၂၀၁၄ခု သြဂုတ်လ ၈ရက်နေ့ကတော့ ဆင်းရဲမွဲတေနေတဲ့ ဆိုရှယ်လစ် တိုင်းပြည်တစ်ခုကို ပြောင်းလဲပစ်ဖို့ အတွက် ကျောင်းတော်သားတွေနဲ့ ရဲရင့်တဲ့ ပြည်သူလူထု ဆန္ဒပြတော်လှန်ခဲ့တာ ၂၆ ပြည့်တဲ့နေ့ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၆နှစ်က ပြည်သူပြည်သားတွေ သုံးစွဲနေတဲ့ ငွေစက္ကူတွေကို တရားမ၀င်ငွေအဖြစ် ကြေညာခဲ့ရာက အစပြုလို့ မကျေနပ်မှုတွေကို အကြောင်းပြုပြီး၊ ဒီမိုကရေစီ ရရှိရေးအထိ ရည်မှန်းချက် ကြီးမားသွားခဲ့ ရပါတယ်။ ဒီရည်မှန်းချက်ဟာ ရဲဘော်သုံးကျိပ်ဝင် ဆိုရှယ်လစ် ပါတီဥက္ကဋ္ဌကြီး ဦးနေ၀င်းရဲ့ ဇာတ်သိမ်းခန်းကို ကြေကွဲစရာအတိ ပြီးစေခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်တွေကို တော်လှန်ပြီး လွတ်လပ်ရေး ရယူပေးခဲ့တဲ့ ဗမာ့တပ်မတော်ရဲ့ သြဇာ လွှမ်းမိုးမှုဟာ ပြည်သူတွေ အပေါ်မှာ သက်ရောက်နေတာမို့ တိုင်းပြည်ရဲ့ အာဏာလက်ဆင့်ကမ်း လွှဲပြောင်းမှုဟာ တစ်ခြား အဖွဲ့အစည်းတွေဆီကို ရောက်ရှိဖို့ ခက်ခဲနေခဲ့ပါတယ်။ အထူးသဖြင့် လူမျိုးရဲ့ သဘော သဘာဝအရ ညီညွတ်ရေး တည်ဆောက်ရာမှာ အတိတ်မှာရော၊ ပစ္စုပ္ပန်မှာရော၊ အနာဂတ်မှာပါ အမြဲတမ်း ပြဿနာရှိနေတဲ့ အတွက် အင်စတီကျူးရှင်း အားကောင်းတဲ့ အဖွဲ့အစည်းကသာ လွှမ်းမိုးချုပ်ကိုင်ခြင်းကို အစစအရာရာ ခံနေရပါတယ်။
၁၉၈၈ခုနှစ်က လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆန္ဒပြမှုတွေကြောင့် ရက်ပေါင်း ၆၀နီးပါး အာဏာရ ပါတီနဲ့ တပ်မတော်ဟာ ဘာလုပ်ရ ဘာကိုင်မှန်းမသိ ဖြစ်ခဲ့ပါတယ်။ ဒီအခြေအနေကို ဒီမိုကရေစီ အင်အားစုတွေကလည်း မဆုပ်ကိုင်မိခဲ့ပါဘူး။ ၁၉၈၈ခုနှစ်က မြန်မာနိုင်ငံမှာရှိတဲ့ လူတန်းစား အားလုံးကို ကိုယ်စားပြုနိုင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကသာ ဖဆပလကဲ့သို့ တပ်ပေါင်းစုကြီးကို မဖွဲ့စည်းနိုင်ခဲ့ပါဘူး။ အဲ့ဒီအချိန်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ တပ်မတော်ရဲ့ အစဉ်အလာ ကြီးမားတဲ့ မျိုးချစ်ရဲဘော်ဟောင်းကြီးများ အပြင် နိုင်ငံရေးသမားများ၊ စာရေးဆရာများ သတင်းစာဆရာများ၊ တတ်သိ ပညာရှင်များနဲ့ ကြွယ်ဝ အားကောင်းခဲ့ပါတယ်။ ဒါပေမယ့် ပြင်ဆင်ချိန်ရသွားတဲ့ တပ်မတော်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့တကွ အတိုက်အခံ အင်အားစု အားလုံးကို စနစ်တကျ ဖြိုခွင်းခဲ့ပါတယ်။ အာဏာကို လက်လွှဲပြောင်းယူခဲ့တဲ့ တပ်မတော်ဟာ တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားနေအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အတွက် အဲ့ဒီအချိန်က တပ်မတော် ခေါင်းဆောင်ပိုင်းတွေက အမြဲတမ်း ဂုဏ်ယူနေပုံပေါ်ပါတယ်။ ဒါပေမယ့် သူတို့ နားမလည်တဲ့ တိုင်းပြည်ရဲ့ စီးပွားရေးဟာ ပြိုကွဲသွားပြီး နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေ အောက်မှာတော့ တစ်စစီ ပျက်စီးသွားပါတယ်။ ဒီအခြေအနေမှာ မထူးဇာတ်ခင်းရတော့မယ့် အစိုးရ အတွက်တော့ တိုင်းပြည်မှာ အထီးကျန် မနေစေဖို့ အတွက် ဆွေမျိုးသားချင်း ကောင်းစားရေး မူဝါဒကို အုပ်ချုပ်ရေး မဏ္ဍိုင်ထဲ သွတ်သွင်းခဲ့ပါတယ်။ အဲဒီအချိန်က တာဝန်ရှိ ပုဂ္ဂိုလ်တွေ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပါပဲ။ ဘာလို့လဲဆိုတော့ ဗုဒ္ဓဘာသာရဲ့ သြဇာရှိ ဆရာတော်တွေ ကိုယ်တိုင်က အစိုးရ ပုဂ္ဂိုလ်တွေကို ဘာသာရေးအရ ပြစ်ဒဏ်ခတ်ဖို့ ကံဆောင်သပိတ်ကို ဆောင်ခဲ့ပါတယ်။ အစိုးရကို မကြည်ညိုတဲ့ သူတွေကို သင်ခန်းစာပေးချင်ဇောနဲ့ အစိုးရကို လာပေါင်းတဲ့ သူတွေကို စည်းမရှိ ကမ်းမရှိ အခွင့်အရေးပေးခဲ့ခြင်းက တိုင်းပြည်ရဲ့ ဥစ္စာဓန ညီမျှမှုကို အလုံးစုံ ပျက်စီးစေခဲ့ပါတယ်။
တိုင်းပြည်ရဲ့ အလုံးစုံ ပျက်သုန်းခြင်း ကံကြမ္မာကို ငြိမ်းခံနီး ထွန်းတောက်တဲ့ မီးတောက်သဖွယ် ဖြစ်နေတဲ့ စစ်ခေါင်းဆောင်တွေဟာ ၂၀၀၇ခု ရွှေဝါရောင် တော်လှန်ရေးကြောင့် ရိပ်စားသိရှိသွားပြီး နိုင်ငံရေး စာမျက်နှာကို ၂၀၀၈ခုနှစ်မှာ တဆစ်ချိုးစေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အားလုံး သိကြတဲ့အတိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ပေါ်ပေါက်လာပြီး ရွေးကောက်ပွဲလည်း တစ်ခေတ်ဆန်းသစ် လာခဲ့ပါတယ်။ ဒါပေမယ့် အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ မပါပဲ ရှေ့ဆက်သွားလို့ မရတာကို သိရှိသွားတဲ့ အတွက် စေ့စပ်ညှိနှိုင်းရေးမှာ အခရာကျတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်နိုင်ငံရေး အ၀န်းအ၀ိုင်းထဲ မရောက်ရောက်အောင် ခေါ်ဆောင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်စည်းဝိုင်းထဲ ရောက်ဖို့ အတွက် ပေးဆပ် လိုက်ရတဲ့ အရင်းအနှီးတွေကတော့ ပြောပြလို့ မရနိုင်အောင်ပါပဲ။ ပြည်တွင်းထဲမှာ ရပ်တည်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကွဲပြားစေခဲ့ပြီး ပြည်ပမှာရှိတဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေရဲ့ အားကိုးယုံကြည်မှုကိုလည်း လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။
၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာ ၄၄နေရာအနက် ၄၃နေရာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိခဲ့တဲ့ အတွက် ၁၉၉၀ ပြန်လာမလားလို့ ပါတီဝင်တွေက မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၁၂ခု NLDဟာ ၁၉၉၀ NLDလောက် နိုင်ငံရေး အတွေးအခေါ်နဲ့ နိုင်ငံရေးသြဇာမှာ အားကောင်းမှု မရှိတော့ပါဘူး။ အထူးသဖြင့် ကမ္ဘာက အာရုံစိုက်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ အားကောင်းသန်မာ စေရေးနဲ့ ပညာရှင်တွေကို စည်းရုံးသိမ်းသွင်းဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒီအခြေအနေ ရောက်အောင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို နုတ်တိုက်ရွတ်ဆိုနေရတဲ့ အစိုးရမှာပဲ သဘောထား တင်းမာတဲ့ အင်အားစုတွေကို ကျော်လွန်ဖြတ်သန်းနိုင်ဖို့ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ပွင့်ပွင့်လင်းလင်း ထောက်ပြရမယ် ဆိုရင်တော့ အုပ်ချုပ်ရေး ရပ်ဝန်းထဲမှာ ပြုပြင်ပြောင်းလဲလိုသူတွေဟာ အင်အားနည်းပြီး သဘောထားတင်းမာတဲ့ အင်အားစုတွေကတော့ ကန့်လန့်ကာ နောက်ကွယ်ကနေ လက်သီးဆုပ်ထားလျက် ရှိနေပါတယ်။
ဒီမီုကရေစီ ရုန်းကန်လှုပ်ရှားမှု သမိုင်းကြောင်း တစ်လျှောက်မှာ ဂုဏ်သိက္ခာ ကြီးမားပြီး လူထုရဲ့ ယုံကြည်ခြင်းကို ခံရတဲ့ ၈၈ကျောင်းတော်သားတွေကလည်း အသက် ၅၀တန်းကို ရောက်ရှိလို့ လာပေမယ့် နိုင်ငံရေး လမ်းကြောင်းကို ဆက်လျှောက်မလား၊ လူမှုရေးရာ ကိစ္စတွေကိုပဲ ဆောင်ရွက် မလားလို့ စဉ်းစားနေတာ ၃နှစ်နီးပါး ကြာမြင့်ခဲ့ပါပြီ။ အချိန်ကာလတွေဟာ အားပေး ထောက်ခံခြင်းကို အပြောင်းအလဲ လုပ်နိုင်ပါတယ်။ ၈၈ကျောင်းတော်သားတွေရဲ့ နိုင်ငံရေး တွေဝေမှုကြောင့် အပြောင်းအလဲရဲ့ ကြီးမားတဲ့ အခန်းကဏ္ဍကို လက်လွှတ်ဆုံးရှုံးရဖို့ ရှိပါတယ်။ အထူးသဖြင့် Formသာ ပြောင်းပြီး Contact မပြောင်းတဲ့ အုပ်စိုးသူတွေ အောက်မှာ အပေးအယူ စကားပြောဖို့ဆိုရင် အင်အားရှိမှ ဖြစ်ပါမယ်။ ဒါပေမယ့် ၈၈က ပေါ်ထွက်လာတဲ့ ဒီမိုကရေစီ အင်အားစုတွေဟာ အခုအချိန်ထိ မိမိတံခွန်ကို ထူရင်း တိုင်းရင်းသား အားလုံးပါဝင်တဲ့ အမျိုးသားတပ်ပေါင်းစုကို ဖွဲ့စည်းနိုင်ခြင်း မရှိပါဘူး။ လူမျိုးစုတွေနဲ့ မဟာမိတ် မလုပ်နိုင်သလို NLDနဲ့ ၈၈လည်း တစ်သားတည်း မချိတ်ဆက်နိုင်သေးပါဘူး။ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲတွေမှာ အာဏာ ဆုပ်ကိုင်ထားတဲ့ အင်အားစုတွေက စိုးရိမ်ပူပန်မှု လျော့ပါးပြီး ပြင်ဆင်မှုတွေ ပိုရလာနိုင်ပါတယ်။ နိုင်ငံရေး စနစ် ပြောင်းလဲသွားပေမယ့် တောင်သူ လယ်သမားတွေမှာတော့ လယ်ယာမြေတွေ ဆုံးရှုံးသွားပြီး တရား ဥပဒေ မဏ္ဍိုင်ကလည်း နိုင်ငံသားတွေကို အကာအကွယ်ပေးမှု မပြုခဲ့ပါဘူး။ ပြည်သူတွေ ကြားထဲက ပေါက်ဖွားလာတဲ့ ဒို့တပ်မတော်လို့ ကြွေးကြော်ခဲ့ပေမယ့်လည်း လက်ရှိ တပ်မတော်ဟာ လူထုနဲ့ ဝေးကွာနေပြီး သူ့ရဲ့ လုံခြုံရေးစည်းကို အခိုင်အမာ တည်ဆောက်လျက် ရှိပါတယ်။
အတိုက်အခံ အင်အားစုတွေ လွှတ်တော် အ၀န်းအ၀ိုင်းထဲ ရောက်ရှိလာပြီး ပါးစပ်ပိတ်သွားဖို့ အတွက် လွှတ်တော် ဥက္ကဋ္ဌနဲ့ နိုင်ငံတော် သမ္မတ အားထုတ်ခဲ့ရတာကတော့ အနည်းအကျဉ်းပဲ ရှိပါတယ်။ အဲ့ဒီ အနည်းအကျဉ်းထဲက ထင်ရှားတဲ့ စကားလုံးတွေကတော့ “မတူတာတွေ ဘေးဖယ်ထားပြီး တူတာတွေ တွဲလုပ်မယ်”ဆိုတာနဲ့ “ပြည်သူတွေ အကျိုးရှိဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရမယ်”ဆိုတဲ့ စကားလုံးတွေပဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လူငါးသန်း လက်မှတ်ထိုးခဲ့ပေမယ့် လွှတ်တော်ကတော့ ပြင်ဆင်မယ့် အရိပ်အယောင် မရှိပါဘူး။ ဒီကြားထဲမှာ လူထုရဲ့ နိုင်ငံရေး နားလည်မှုကို ပိုမိုရှုပ်ထွေးစေတဲ့ PR စနစ်ကို တင်သွင်းလာတဲ့ အတွက် ၂၀၁၅မြို့ပြ နိုင်ငံရေးဟာ ကဘောက်တိ ကဘောက်ချာ ဖြစ်လာဦးမှာ သေချာပါတယ်။
နိုင်ငံတော် သမ္မတကလည်း ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့ လေးပွင့်ဆိုင် တွေ့ဆုံရေးကို ငြင်းပယ်ထားလေတော့ ၂၀၁၁ခုနှစ်က သမ္မတ အိမ်တော်ကို ဖိတ်ခေါ်ပြီး ဗိုလ်ချုပ်ပြတိုက် ပြုပြင်မွမ်းမံထားတဲ့ ဓာတ်ပုံ အယ်လ်ဘမ်လေးကို ဗိုလ်ချုပ်သမီးထံ ပေးခဲ့တဲ့ အဖြစ်အပျက်လေးကို ပိုပြီးလွမ်းမိပါတယ်။ အခုတော့ ၂၆ နှစ်ကြာခဲ့ပါပြီ . . .
“တိုင်းပြည် ဘာတွေရခဲ့ပါသလဲ”….၊၊ ။
- ဇော်သက်ထွေး
Tomorrow News Journal