
Photo - Defense Update
7Day News Journal
ဂျပန်နိုင်ငံသည် ပထမဆုံး ပြည်တွင်းဖြစ် ကိုယ်ပျောက် (ရေဒါဖြင့် ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်သော) ဂျက်တိုက်လေယာဉ် (Stealth Fighter) တစ်စီးကို စမ်းသပ်ပျံသန်းရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
ဂျပန်မှ အထင်ကရ စက်မှုလုပ်ငန်းကြီးများ စုပေါင်းတည်ဆောက်ထားသည့် ပြည်တွင်းဖြစ် ဂျက်တိုက်လေယာဉ်ကို နောက်အကျဆုံးအဖြစ် လာမည့်နှစ်၊ ဇန်နဝါရီလတွင် အစမ်းပျံသန်းရန် ရည်ရွယ်ထားသည်။ အဆိုပါ စီမံကိန်းကို ဂျပန်၏ Mitsubishi စက်မှုလုပ်ငန်းက ဦးဆောင် ကမကထ ပြုခဲ့ခြင်း ဖြစ်သည်။ လေယာဉ်တည်ဆောက်မှု ပရောဂျက်ကိုလည်း Mitsubishi ATD-X Shinshin ဟု အမည်ပေးထားသည်။
Mainichi Shimbun သတင်းစာ၏ အဆိုအရ ဂျပန်၏ ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်သည် အမေရိကန်လုပ် F-35 ကိုယ်ပျောက် တိုက်လေယာဉ်နှင့် နီးစပ်ဆင်တူသော နည်းပညာကို အသုံးပြု တည်ဆောက်ထားကြောင်း သိရှိရသည်။ အဆိုပါ ပရောဂျက်အတွက် ယန်းငွေ (၃၉.၂)ဘီလီယံ၊ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ (၃၈၄)သန်းမျှ ရင်းနှီး မြှုပ်နှံထားကြောင်းလည်း အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ သတင်းကို ဂျပန် ကာကွယ်ရေး အာဏာပိုင်များက တစ်စုံတစ်ရာ မှတ်ချက် မပေးသေးချေ။
အဆိုပါ လေယာဉ်ကို စမ်းသပ်မောင်းနှင်မှုကာလ (၂)နှစ်တာအတွင်း အဆင့်မြှင့်တင်မှုများ ပြုလုပ်နေမည်ဖြစ်ပြီး ကာကွယ်ရေးကဏ္ဍအတွက် အမြောက်အမြား ထုတ်လုပ်ရန် သင့်မသင့်ကို (၂၀၁၉)ခုနှစ် အစောပိုင်းမျှတွင် ဆုံးဖြတ်ရန် လျာထားသည်။
အရှေ့အာရှ ဒေသတွင် ဂျပန်၏ နိုင်ငံရေးပြိုင်ဘက်ကြီး တရုတ်သည် ၎င်းတို့၏ ပထမဆုံး ပြည်တွင်းဖြစ် ကိုယ်ပျောက် တိုက်လေယာဉ်ဟု ကြေညာထားသည့် J-20 တိုက်လေယာဉ်များကို (၂၀၁၁)ခုနှစ်တွင် မိတ်ဆက်ခဲ့ပြီး (၂၀၁၇)ခုနှစ်မှ (၂၀၁၉)ခုနှစ် အတောအတွင်း စတင်တာဝန်ထမ်းဆောင်နိုင်ဖွယ် ရှိနေသည်။
_Ref: Channelnewsasia