Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဦးသိန်းစိန်အတွက် လက်ခုပ်သံများ ဆိတ်သုဉ်းသွားပြီလား

$
0
0


http://www.7daydaily.com/
အကြိမ်ကြိမ်ကန့်ကွက်ဆန္ဒပြမှုများ၊ ဖြုတ်ချရန် ကြိုးစားမှုများကြား ရာစုနှစ်တစ်ဝက်နီးပါး မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် တပ်မတော်ခေါင်းဆောင်များအတွက်တော့ ချီးကျူးဂုဏ်ပြုခံရသည်မှာ ပြီးခဲ့သည့်နှစ်များအတွင်းက များများစားစားမရှိလှ။
သို့သော်လည်း ထိုအထဲတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကတော့ ခြွင်းချက်အနေဖြင့် ရှိနေခဲ့သည်။ မျက်နှာထားတည်တည်ဖြင့် စကားကို ဖြည်းဖြည်းမှန်မှန် ပြောတတ်သည့် ဦးသိန်းစိန်သည် ပြီးခဲ့သည့်နှစ်များအတွင်းက အတင်းအကျပ် စေခိုင်းခြင်းကြောင့်မဟုတ်ဘဲ လူထုထောက်ခံမှု အနေအထားတစ်ခုအထိ ရှိခဲ့သည့် စစ်ခေါင်းဆောင်ဟောင်းတစ်ဦးအဖြစ် ရှားရှားပါးပါး ထွက်ပေါ်လာခဲ့သည်။

အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက် အများအပြား ချမှတ်ခဲ့သည့်  တပ်မတော်အစိုးရလက်ထက်တွင် ၀န်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး အရပ်သားအဖြစ် နိုင်ငံရေးလောကထဲ ၀င်ရောက်ခဲ့သည့် ဦးသိန်းစိန်သည် ခြိုးခြံချွေတာပြီး လောဘနည်းသည့် တပ်မတော်ထိပ်တန်းခေါင်းဆောင်တစ်ဦး၊ ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

ဦးသိန်းစိန်သည် စစ်ခေါင်းဆောင်တစ်ဦးမှ နိုင်ငံရေးသမားတစ်ဦးအဖြစ် ပြောင်းလဲလာပြီး သူရခဲ့သည့် လက်ခုပ်သံများ တဖြည်းဖြည်းစဲလာချိန်တွင် ၎င်းအစိုးရလက်ထက် ကမ္ဘာကျော်ပဋိပက္ခများနှင့် ပတ်သက်၍လည်း ဝေဖန်မှုများ ဆက်တိုက်ခံခဲ့ရသည်။ ထိုပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းမှုများနှင့်ပတ်သက်၍ သမ္မတအပေါ် မေးခွန်းများထုတ်လာကြပြီဖြစ်သည်။

‘‘ပဋိပက္ခတွေကလဲ အရင်ထက်ပိုပြီး ဖြစ်လာတယ်။ အဲဒီအထဲမှာမှ အထင်ရှားဆုံးနှစ်ချက်က ဘာသာရေးကို ဦးတည်ပြီးဖြစ်တဲ့ ပဋိပက္ခဖြစ်လာတာနဲ့ တောင်သူလယ်သမားတွေကို ထိခိုက်နေတဲ့ လယ်သိမ်းယာသိမ်းကိစ္စတွေပဲ။ အဲဒီနှစ်ခုကတော့ တော်တော်လေးသတိထားရမယ့် ကိစ္စတွေပဲ’’ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးစောဝင်းထွန်းက ပြောသည်။
သမ္မတဦးသိန်းစိန်နှင့် ၎င်း၏အစိုးရအဖွဲ့သည် အကြမ်းဖက်မှုများကို ငြိမ်သက်အောင် အချိန်မီလုံလောက်သည့် ထိန်းသိမ်းနိုင်မှုမရှိခဲ့ (သို့မဟုတ်) မရှိကြောင်းလည်း ဝေဖန်ခံခဲ့ရသည်။
ပဋိပက္ခဖြစ်စဉ်များဖြစ်ပြီးတိုင်းလည်း နောက်ကွယ်မှ လူတစ်စု၊ ဒေါသထွက်နေသည့် လူအုပ်ကြီး စသည့်စကားလုံးများ လူထုနှင့်မီဒီယာများကြား ထည့်ပေးလိုက်ကာ ပြီးသွားကြသည်ချည်းသာ ဖြစ်သည်။
ထိုအဖြစ်အပျက်များကြောင့် ပြုပြင်ပြောင်းလဲရေးသမားအဖြစ် လူသိများသည့် သမ္မတ၏ ပုံရိပ်သည်လည်း ကျဆင်းလာခဲ့ရသည်။ တစ်ခါတစ်ရံတွင် ပဋိပက္ခများကို နိုင်နင်းအောင် မကိုင်တွယ်နိုင်သည့် သူ၏ စွမ်းဆောင်ရည်ကြောင့် သွေးထွက်သံယိုမှုများ ပိုမိုကြီးထွားလာကြောင်း ဝေဖန်မှုများ ခံခဲ့ရသည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ရခိုင်အရေးအခင်း စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၂ မေလ ၂၈ ရက် ကျောက်နီမော်အဖြစ်အပျက်မှစတင်ပြီး ၂၀၁၄ ဇူလိုင် ပထမပတ်အတွင်းက ဖြစ်ပွားခဲ့သည့် မန္တလေးမငြိမ်မသက်မှုအထိ ရက်ပေါင်း ၇၆၀ ကျော်အတွင်း ဘာသာရေးဆန်ဆန် ပဋိပက္ခဖြစ်စဉ်များသည် နိုင်ငံတစ်ဝန်းတွင် ပုံစံအမျိုးမျိုးဖြင့် ပေါ်ပေါက်လျက်ရှိသည်။
ပဋိပက္ခများကြောင့် သုံးရက်လျှင်လူတစ်ဦးနှုန်း အသက်ဆုံးရှုံးခဲ့သည်အထိ ပဋိပက္ခအခြေအနေများ ဆိုးရွားခဲ့ပြီး လူနေအဆောက်အအုံ ပျက်စီးမှုများမှာလည်း တစ်ရက်လျှင် အိမ်သုံးလုံးနှုန်း ဆုံးရှုံးခဲ့ရသည်။
ပဋိပက္ခများ ဖြစ်ပွားစေရန် ရည်ရွယ်သည့် သွေးထိုးလှုံ့ဆော်မှုများ လူမှုကွန်ရက်များ၊ သာမန်ပြည်သူများအကြားတွင် သိသိသာသာ ထွက်ပေါ်လာခဲ့သော်လည်း သွေးထိုးလှုံ့ဆော်သူများကို အရေးယူရန် ပျက်ကွက်ခဲ့သည်။

‘‘ခေတ်အဆက်ဆက် နိုင်ငံရေးသမားတွေကို ဒုက္ခပေးခဲ့တဲ့ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ (၅/ည)နဲ့လည်း ဆွဲလို့ရတယ်။ နောက်တစ်ချက်က ၂၀၁၄ ခုနှစ် အီလက်ထရွန်နစ်ဥပဒေပါ အချက်တွေနဲ့လည်း ဆွဲလို့ရတယ်။ ဒါပေမဲ့ လှုံ့ဆော်သူတွေကို ဒါတွေနဲ့ဆွဲတာ သိပ်မတွေ့ရသေးဘူး’’ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ထင်ရှားသည့် ဥပမာတစ်ခုမှာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီခေါင်းဆောင် ဦးနေမျိုးဝေအမည်ဖြင့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ပဋိပက္ခဖြစ်ပွားစေရန် လှုံ့ဆော်ရေးသားမှုများကို ထိရောက်သည့် အရေးယူမှုမျိုး မရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၀င်ရောက်ကြည့်ရှု၍ မရတော့သည့် Nay Wai အမည်ဖြင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဦးနေမျိုးဝေအမည်ဖြင့် ပဋိပက္ခဖြစ်ပွားစေရန် လှုံ့ဆော်ရေးသားမှုများ မကြာခဏ ပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူကြောင်း ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။
ဘာသာရေးကို နိုင်ငံရေးအရ အသုံးချခြင်းမျိုး မပြုလုပ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တားမြစ်ထားသော်လည်း ဦးနေမျိုးဝေအမည်ဖြင့် လှုံ့ဆော်မှုများကို နိုင်ငံရေးပါတီများကို စောင့်ကြည့်သတိပေးနေသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အပါအ၀င် အစိုးရတာဝန်ရှိသူ မည်သူကမျှ တားဆီးမည့်သူမရှိခဲ့။ ပါတီများအား သတိပေးမှုအချို့ ရှိခဲ့သော်လည်း ဦးနေမျိုးဝေနှင့် သူ၏ပါတီကိုတော့ လှုံ့ဆော်မှုများနှင့်ပတ်သက်ပြီး တိုင်ကြားမှုမရှိခြင်းကြောင့် စစ်ဆေးရန်မရှိဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ဇူလိုင်လအတွင်းက ဧရာဝတီသို့ ပြောကြားခဲ့သည်။

‘‘လူမျိုးရေးကိစ္စက အခုချိန်အထိ ဘယ်သူကမှ တိုင်ကြားထားတာမရှိဘူး။ တိုင်တဲ့သူမရှိတော့ အဲဒီလူမျိုးရေးကိစ္စတွေက စစ်ဆေးဖို့မလိုဘူးလေ။ တကယ်လို့ တိုင်တဲ့သူပေါ်လာမယ်ဆိုရင်လည်း ကျွန်တော့်အနေနဲ့က ပြည်ထောင်စုကော်မရှင်ကို တင်ပြသွားမှာပါ။ ကျွန်တော်တို့ ရန်ကုန်တိုင်းကော်မရှင်အဖွဲ့ရဲ့ မှတ်တမ်းမှာလည်း ဒီလိုလူမျိုးရေးကိစ္စတွေနဲ့ပတ်သက်လို့ ဘယ်သူ့ကိုမှ တိုင်တန်းတာမျိုး အခုအချိန်ထိ မရှိသေးပါဘူး’’ဟု ဦးကိုကိုက ပြောကြားကြောင်း ဧရာဝတီသတင်းဌာနက ရေးသားခဲ့သည်။

အထက်ပါ ဥပမာများကပင် လက်ရှိအစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် ပြည်သူတို့ အားမလိုအားမရ သံသယပွားစေခဲ့သည်။
လှုံ့ဆော်မှုများ၊ အမုန်းပွားဖွယ်စကားများကြောင့် အပြင်းအထန်ဝေဖန်ခံခဲ့ရသည့် ဦးနေမျိုးဝေ အပါအ၀င် လူပုဂ္ဂိုလ်များကို အပြစ်ပေးအရေးယူရန် ပျက်ကွက်ရုံသာမက လူအများ အံ့အားသင့်စေသည့် ကိစ္စတစ်ခုကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သမ္မတဦးသိန်းစိန်က ပြုလုပ်ခဲ့သေးသည်။
လက်ရှိဖြစ်ပေါ်နေသည့် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများသည် ပြည်တွင်းပြည်ပ မီဒီယာအချို့၏ လှုံ့ဆော်မှုကြောင့်ဟု သမ္မတက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည်။
‘‘ပြည်တွင်းပြည်ပ မီဒီယာအချို့၏ မသင့်လျော်သော၊ အမုန်းပွားစေနိုင်သော၊ ကျင့်ဝတ်နှင့်မညီသော လှုံ့ဆော်မှုများကြောင့် မိမိတို့နိုင်ငံတွင် လူအုပ်စုချင်း အကြမ်းဖက်သတ်ဖြတ်မှုများနှင့် မီးရှို့သည့် ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရပြီးဖြစ်ပါသည်’’ဟု မီဒီယာများနှင့် အစိုးရကြား တင်းမာမှုဖြေလျှော့ရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပေးပို့သော သ၀ဏ်လွှာကို ပြန်လည်တုံ့ပြန်သည့် သမ္မတ၏သ၀ဏ်လွှာတွင် ထည့်သွင်းရေးသားခဲ့သည်။
သို့သော်လည်း အငြင်းပွားဖွယ်၊ ပဋိပက္ခဖြစ်ဖွယ်ရာ အသုံးအနှုန်းအပြုအမူများ ပြုလုပ်ခဲ့သည်မှာ အစိုးရပိုင်သတင်းစာများနှင့် အစိုးရအရာရှိများနှင့် နီးစပ်သူများလည်း အပါအ၀င်ဖြစ်သည်။
စစ်အစိုးရ၏ နှစ်ရှည်လများ ဖိနှိပ်ချုပ်ချယ်မှုများကို သမ္မတဦးသိန်းစိန်လက်ထက်တွင် ဖယ်ရှားရန် ဆုံးဖြတ်ခဲ့သဖြင့် သူ၏သက်တမ်းအစပိုင်းတွင် ကန့်သတ်မှုများကို ဖယ်ရှားသည့် ဆုံးဖြတ်ချက်များ ချမှတ်တိုင်း အကောင်းမြင်ခံခဲ့ရသည်။ သို့ရာတွင် နောက်ပိုင်းနှစ်များတွင် သမ္မတ၏ ဆုံးဖြတ်ချက်များနှင့် ပဋိပက္ခရေးရာများ ကိုင်တွယ်ဖြေရှင်းပုံများကြောင့် နာမည်ကောင်းဖြင့် ကျော်ကြားခဲ့သည့် သူ၏ပုံရိပ်ထိခိုက်လာကြောင်း သတင်းစာဆရာနှင့် ဝေဖန်သုံးသပ်ရေးဆောင်းပါးများ ရေးသားနေသူ ဦးစည်သူအောင်မြင့်ကပြောသည်။
‘‘ဒီအတိုင်းဆို မမြင်တော့ဘူး။ ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ် သွားသက်ရောက်တာပဲပေါ့’’ဟု ဦးစည်သူအောင်မြင့်ကပြောသည်။

ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရာတွင် သမ္မတ၏ပြောဆိုပုံများနှင့် ပြည်ထဲရေးဝန်ကြီးဌာနက လုပ်ဆောင်နေပုံများမှာ ကွဲလွဲနေသောကြောင့် အရှက်ရစရာပင်ဖြစ်ခဲ့ကြောင်း ဦးစည်သူအောင်မြင့်ကပြောသည်။

‘‘ဒီဟာ (ပဋိပက္ခ)တွေကို ကိုင်တွယ်ရမှာက ပြည်ထဲရေးဝန်ကြီးဌာနပဲ။ ပြည်ထဲရေးဝန်ကြီးဌာနက အခုသေချာအကဲခတ်လိုက်တော့ သမ္မတက သြဇာညောင်းပုံမပေါ်ဘူး’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် ပြဿနာတွေကသာ သမ္မတနှင့် ၎င်း၏အစိုးရအတွက် အနုတ်လက္ခဏာဆောင်သည်မဟုတ်။ သမ္မတဦးသိန်းစိန် လက်ထက်တွင် အပစ်အခတ်ရပ်စဲရေးအတွက် ဆောင်ရွက်မှုများ လုပ်ဆောင်နေသော်လည်း တိုက်ပွဲများက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

ပြည်တွင်းစစ်နှင့် ပဋိပက္ခအခြေအနေများကို လစဉ်ထုတ်ပြန်လေ့ရှိသည့် Myanmar Peace Monitor ၏ ထုတ်ပြန်ချက်အရ ၂၀၁၃ မေလမှ ၂၀၁၄ ဇွန်လအထိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရတပ်များအကြား တိုက်ပွဲဖြစ်ပွားမှု အကြိမ် ၃၀၀ နီးပါး ရှိခဲ့သည်။

အထူးသဖြင့် စစ်အစိုးရလက်ထက် တစ်လျှောက်လုံးတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထိန်းထားနိုင်ခဲ့သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
‘‘သမ္မတက အတိုက်အခံတွေမရှိအောင် လုပ်လိုက်တာ။ အစပိုင်းမှာ ဒေါ်စုအပါအ၀င် တခြားအတိုက်အခံတွေကို ပူးပေါင်းပြလိုက်ပြီး လွှတ်တော်ထဲလည်းရောက်ရော ဘာမှထပ်မထူးတော့ဘူး’’ဟု မြောက်ဥက္ကလာမှ ပြည်သူတစ်ဦးဖြစ်သော ဦးထွန်းသိန်းမြင့်ကပြောသည်။

သမ္မတသက်တမ်းမှာ သုံးနှစ်ကျော်လာပြီဖြစ်၍ နောက် ၂ နှစ်သာ ကျန်တော့သည်။
ငါးနှစ်တစ်ကြိမ် ရွေးကောက်ခံရသည့် သမ္မတရာထူးတွင် သူ၏သက်တမ်းကုန်ဆုံးချိန်၌ တိုင်းပြည်အတွက် စံချိန်တင်အပြောင်းအလဲများ ထားခဲ့မည်လား၊ စံချိန်တင် ပဋိပက္ခဖြစ်စဉ်များ ထားခဲ့မည်လား ဆိုသည်မှာတော့ လက်ကျန် ရာထူးသက်တမ်းများက အဆုံးအဖြတ်ပေးမည်ဖြစ်သည်။
‘‘အခုတော့ ရှေ့ကလူတွေအတိုင်းပဲ သူက ဘာမှမထူးဘူး။ အဲဒီလိုပဲ ခံစားရတယ်’’ဟု သာမန်ပြည်သူတစ်ဦးအနေဖြင့် ၎င်း၏ခံစားချက်ကို ဦးထွန်းသိန်းမြင့်က ပြောသည်။         ။

ပဋိပက္ခများဖြစ်ပွားရာဒေသများပြပုံနှင့် ပျက်ဆီးဆုံးရှုံးမှုအနေအထားပြပုံ
ထွန်းခိုင်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>