နာမည်ကြီး ဒါရိုက်တာ တစ်ချို့ကတော့ သူတို့အနေနဲ့ နိုင်ငံခြား ရုပ်ရှင် ဇတ်ကားတွေကို မကြည့်ရရင် သူတို့ အနုပညာ ဖန်တီး ထုတ်လုပ်ရာမှာ ဗဟုသုတ နည်းသွားမယ်၊ မျက်စေ့ပိတ် နားပိတ် ဖြစ်သွားမယ်၊ အားနည်းသွားမယ်၊ သူတို့ကိုတော့ နိုင်ငံခြား ရုပ်ရှင်ဓာတ်ပြားတွေ သီးသန့် ကြည့်ရှုနိုင်အောင် ခွင့်ပြုပေးပါဆိုပြီး တောင်းဆိုတာမျိုးလည်း ရှိခဲ့ဖူးပါတယ်။ ဒီကနေ့ ပြန်စဉ်းစားရင် ရီတော့ ရီစရာပါ။
ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့က ပုဇွန်တောင်မြို့နယ်ထဲမှာ တရားမ၀င် ဗီဒီယို ဓာတ်ပြားတွေ ခိုးကူးထုတ်လုပ်နေတဲ့ လုပ်ငန်းကနေ ခွေကူးစက် (၁၀) စုံနဲ့ ဆင်ဆာမဲ့ နိုင်ငံခြား ရုပ်ရှင်ဓာတ်ပြား ၄ သောင်းနီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ နေ့စဉ်ထုတ် သတင်းစာနဲ့ ဂျာနယ်တွေက ရေးသားဖော်ပြပါတယ်။ တစ်ချိန်တည်းမှာ အဲဒီလို နေရာမျိုးက ခိုးကူးထုတ်လုပ်လိုက်တဲ့ တရားမ၀င်ဘူးဆိုတဲ့ ဓာတ်ပြားတွေကိုလည်း လက်ညှိုးထိုးမလွဲ၊ နေရာ အနှံ့ နိုင်ငံအနှံ့ ရောင်းချနေတာ တွေ့ကြရမှာဖြစ်ပါတယ်။ ပြည်သူတွေကလည်း အဲဒီ တရားမ၀င်ပါဘူးလို့ ဆိုတဲ့ လမ်းဘေး ဓာတ်ပြားဆိုင်က ရုပ်ရှင် ဇတ်ကား ဓာတ်ပြားတွေကိုပဲ ၀ယ်ယူအားပေး ကြည့်ရှုနေကြရပါတယ်။ ဒါ ပြသနာ တစ်ခုပါ။ အစိုးရက ဖြေရှင်းပေးဖို့ လိုတဲ့ ပြသနာပါ။ ဒီကနေ့ လမ်းဘေးက ဓာတ်ပြားတွေ အကြောင်း ဆွေးနွေးကြည့်ကြရအောင်ပါ။
လမ်းဘေး ဒီဗွီဒီ ဓာတ်ပြားတွေနဲ့ ပါတ်သက်ရင် အကြမ်းဖျဉ်းအားဖြင့် အမျိုးအစား သုံးမျိုးလောက် ခွဲပြောဖို့ လိုပါလိမ့်မယ်။ မြန်မာရုပ်ရှင် ဇတ်ကား ဓာတ်ပြားတွေ၊ တေးသီချင်းဓာတ်ပြားတွေ၊ ကာရာအိုကေ သီချင်းဆိုတဲ့ ဓာတ်ပြားတွေက အုပ်စု တစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံခြား ရုပ်ရှင်ဇတ်ကား ဒီဗွီဒီ ဓာတ်ပြားတွေ ဖြစ်ပြီး နောက်ဆုံး တစ်မျိုးကတော့ ညစ်ညမ်းဓာတ်ပြားနဲ့ ကြည့်ရှုဖို့ မသင့်တော်တဲ့ ဓာတ်ပြားမျိုးစုံ ဖြစ်ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးလို၊ ဗီဒီယို အခြေခံ အစည်းအရုံးလို အဖွဲ့တွေ ကြပ်ကြပ်မတ်မတ် အရေးယူဖို့ ကြိုးစားသင့်တာဟာ မြန်မာရုပ်ရှင်၊ တေးဂီတ နဲ့ ကာရာအိုကေ ခိုးကူး ဓာတ်ပြားတွေကိုပါ။ ရုပ်ရှင်သမားတွေ အဆိုတော်တွေ တေးဂီတ ပညာရှင်တွေ၊ ထုတ်လုပ်သူတွေ ဥာဏ်အား ငွေအား အများကြီး စိုက်ထုတ် လုပ်ကိုင်ထားတဲ့ အဲဒီ ဇတ်ကား၊ တေးသီချင်းတွေကို အလွယ်တကူ ခိုးကူး ခိုးရောင်း နေကြလို့ပါ။ အဲဒီလို ခိုးကူးတွေ သောင်းကျန်းလွန်းလို့ မြန်မာ့တေးဂီတ လောကဆိုရင် နာလံတောင် မထူနိုင်ဘူးလို့ အနုပညာသည်တွေ၊ ထုတ်လုပ်သူတွေ ညည်းးငြူသည်အထိ ဖြစ်ခဲ့ပါတယ်။ ဒီအတွက် မြန်မာ့ ရုပ်ရှင်နဲ့ ဂီတ ခိုးကူးကိစ္စ လျော့နည်း ပပျောက်သွားသည် အထိ စနစ်တကျ ကိုင်တွယ်သင့်ပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံ၊ မလေးရှား၊ အင်ဒိုနီးရှားမှာလည်း ဒီလိုပါပဲ။ နိုင်ငံတကာ ရုပ်ရှင်ဇတ်ကား ခိုးကူး ဓာတ်ပြားတွေကို လမ်းဘေးတွေမှာ အလွယ်တကူ ၀ယ်ယူနိုင်ပေမယ့် သူတို့ နိုင်ငံတွေက ထုတ်လုပ်တဲ့ ရုပ်ရှင်ဇတ်ကားတွေ၊ တေးသီချင်းတွေကိုတော့ ခိုးကူးဈေးကွက်မှာ တွေ့ရဖို့ အတော်ခဲယဉ်းပါတယ်။ ဖမ်းဆီးမိရင် ငွေဒါဏ် များများစားစား ချမှတ် အရေးယူလို့ ဖြစ်ပါတယ်။ ညစ်ညမ်း ဓာတ်ပြားတွေ၊ ကြည့်ရှုဖို့ မသင့်တော်တဲ့ ရက်စက်မှုတွေပါတဲ့ မှတ်တမ်းဓာတ်ပြားတွေ လိုမျိုးကိုတော့ ဘယ်နိုင်ငံမှာမဆို ဥပဒေနဲ့ တားမြစ် ပိတ်ပင်ထားလေ့ ရှိပါတယ်။ ဒီအတွက် မြန်မာနိုင်ငံမှာလည်း အဲလို ညစ်ညမ်းဓာတ်ပြားတွေကို ထိထိရောက်ရောက် ကိုင်တွယ် အရေးယူဖို့ လိုပါတယ်။
နိုင်ငံခြား ရုပ်ရှင် ခိုးကူး ဓာတ်ပြားကိစ္စကတော့ မြန်မာနိုင်ငံမှာ ထူးဆန်းနေပါတယ်။ အစိုးရဟာ နိုင်ငံခြား ရုပ်ရှင်တွေကို ရုံတင်ပြသဖို့ ခွင့်ပြုတာ ရှိပြီး ပြည်တွင်းမှာ ဓာတ်ပြားအဖြစ် တရားဝင် ဖြန့်ဖြူးတာမျိုး ခွင့်ပြုထားတာ မရှိသေးပါဘူး။ အရင်စစ်အစိုးရခေတ်တုန်းကဆို လောဘသမား မြန်မာဗီဒီယို ထုတ်လုပ်သူတွေဟာ နိုင်ငံခြား ရုပ်ရှင် ဇတ်ကား ဓာတ်ပြားတွေ ပြည်တွင်းမှာ ၀ယ်ယူကြည့်ရှုနိုင်တဲ့အတွက် သူတို့ ဇတ်ကားတွေကို အားပေးသူ မရှိဖြစ်ရတယ်၊ ဒါကြောင့် နိုင်ငံခြား ရုပ်ရှင် ဇတ်ကား ဓာတ်ပြားတွေ တရားဝင် ဖြန့်ဖြူးမှာကိုလည်း ခွင့်မပြုနဲ့၊ ခိုးကူးတွေကိုလည်း ခပ်ကြမ်းကြမ်းလေး ဖမ်းပါ ဆိုပြီး အာဏာပိုင်တွေကို တောင်းဆိုခဲ့ဖူးပါတယ်။ အဲလို တောင်းဆိုချက်ကြောင့် အာဏာပိုင်တွေက လမ်းဘေးဆိုင်တွေပါ မကျန် ခပ်ကြမ်းကြမ်း ဖမ်းဆီးအရေးယူလိုက်တဲ့အခါ ဓာတ်ပြားရောင်းသူ အတော်များများ အလုပ်လက်မဲ့ ဖြစ်ကုန်ပြီး ပြည်သူတွေလည်း နိုင်ငံခြား ရုပ်ရှင်ဓာတ်ပြားတွေကို မကြည့်ရတော့ပါဘူး။ နာမည်ကြီး ဒါရိုက်တာ တစ်ချို့ကတော့ သူတို့အနေနဲ့ နိုင်ငံခြား ရုပ်ရှင် ဇတ်ကားတွေကို မကြည့်ရရင် သူတို့ အနုပညာ ဖန်တီး ထုတ်လုပ်ရာမှာ ဗဟုသုတ နည်းသွားမယ်၊ မျက်စေ့ပိတ် နားပိတ် ဖြစ်သွားမယ်၊ အားနည်းသွားမယ်၊ သူတို့ကိုတော့ နိုင်ငံခြား ရုပ်ရှင်ဓာတ်ပြားတွေ သီးသန့် ကြည့်ရှုနိုင်အောင် ခွင့်ပြုပေးပါဆိုပြီး တောင်းဆိုတာမျိုးလည်း ရှိခဲ့ဖူးပါတယ်။ ဒီကနေ့ ပြန်စဉ်းစားရင် ရီတော့ ရီစရာပါ။
ဘယ်လိုပဲဖြစ်ဖြစ် အစိုးရဟာ ဒီကနေ့အချိန်ထိ နိုင်ငံခြား ရုပ်ရှင်ဇတ်ကား တွေကို ဓာတ်ပြားအဖြစ် ပြည်တွင်းမှာ တရားဝင် ဖြန့်ဖြူးခွင့် မပေးပဲ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ စကိုင်းနက်နဲ့ အမ်အာရ်တီဗွီဖိုး ရုပ်သံလိုင်းတွေကနေ တစ်လ ကို ရာနဲ့ချီရှိတဲ့ နိုင်ငံခြားရုပ်ရှင် ဇတ်ကားတွေ ထုတ်လွှင့်ခွင့် ရနေပေမယ့် နိုင်ငံတကာမှာလို တရားဝင် ဓာတ်ပြားနဲ့ ထုတ်လုပ်ဖြန့်ချီခွင့်ကို ဘာကြောင့် ပိတ်ပင်ထားရသလဲ စဉ်းစားလို့ မရအောင် ဖြစ်စေပါတယ်။ ဒါကြောင့်လည်း လက်ရှိ လမ်းဘေး ဆိုင်တွေမှာ စူပါ မားကက်တွေမှာ နေအိမ်အသီးသီးမှာ မြင်နေရတဲ့ နိုင်ငံခြား ရုပ်ရှင် ဓာတ်ပြားအားလုံးဟာ တရားမ၀င်တွေချည်း ဖြစ်နေရတာပါ။
တဖက်က တရားဝင် ခွင့်ပြုထားတာ မရှိ၊ တစ်ဖက်မှာလည်း ဈေးကွက်နဲ့ တကယ့် လိုအပ်ချက်က ရှိနေတော့ ခိုးကူးတွေဖြန့်၊ ဥပဒေ အပြင်ဘက်ကို ရောက်၊ ဖမ်းချင်ရင် ဖမ်းချင်တဲ့ အချိန် ဖမ်းလို့ရတဲ့ အနေအထား ဖြစ်နေတာမျိုးဟာ တိုင်းပြည်တွက် မကောင်းပါဘူး။ လမ်းဘေးက နိုင်ငံခြား ရုပ်ရှင် ဓာတ်ပြား ရောင်းချသူ အားလုံးလိုလို လောက်ကို မေးလိုက်ရင် သူတို့ဟာ ရဲ ဒါမှမဟုတ် အာဏာပိုင် တစ်ဖွဲ့ဖွဲ့ကို ဆက်ကြေးပေးပြီး ဆိုင်ဖွင့်နေရတယ် ဆိုတာ ပေါ်လာပါလိမ့်မယ်။ အဲဒီဘက်က ကြည့်ရင်လည်း မသင့်တော်ပါဘူး။
ပြသနာကို ခြုံငုံပြီး သုံးသပ်ရရင် မြန်မာ ရုပ်ရှင်နဲ့ တေးဂီတ ခိုးကူး ဓာတ်ပြားတွေ၊ ညစ်ညမ်း ဓာတ်ပြားတွေကို ပြတ်ပြတ်သားသား ထိထိရောက်ရောက် အရေးယူပါ။ အခြားတစ်ဖက်မှာလည်း နိုင်ငံခြား ရုပ်ရှင်ဇတ်ကား ဓာတ်ပြားတွေကို သက်ဆိုင်ရာ နိုင်ငံတကာ ကုမ္ပဏီတွေမှာ မူပိုင်ခွင့်ရယူပြီး ပြည်တွင်းမှာ တရားဝင် ထုတ်လုပ်ရောင်းချခွင့် ပြုပေးပါ။ နိုင်ငံခြား ရုပ်ရှင်ဓာတ်ပြားတွေ ပြည်တွင်းမှာ ဖြန့်ဖြူးခွင့် ပိတ်ပင်ထားတာကို ဖွင့်ပေးပါတော့လို့ တောင်းဆိုချင်ပါတယ်။ တလက်စတည်း အဲလို ခွင့်ပြုချက် ချမပေးနိုင်သေးခင် စပ်ကြား နိုင်ငံခြား ရုပ်ရှင်ဓာတ်ပြား ရိုးရိုးသားသား ရောင်းချနေသူတွေကို အရေးမယူဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
စည်သူအောင်မြင့်။
မဇ္ဈိမ သတင်းစာ၊