ်ငန်းများထံက ၀ယ်ယူနိုင်သော သမားရိုးကျ ဖုန်းများကိုသာ အသုံးများနေကြဆဲ ဖြစ်သည်။ ဂျပန်ကား အထ နှေးပေမယ့် အလှမ်းသွက်သော နိုင်ငံဖြစ်သည်။ ယခုအခါ ဂျပန်နိုင်ငံသား ထက်ဝက်ကျော် စမတ် ဖုန်း ကိုင်နေကြပြီ။ တိုကျိုမြို့ကြီးကား ကမ္ဘာ့ လူဦးရေ အများဆုံးမြို့ကြီး တစ်မြို့ ဖြစ်သည်။ မြို့ထဲ ဘယ်နေရာ ကြည့်ကြည့် ခေါင်းမဖော်တမ်း ဖုန်းကြည့်ပြီး လမ်းလျှောက်နေ သူများကို မြင်နိုင်သည်။ အထူးသဖြင့် တိုကျိုမြို့ကြီး၏ လမ်းဆုံလမ်းခွ များသည် နာမည်ကြီးသည်။ အဓိက လမ်းဆုံလမ်းခွကြီးများတွင် မိနစ်ပိုင်း အတွင်း လူရာနဲ့ ထောင်နဲ့ချီ လမ်းဖြတ်ကူး နေကြသည်။ စမတ်ဖုန်းများ မတွင် ကျယ်ခင်က လမ်းကြည့် ကူးကြချိန် လူ ဘယ်လောက် များများ လူအုပ်ကြီး ၀င်တိုက်မှာ စိတ်မပူရ။ ယခု စမတ်ဖုန်းခေတ် တွင်ကား လမ်းကူးလျှင်ပင် ဖုန်းကြည့်ပြီး ကူးကြ သဖြင့် တစ်ဖက်နှင့် တစ်ဖက် ဖြတ်ကူးသော လူအုပ်ကြီးချင်းချင်း တိုးတိုက်မိမှာ စိတ်ပူလာရသည်။ မြို့ထဲတွင်လည်း ဖုန်းကြည့်ပြီး လမ်းသွားကြ သဖြင့် လူချင်း တိုက်မိမှာ၊ ယာဉ်နဲ့ တိုက်မိမှာ စိတ်ပူ လာရသည်။ လမ်းကူးလျှင် ဖုန်းကြည့် မကူးဖို့ သတိပေးစကားပြော နေရသည်။
တိုကျိုက ရှီဘူရာ လမ်းဆုံလမ်းခွသည် ကမ္ဘာကျော်သည်။ သောကြာနေ့ မနက် (၅) နာရီ ကတည်းက စာရေးသူသည် ရှီဘူရာကို အပေါ်စီးက မြင်နိုင်သည့် ကော်ဖီဆိုင်ကို ရောက်နေသည်။ ရှီဘူရာကို ကြည့်ချင်၍ ဖြစ်၏။ ရှီဘူရာ၏ ဆုံမှတ် (၈) ခုမှ လူအုပ်ကြီးသည် တစ်ဖက်မှ တစ်ဖက်ကို ဖြတ် ကူးလျက်ရှိသည်။ နှစ်မိနစ်တိုင်း လူတစ်ထောင်ကျော် ဟိုဘက်ဒီဘက် ဖြတ်ကူးလျက်ရှိကြသည်။ ရှီဘူရာတွင် တိုကျိုမြို့ကြီး၏ ဖက်ရှင်ကိုလည်း မြင်နိုင် သည်။ စမတ်ကျကျ ၀တ်စားထားသော ရုံးဝန်ထမ်းများ၊ ဖက်ရှင်ကျသော ဆယ်ကျော်သက်များကို မြင်နိုင်သည်။ ရှီဘူရာ လမ်းဆုံ လမ်းခွ ဆုံမှတ် ရှစ်ခုမှ လမ်းဖြတ်ကူးမည့်သူ ထောင်ဂဏန်းသည် လမ်းကူးရန် အချက်ပေးလိုက်သည်နှင့် တစ်ဖက်တစ်ချက် မျက်နှာချင်းဆိုင်မှ လူအုပ်ကြီး ရွေ့လျားသည်။ လမ်းလယ်တွင် လူအုပ်ကြီး ၀င်တိုးမိသည်။ လူတွေ တစ်ယောက်နဲ့ တစ်ယောက် ပွတ်ကာသီကာ ရှောင်ရှားသွား ကြသည်။ ပြီးလျှင် တစ်ဖက်သို့ ရောက် သွားကြသည်။ အပေါ်စီးမှကြည့်လျှင် ထိုအခြင်းအရာကို ကောင်းစွာ မြင်ရသည်။
ပင်လယ်တမျှ လူအုပ်ကြီးလမ်းလယ်တွင် မျက်နှာချင်းဆိုင် တိုးမိပြီး ပြိုကျသွားမှာပင် စိုးရိမ်ရသည်။ သို့သော် လူများကွေ့ကာ ရှောင်ကာ ပတ် ကာဖြင့် တစ်ယောက်နဲ့တစ်ယောက် ရှောင်ရှားသွားကြသည်။ အကသမားများ တစ်ယောက်နဲ့ တစ်ယောက် ပွတ်ကာသီကာ လှုပ်ရှားပြီး ကကွက်ဖော်သွား သည့် အလားရှိသည်။ တစ်ဖက်ခြမ်းသို့ အားလုံး အန္တရာယ်ကင်းကင်း ရောက်သွားကြသည်။ ရှီဘူရာသည် ဂျပန်နိုင်ငံသားတို့၏ စည်းချက် ညီမှုကို ပြသ ရာနေရာဟု တင်စားလိုကလည်း တင်စားနိုင်သည်။ များပြားလှစွာသော တစ်ဦးချင်း လူသားများ ပူးပေါင်းအားဖြင့် ကောင်းမွန်သော ဘုံရည်မှန်းချက် တစ် ခုကို ဖော်ဆောင်ကြသည့် ဂျပန်နိုင်ငံသားတို့၏ ဂုဏ်ရည်တစ်ခု။
ရှီဘူရာကို အပေါ်စီးက မြင်ရသော ကော်ဖီဆိုင်ကို စာရေးသူ မနက်စောစော စီးစီးလာပြီး ကြည့်ခြင်းမှာ အထက်ပါ ဂျပန်လူမျိုးတို့၏ ဂုဏ်ရည် များကို တွေးတောဖို့ချည်း မဟုတ်။ နောက်ရည်မှန်းချက် တစ်ခုရှိသေးသည်။ လူအုပ်ကြီး တိုးတိုက်ပြိုလဲကြမလား စောင့်ကြည့်ဖို့ ဖြစ်သည်။ စီးပွားရေး သမားများ ရှီဘူရာ လမ်းကူးမှာ ၀င်တိုက်ပြီး နောက်ပြန်လဲကျတာကို စာရေးသူ မြင်လိုသည်။ လက်ကားယား ခြေကားယားတွေ ဖြစ်ကုန်မည်။ ကိုင်ထား တဲ့ ထီးတွေ လွင့်ထွက် ကုန်မည်။ ကျောင်းဝတ်စုံနဲ့ ချစ်စရာ ကလေးလေးနဲ့ အဘွားအို တစ်ယောက်နဲ့ ၀င်တိုက်မိတာ ကိုလည်း စာရေးသူ မြင်လိုသည်။ ထိုမြင်ကွင်းမျိုး လွန်ခဲ့သည့် တစ်နှစ်လောက်ကတည်းက စာရေးသူ ကြည့်ခွင့်ရခဲ့ သော်လည်း ဘာလို့ခုမှ တမင်စောင့်ကြည့်ချင်ရ သနည်းဟု မေးစရာရှိ သည်။ အဖြေကား စမတ်ဖုန်းဖြစ်၏။
ဂျပန်မှာ စမတ်ဖုန်း အသုံးက ပေါက်ကွဲသည့် အရှိန်ဖြင့် မြင့်တက်လာသည်။ ၂၀၁၂ မှာ ဂျပန်နိုင်ငံသား လေးပုံတစ်ပုံသာ စမတ်ဖုန်း သုံးကြ သည်။ အများစုကြီးကား ယခင်ကတည်းက သုံးလာခဲ့သော သမားရိုးကျဖုန်းများနဲ့ သာ ပျော်မွေ့ခဲ့ကြသည်။ တစ်နှစ်လောက် အတွင်းမှာပင် စမတ်သုံး သူက နိုင်ငံသား ထက်ဝက်ကျော်ထိ ရှိလာသည်။ ကမ္ဘာ့ အမြန်ဆုံး တိုးနှုန်းဟုပင် ဆိုနိုင်သည်။ စမတ်ဖုန်း၏ အသုံးဝင်ပုံကို ဂျပန် နိုင်ငံသားများ သိလာကြ ပြီ။ စမတ်ဖုန်းသုံးပြီး သတင်းစာဖတ်နိုင်သည်။ ကမ္ဘာကျော်သည့် ဂျပန် မန်ဂါကာတွန်းတွေကို ယခင်ဖုန်းများမှာလို မျက်လုံးပြုးပြဲစရာမလိုဘဲ အဆင်ပြေစွာ ဖတ်ရှုနိုင်ကြပြီ။
စမတ်ဖုန်း အသုံးတွင်ကျယ်လာသည်နှင့် အမျှ ထပ်တိုးတွင်ကျယ် လာသော လူမှုပုံစံသစ်ကား ဖုန်းကြည့် လမ်းလျှောက် ပုံစံသစ်ဖြစ်သည်။ ဖုန်းကိုကြည့်၊ ရှေ့လူ တိုက်မိမှာစိုးလို့ လက်တစ်ဖက်က ခပ်ကာကာ အနေအထား ရှေ့ကိုနည်းနည်း ဆန့်ထားသည်။ ဇွန်ဘီ သူရဲများ လူရှာနေသလို ရှိ သည်။ သုတေသနပြုထားချက်များအရ ဖုန်းကြည့် လမ်းလျှောက်သည့်အခါ တိုက်မိမှာ စိုးရိမ်စိတ်ကြောင့် ပုံမှန်ထက် လမ်းလျှောက် နှေးသွားကြသည်။ မြင်ကွင်းကလည်း ကျဉ်းသွားသည်။ ဖုန်းကြည့် လမ်းလျှောက်သည့် အခါ ပုံမှန်မြင်နေရသည့် မြင်ကွင်း၏ (၅) ရာခိုင်နှုန်းကိုသာ မြင်ရတော့ရာ ဘေးဘီက ၀င်လာနိုင်သော အန္တရာယ်များကို ရှောင်ကွင်း နိုင်နှုန်းလည်း သိသာစွာ ကျဆင်းသွားကြောင်း သိရသည်။ ရှီဘူရာကို ဖုန်းကြည့် ဖြတ်ကူးသူများ မည်သို့ ဖြစ်နိုင်သည်ကို လေ့လာထားတာ တစ်ခုရှိသည်။
ဂျပန် ဆက်သွယ်ရေးကုမ္ပဏီကြီး NTT Docomoက သုတေသနတစ်ခု လုပ်သည်။ ရှီဘူရာကို ဖြတ်ကူးသူတိုင်း ဖုန်းကြည့် ဖြတ်ကူးကြလျှင် ဘာဖြစ်မည် နည်းဟူ၍ ဖြစ်သည်။ ရှီဘူရာ ပုံစံငယ်တစ်ခု လက်တွေ့လုပ်ကြည့်ပြီး လူများကို လက်တွေ့ ဖြတ်ကူးစေသည်။ လူတိုင်း ဖုန်းကြည့် ဖြတ်ကူး ကြမည် ဆိုပါက လူအုပ်ကြီး တစ်ခေါက် လမ်းဖြတ်ကူးတိုင်း တစ်ယောက်နဲ့တစ်ယောက် ၀င်တိုက်နှုန်း အကြိမ် (၄၀၀) လောက်ဖြစ်မည်။ ဖြတ်ကူးသူများ ၏ (၃၆) ရာခိုင်နှုန်းသာ လမ်းတစ်ဖက်ခြမ်းသို့ ရောက်မည်ဟု တွေ့ရသည်။ ထိုအတိုင်း သာဆိုပါက စည်းချက်ညီသော ဂျပန် လူမှု အဖွဲ့ အစည်းသည် ဖုန်းကြည့် လမ်းလျှောက်ခြင်းကြောင့် စည်းချက်မညီ ဖြစ်သွားမည်ဟု စစ်တမ်းအရ မြင်နိုင်သည်။
ဖုန်းကြည့် လမ်းလျှောက် ပုံစံသည် တာရှည် စွဲမြဲနေမည့် ပြဿနာကြီး တစ်ရပ်တော့ မဟုတ်။ ဂျပန်နိုင်ငံသည် ဖုန်းယဉ်ကျေးမှု အဆင့်မြင့်မား သော နိုင်ငံလည်း ဖြစ်သည်။ ရထားပေါ်မှာ ဖုန်းအကျယ်ကြီး ပြောသည့်လူက ခပ်ရှားရှား။ ဆယ်ကျော်သက် လူငယ်များသည်ပင် လူအများကြားမှာ ဖုန်းနဲ့ သီချင်းကျယ်ကျယ်ဖွင့် တာမျိုးက ကြုံ တောင့်ကြုံခဲ ဖြစ်သည်။ သုတေသန အတိုင်း တစ်ကယ်ဖြစ်လာ ပြီဆိုလျှင်ပင် ရှီဘူရာမှာ ယာဉ်ထိန်းရဲ တွေရောက် လာမည်။ ဖုန်းကြည့် လမ်းကူးသူတွေ ခေါင်းမော့ လမ်းကူးကြဖို့ ယာဉ်ထိန်းရဲတွေ သတိပေးအော်ဟစ်ကြလိမ့်မည်။ ဖုန်းကြည့် လမ်းလျှောက်ရင် ဘာဖြစ် မလဲ ကိုယ်တိုင်သိ ရအောင် စာရေးသူ ကော်ဖီဆိုင်က ဆင်းပြီး ရှီဘူရာလမ်းဆုံကို လျှောက်သည်။ လမ်းကူးနေသည့် တစ်ချိန်လုံး အီးမေး တစ်စောင် ရိုက်ရင်း လမ်းကူးမည်။ လုံးဝ မော့မကြည့်ဟု ကိုယ့်ကိုယ်ကိုယ် ကတိပေးလိုက်သည်။ လမ်းကူးဖို့ မီးစိမ်းပြပြီ။ စာရိုက်ပြီး လမ်းစကူးပြီ။
လမ်းပေါ် ခြေချမိသည်နှင့် အတွေ့အကြုံက ချာချာလည်သည်။ ဖုန်းကြည့် လမ်းလျှောက်နေသော စာရေးသူ မြင်ကွင်းထဲမှာ ခြေထောက်တွေ ၀င်လိုက် ထွက်လိုက် ဖြစ်နေသည်။ ရှောပင်းထွက်သည့် အိတ်တွေက စာရေးသူ မျက်နှာဆီ ၀င်လာသည်၊ ရိုက်လုရိုက် ခင်လေးကျမှ ရုတ်ခနဲ ဖယ်သွား သည်။ တစ်ချက်မဟုတ် တစ်ချက်တော့ တိုက်မိ၊ ရိုက်မိတော့မည်ဟု စာရေးသူ စိတ်လေးနေသည်။ စက္ကန့် အနည်းငယ်ကြာတော့ စိတ်ပေါ့ သွားသည်။ စာရေးသူကို သူများတွေ ရှောင်ကွင်း သွားကြသည်။ စာရေးသူလိုလူ နှစ်ယောက်နဲ့ တွေ့သည်။ ခြေထောက်များကိုသာ မြင်ရခြင်း ဖြစ်၏။ လူချင်းဆိုင်မိ တော့ စာရေးသူ ဘယ်ရှောင်၊ ထိုနှစ်ယောက် ခြေထောက်တွေလည်း ဘယ်ရှောင်၊ စာရေးသူ ညာရှောင်၊ သူတို့လည်း ညာရှောင် ဖြစ်နေသည်။ မတတ်နိုင် တော့ ကိုယ့်ကတိ ကိုယ်ဖျက်ပြီး မော့ကြည့်ရတော့သည်။
စာရေးသူလို ဖုန်းကြည့် လမ်းကူးသည့် ပေါချာချာ နှစ်ယောက်ကို မြင်ရမည်ဟု မှန်းထားလိုက်သည်။ သို့သော် လက်ချင်းမဖြုတ်နိုင်အောင် မခွဲ နိုင် မခွာရက်ဖြစ်နေသော သမီးရည်းစား စုံတွဲကိုသာ မြင်ရသည်။ နှစ်ယောက်သား လက်တွဲ မဖြုတ်ဘဲ စာရေးသူကို တူတူ ရှောင်ကွင်းနိုင်အောင် ကြိုးပမ်း နေကြသည်။
ကောင်မလေးက စာရေးသူကို မကျေမချမ်း မျက်နှာနဲ့ ကြည့်သည်။ စာရေးသူကြောင့် သူတို့ ချစ်သူနှစ်ဦး လက်တွဲဖြုတ်ကာ စာရေးသူကို ရှောင်ကွင်း ရတော့မည့် အခြေအနေမျိုး ဆိုက်လာခြင်းကို ကောင်မလေး မကျေမနပ် ဖြစ်နေသည်။ လက်တွဲထားသော သူတို့နှစ်ဦးသားကို စာရေးသူ တောင်းပန်ပြီး စာရေးသူပဲ သူတို့ကို ပတ်ရှောင်ပြီး လမ်းဆက်ကူးလာသည်။ စာရေးသူ ပတ်ရှောင်ကာ လျှောက်လာစဉ် ကောင်မလေးက စာရေးသူကို ဖုန်းသူရဲ ပေါချာချာ တစ်ယောက်အဖြစ် မကျေမချမ်း ကြည့်လိုက်သည့် အကြည့်က စာရေးသူ နောင်ဘယ်တောာ့မှ ဖုန်းကြည့် လမ်းမလျှောက်တော့ဟု ဆုံးဖြတ်ဖြစ်သွားစေသည်။
Ref: Japan enters the dumbwalking era By Alex Marshall (BBC News)
Messenger News Journal