Ooredoo ဆင်းကတ်တွေ ရန်ကုန်မြို့က ဖုန်းဆိုင်တွေမှာ ဇူလိုင် ၃၁ရက်နေ့ကစပြီး မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ပြီး သြဂုတ် ၁၅ရက်နေ့အထိ Ooredoo ဖုန်းအချင်းချင်း မိနစ် ၉ဝဝ အခမဲ့နဲ့ အင်တာနက် Data 2GB ကို နှစ်ပတ်စာ အခမဲ့ သုံးစွဲနိုင်တယ်လို့ ဖုန်းကတ်တွေ Activate လုပ်ပေးနေတဲ့ ဖုန်းဆိုင်ပိုင်ရှင်တစ်ယောက်က ပြောပါတယ်။
Activate လုပ်ပြီး ဆင်းကတ်တွေ ဖုန်းခေါ်ဆိုခ၊ အင်တာနက်သုံးစွဲခနဲ့ပတ်သက်ပြီး ဆိုင်ပိုင်ရှင်တွေက သြဂုတ် ၂ရက်နေ့အထိ တရားဝင်ထုတ်ပြောခွင့် မရှိသေးဘူးလို့ ဆိုပါတယ်။ Ooredoo ကုမ္ပဏီက သြဂုတ် ၂ရက်နေ့မှာ 3G ကွန်ရက်ဆင်းကတ်တွေရဲ့ အသေးစိတ်ဈေးနှုန်းတွေကို စတင်ကြေညာမှာဖြစ်ပြီး Ooredoo ဖုန်းအချင်းချင်း ခေါ်ဆိုခ တစ်မိနစ် ၂၅ကျပ်၊ အခြားဖုန်းသို့ ခေါ်ဆိုခ ၃၅ကျပ် ကျသင့်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။
Ooredoo ဖုန်းနဲ့ အင်တာနက် သုံးစွဲနေတဲ့သူတွေ 3G ကွန်ရက်အစစ်ကို ရရှိပြီး သြဂုတ် ၁၅ရက်နေ့အထိ 2GB Data ကို အခမဲ့သုံးနိုင်ပြီး ၁၅ရက်နေ့ပိုင်းကျမှ သုံးစွဲရမယ့် Data Plan အလိုက် ကျသင့်ငွေကို ပေးချေသွားရမယ်လို့ ဆိုပါတယ်။ 1GB ကို ကျပ် ၂သောင်းခွဲကျသင့်နိုင်တယ်ဆိုတဲ့ ခန့်မှန်းတွက်ဆမှုတွေ ပေါ်နေပေမယ့် တရားဝင်သတ်မှတ်ဈေးကတော့ ဒီထက် သက်သာနိုင်မယ်လို့ ပြောဆိုနေပါတယ်။
တယ်လီဖုန်းဆင်းကတ် ဝယ်ယူတဲ့အခါမှာ မှတ်ပုံတင်နဲ့အတူ ဆင်းကတ်ရဲ့ ဘားကုတ်ကတစ်ဆင့် Activate လုပ်ပြီးတဲ့အခါ စတင်သုံးစွဲနိုင်ပြီး လျှောက်လွှာရေးသားတင်ရတာမျိုးမရှိဘဲ Activate လုပ်ချိန် ဖုန်းတစ်လုံးအတွက် ၅မိနစ်ပဲ ကြာမြင့်ပါတယ်။ ဆင်းကတ်ဝယ်လိုအား ကြောက်ခမန်းလိလိ မြင့်တက်နေတာကြောင့် ဖုန်းဆိုင်အချို့က Activate လုပ်ပြီးသားဖုန်းကတ်တွေကို ကျပ် ၃ဝဝဝနဲ့ ရောင်းနေပြီး မူရင်းဈေး ၁၅ဝဝ နဲ့ဆိုရင် လူတစ်ယောက် တစ်ကတ်ပဲ ဝယ်နိုင်တယ်လို့ ကန့်သတ်နေပါတယ်။
ကမ္ဘာပေါ်မှာ ဆင်းကတ်ဝယ်လိုအား အမြင့်မားဆုံးဖြစ်နေတဲ့ မြန်မာပြည်မှာ မြန်မာ့ဆက်သွယ်ရေးက လက်ကိုင်ဖုန်းတွေကို ကျပ် သိန်း ၂ဝနဲ့ စတင်ရောင်းချခဲ့ပြီး ၅သိန်း၊ ၂သိန်း စတဲ့ဈေးနှုန်းအဆင့်ဆင့်ကို နှစ်အတန်ကြာ လက်ဝါးကြီးအုပ်ခဲ့ပြီးမှ ၁၅ဝဝကျပ်တန် ဆင်းကတ်တွေကို မဲနှိုက်ပြီး ရောင်းချခဲ့လို့ ဈေးကွက်ထဲက ကျပ် တစ်သိန်းခွဲအထိ အမြင့်ဆုံး ဈေးပေါက်ခဲ့ပါတယ်။
Kamayut media