Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

“ သမ္မတကြီး စာနယ်ဇင်းတွေကို ရန်သူလို့ သဘောမထားပါနဲ့ ” -စည်သူအောင်မြင့်

$
0
0
စာနယ်ဇင်းလောကနဲ့ ပါတ်သက်ပြီး ဆင်ခြင်တုံတရား နည်းပါးတဲ့၊ ဒီမိုကရေစီစနစ်ကိုလည်း နားလည်ပုံမရတဲ့၊ အဆင့်အတန်းလည်း နိမ့်ကျတဲ့ နိုင်ငံရေးအကြံပေး တစ်ချို့ရဲ့ စကား နားမယောင်ပါနဲ့
မဇ္ဈိမ သတင်းစာ၊ ၂၈-၇-၁၄။ စာ-၉။

ပြီးခဲ့တဲ့ ရက်ပိုင်း သမ္မတ မိန့်ခွန်း၊ တရားရုံးဆုံးဖြတ်ချက်၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြုမူဆောင်ရွက်ခဲ့ပုံတွေဟာ စာနယ်ဇင်း သတင်းမီဒီယာ အပေါ် ဖိနှိပ်မှု ဖြစ်တယ်ဆိုပြီး သတင်းသမားတွေ ဆန္ဒြုပကြပါတယ်။ ရန်ကုန်က သတင်းသမားတွေ သမ္မတ ကို ဆန္ဒပြသလို နယ်တွေမှာလည်း တစ်မြို့ပြီးတစ်မြို့ ဆန္ဒပြပွဲလုပ်တာ တွေ့ရပါတယ်။ ဒီအတွက် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သမ္မတ ဦးသိန်းစိန် ဆီ သ၀ဏ်လွှာတစ်စောင်ပို့ပါတယ်။ ခု သမ္မတ ဦးသိန်းစိန်ဘက်ကနေ လွှတ်တော် နာယကဆီ သ၀ဏ်လွှာ ပြန်ပို့ထားပြီးပါပြီ။ အဲဒီ သ၀ဏ်လွှာမှာ ဘာတွေ ဖော်ပြထားသလဲ၊ ဘာ အဓိပ္ပါယ်ဆောင်သလဲ၊ ဘယ်လိုဖြစ်သင့်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

နံပါတ် (၁) မှာဖော်ပြထားတာက “ သတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ အုပ်ချုပ်ရေး အဖွဲ့ အစိုးရ အနေဖြင့် အထူးအလေးထား ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။ မြန်မာနိုင်ငံ၏ သတင်း လွတ်လပ်မှု အဆင့်သည် အရှေ့တောင် အာရှတွင် ထိပ်ဆုံးအဆင့်၌ ရောက်ရှိနေသည်ကို လေ့လာ တွေ့ရှိနိုင်ပါသည်။” လို့ ဆိုထားပါတယ်။ သတင်းမီဒီယာလို့ ဆိုလိုက်ရင် ရုပ်သံ၊ ရေဒီယို၊ ပုံနှိပ်စာနယ်ဇင်း အားလုံးကို ခြုံငုံပြီးခေါ်တာပါ။ မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ရုပ်သံနဲ့ ရေဒီယို ထုတ်လွှင့်ခွင့် ပုဂ္ဂလိက ပြည်သူတွေကို လုံးဝ လုပ်ကိုင်ခွင့်မပေးသေးသလို အစိုးရကပဲ ရာနှုန်းပြည့် ထိန်းချုပ်ထားတဲ့အတွက် လုံးဝ လွတ်လပ်ခွင့် မရှိသေးပါဘူး။ လက်ရှိ လွတ်လပ်ခွင့်ရနေတယ်ဆိုတာ ပုံနှိပ် သတင်းစာ၊ ဂျာနယ်၊ စတဲ့ စာနယ်ဇင်းတွေပဲ ရှိပါတယ်။ ဒီလို နိုင်ငံတစ်နိုင်ငံကို အရှေ့တောင်အာရှမှာ သတင်းလွတ်လပ်ခွင့် ထိပ်ဆုံးမှာ ရောက်နေတယ်ဆိုတာ မျက်စိမှတ်ပြီး လိမ်ညာနေသလို ဖြစ်နေပါတယ်။ အကြံပေးတွေ ရေးပေးသလို လိုက်ပြောရင်တော့ သမ္မတကြီး အရှက်ရစရာ ဖြစ်ပါလိမ့်မယ်။

နံပါတ်(၂) စာပိုဒ်ထဲမှာ ခုလို ပါပါတယ်။ “အမုန်းပွားစေမည့် ရေးသား ပြောဆိုမှုများနှင့် ဥပဒေမဲ့ လုပ်ရပ်များကို မည်သည့် နိုင်ငံသားကမျှ လက်ခံလိုခြင်း မရှိပါ။ တရားဥပဒေ စိုးမိုးမှုရှိမှသာ လူ့အဖွဲ့အစည်းတစ်ရပ်လုံး အေးချမ်းသာယာမည် ဖြစ်ပါသည်။” ဒီစကား မှန်ကန်ပါတယ်။ သမ္မတကြီး ပြောနေကြစကားပါ။

စာပုဒ် နံပါတ် (၃) မှာ ခုလို ဖော်ပြထားပါတယ်။ “ပြည်တွင်း ပြည်ပ မီဒီယာ အချို့၏ မသင့်လျော်သော၊ အမုန်းပွားစေနိုင်သော၊ ကျင့်ဝတ်နှင့် မညီသော လှုံ့ဆော်မှုများကြောင့် မိမိတို့ နိုင်ငံတွင် လူအုပ်စုချင်း အကြမ်းဖက် သတ်ဖြတ်မှုများနှင့် မီးရှို့သည့် ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ကြရပြီး ဖြစ်ပါသည်။ ကမ္ဘာ့ အလယ်တွင် သိက္ခာကျဆင်းခဲ့ရမှုများလည်း ကြုံတွေ့ခဲ့ရပါသည်။ ပြည်သူများ အနေဖြင့် မိမိတို့၏ မီဒီယာကို လွတ်လပ်မှုနှင့်အတူ တာဝန်သိသော၊ တာဝန်ရှိသော၊ ဂုဏ်သိက္ခာ ရှိသော မီဒီယာ ဖြစ်စေလိုပါသည်။ ထို့ကြောင့် ဘက်လိုက်မှု ကင်းပြီး ပြည်သူကို မှန်ကန်သော အသိပညာပေးသည့် မီဒီယာ ဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။” တဲ့။
သမ္မတကြီးက ပြည်ပ မီဒီယာ ဆိုတာ ထည့်ထားပါတယ်။ ပြည်ပ မီဒီယာတွေနဲ့ ပါတ်သက်လို့ကတော့ ဒီမှာ ထည့်ဆွေးနွေးဖို့ မလိုပါ။ ပြည်တွင်း မီဒီယာလို့ ဆိုရာမှာ ဘယ်လို မီဒီယာလဲ ရှင်းရှင်းလင်းလင်း ဖော်ပြပြောဆိုဖို့ လိုပါတယ်။ အခု သမ္မတကြီးတို့ နှိပ်ကွပ်နေတဲ့ ပုံနှိပ် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း ဘယ်ဟာလဲ၊ ဘယ်သူလဲ တိတိကျကျ ပြောဖို့လိုပါတယ်။ အခု သမ္မတကြီး ပြောလိုက်ပုံက ရခိုင်က စခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုကြီးတွေ ဖြစ်ပွားရတာမှာ ပုံနှိပ်စာနယ်ဇင်း တွေကြောင့်ပဲ ဖြစ်ရသယောင်၊ အဓိက ကျသယောင် ပြောဆိုတာ တွေ့ရပါတယ်။ အလွန်မှားယွင်းတဲ့ စွတ်စွဲ ပြောဆိုချက်ပါ။ ဒီပြောဆိုချက်တွေဟာ အရင် စစ်အာဏာရှင်ခေတ် ပြန်ကြားရေး ၀န်ကြီးဌာနက အတိုက်အခံတွေ၊ နိုင်ငံရေးသမားတွေကို မဟုတ်မမှန် လုပ်ကြံ စွတ်စွဲခဲ့တာမျိုးနဲ့ အတော် ဆင်တူပြီး အဆင့်အတန်းလည်း အတော်နိမ့်ကျပါတယ်။ အကြမ်းဖက်မှု ဖြစ်စဉ်တွေ ဖြစ်ပွားတာနဲ့ ပါတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ သမ္မတ အပါအ၀င် အစိုးရအဖွဲ့ရဲ့ တာဝန်ရှိမှုတွေကို ဖုံးကွယ်ချင်တာကြောင့် ခုလို ဗြောင်ကျကျ လိမ်ညာတာလားလို့ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေရဲ့ အစဟာ အမုန်းတရားဖြန့်ဖြူးမှုတွေဖြစ်ပါတယ်။ တရားပွဲထဲမှာ ဖြန့်ပါတယ်။ ဓာတ်ပြားတွေနဲ့ ဖြန့်ပါတယ်။ မိတ္တူကူးစာရွက်တွေ တစ်ချို့ စာစောင်တွေနဲ့ ဖြန့်ပါတယ်။ တစ်ချို့က ဖေ့ဘွတ်ခ် အင်တာနက် လူမှုကွန်ယက် စာမျက်နှာကနေ ပြောင်ပြောင်တင်းတင်း ဖြန့်ပါတယ်။ လှုံ့ဆော်ပါတယ်။ (အဲဒီအထဲ ရခိုင်မှာ အကြမ်းဖက်မှုကြီးတွေ မဖြစ်ပွားခင် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာ နှစ်စောင်လဲ ပါပါတယ်။) သမ္မတ က ဒါတွေကို အရေးယူမယ်ပြောလိုက်၊ ပြည်သူတွေ တာဝန်ပြောလိုက်၊ ပြင်းပြင်းထန်ထန် အရေးယူမယ် ပြောလိုက် အမျိုးမျိုး ပြောဆိုခဲ့ပေမယ့် ပြည်ထဲရေးက ဘာမှ အရေးမယူခဲ့တဲ့ ပြသနာလည်း ဖြစ်ပါတယ်။ အဲလို တာဝန်ပျက်ကွက်ခဲ့မှုကို စာနယ်ဇင်းတွေအပေါ် ရောယောင်ပြီး အပစ်ပုံချတာကတော့ အပြောင်းအလဲကို လိုလားပါတယ် ဆိုတဲ့ သမ္မတကြီးပြောတာ ဟုတ်မှ ဟုတ်ပါရဲ့လားလို့တောင် အံ့သြစရာ ဖြစ်စေပါတယ်။

နံပါတ်(၄) မှာတော့ ယူနတီဂျာနယ်ကို အမိန့်ချတာဟာ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ဒါမှမဟုတ် သမ္မတ နဲ့ မဆိုင်ဘူးလို့ ဆိုပါတယ်။ ဒါဆိုရင် အမိန့်မချခင် သမ္မတ က ပြင်းပြင်းထန်ထန် အရေးယူရမယ်လို့ ဘာကြောင့် မိန့်ခွန်းပြောရသလဲ မေးစရာ ရှိပါတယ်။ ခုဆိုရင် သမ္မတကြီးရဲ့ ပြောပုံဆိုပုံ လုပ်ကိုင်ပုံတွေဟာ လက်ရှိ လွတ်လပ်မှုရလာတာ ၂ နှစ်ကျော်၊ သတင်းစာ ထုတ်ခွင့်ရတာ တစ်နှစ်ကျော်ပဲ ရှိသေးတဲ့ သတင်းစာ၊ ဂျာနယ် စာနယ်ဇင်းလောကကို ရန်သူသဖွယ် သဘောထားလာတာ မြင်တွေ့ရပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့်ရလာတာနဲ့ အမျှ အဲဒီ စာနယ်ဇင်းဟာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တောတွင်းလက်နက်ကိုင်အဖွဲ့၊ ဌာနဆိုင်ရာ၊ အတိုက်အခံ အားလုံး အားလုံးကို ဝေဖန်ထောက်ပြမှာပဲ ဖြစ်ပါတယ်။ ဒီဝေဖန်ထောက်ပြမှုတွေကို လက်မခံနိုင်တာနဲ့ စာနယ်ဇင်းတွေကို ရန်သူသဖွယ်သဘောထား၊ ဒီလောက်မကသေးပဲ မဟုတ်မမှန် လုပ်ကြံစွတ်စွဲတာကတော့ အရပ်စကားနဲ့ဆို နည်းနည်းများတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

သမ္မတကြီးခင်ဗျား၊ စာနယ်ဇင်းလောကနဲ့ ပါတ်သက်ပြီး ဆင်ခြင်တုံတရား နည်းပါးတဲ့၊ ဒီမိုကရေစီစနစ်ကိုလည်း နားလည်ပုံမရတဲ့၊ အဆင့်အတန်းလည်း နိမ့်ကျတဲ့ နိုင်ငံရေးအကြံပေး တစ်ချို့ရဲ့ စကား နားမယောင်ပါနဲ့လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

စည်သူအောင်မြင့်။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>