Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အင်ဂျင်နီယာ နှလုံးသားဖြင့် နားကြပ်ကိုင်နေရသူများ

$
0
0

“ငယ်ငယ်က အိပ်မက်ကို ပြောမယ် ဆိုရင်တော့ အင်ဂျင်နီယာ လုပ်ချင်တာ။ ဒါပေမဲ့ . . .”
သူ့အိပ်မက်ကို ရင်ဖွင့်နေသူမှာ စကားသွက်သွက် ပြောတတ်သူ ဒေါက်တာကျော်စွာအောင် ဖြစ်သည်။ တရုတ်သွေးပါသူမို့ အသားအရေ ဖြူသည်။ ပုလင်းဖင်လောက် နီးနီးထူသော ပါဝါမျက်မှန်တစ်လက်က သူ့မျက်နှာတွင် အမြဲနေရာယူထားတတ်သည်။ စကားတစ်ပိုင်းတစ်စ ပြောနေရင်းမှာပင် ဖန်သားထူထူ မျက်မှန်နောက်မှ သူ့မျက်လုံးတွေမှာ အတိတ်ဆီသို့ ပြေးလွှားနေဟန် တူသည်။ ကလယ်ကလယ် နိုင်လှသည်။

“တကယ်လို့ ဟိုအရင်ခေတ်ကလို RIT၊ MIT တို့လို (စက်မှုတက္ကသိုလ်ကျောင်းတွေ) ရှိလို့ရှိရင် တက်ဖြစ်တယ်” ဟု ၂၀၀၅ ခုနှစ် ဝန်းကျင်လောက်က တက္ကသိုလ်ဝင်တန်း အောင်ခဲ့သူ ဒေါက်တာကျော်စွာအောင်က ပြောပြသည်။

ထိုအချိန်က စက်မှုတက္ကသိုလ်ကျောင်းများ၏ နေရာတွင် အစိုးရနည်းပညာတက္ကသိုလ် (Government Technical University-GTU) များဖြင့် အစားထိုးလိုက်ပြီ ဖြစ်သည်။ ယင်းနည်းပညာ တက္ကသိုလ်များမှာ အင်ဂျင်နီယာ ဘာသာရပ် သင်ကြားလိုသော သူ၏ မျှော်မှန်းချက်များနှင့် မကိုက်ညီပေ။ တက္ကသိုလ်အဖြစ် စဖွင့်သည်မှာ မကြာသေးသဖြင့် စာကြည့်တိုက်ပင် မရှိသေးသော အစိုးရနည်းပညာတက္ကသိုလ်ကို မတက်ရန် ဆုံးဖြတ်လိုက်သည်ဟု သူက တက္ကသိုလ်ရွေးချယ်ပုံကို ပြန်ပြောသည်။

ယင်းကြောင့် သူက ဆေးတက္ကသိုလ်ကို လွယ်လွယ်ကူကူ ရွေးချယ်လိုက်ခြင်း မဟုတ်ပါ။ ဝါသနာ ပါလှသော နည်းပညာတက္ကသိုလ် တက်ရန် စိတ်ကူးကို စွန့်လွှတ်လိုက်ရပြီးနောက် ဝိဇ္ဇာသိပ္ပံ ဘာသာရပ်များကို လှည့်ကြည့်ပါသေးသည်။ ဘာသာရပ်တစ်ခုကို မှတ်စုတို (Notes) စာအုပ်လေးများဖြင့် သင်ပေးပြီး စာမေးပွဲနီးမှ Spo မေးခွန်းများကိုကျက်ပြီး ဖြေရသော ဝိဇ္ဇာသိပ္ပံ ပညာသင်ကြားရေးမှာလည်း သူ့အတွက် ဆွဲဆောင်မှု မရှိလှပါ။

ယင်းအပြင် သိပ္ပံပညာရပ်များ ဖြစ်သော ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များမှာလည်း ဘွဲ့ယူပြီးပါက အပြင်လောကတွင် ပညာရပ်နှင့် အပ်စပ်သော အလုပ်အကိုင် မရှိပါ။ ယင်းဘာသာရပ်ကို မဟာဘွဲ့အထိ သင်ယူပြီး တက္ကသိုလ်တွင် ကျူတာဆရာ ပြန်လုပ်ရန် အခွင့်အလမ်း တစ်ခုသာ ရှိသည်။ ပညာရပ်နှင့် အပ်စပ်သော အခြားရွေးချယ်စရာ အလုပ်အကိုင်မှာ မရှိလှဟု သူက ရှင်းပြသည်။ သို့နှင့် ရွေးချယ်စရာ ရှားပါးလှသော မြန်မာနိုင်ငံပညာရေးတွင် ကြီးပြင်းလာရသော သူမှာ အဆိုးဝါးဆုံးများအနက် အကောင်းဆုံးဖြစ်သော ဆေးတက္ကသိုလ်သို့ တက်ရန် ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်။

“အဲဒီတုန်းကလည်း ပညာတစ်ခုကို တတ်ချင်လို့ လှိုက်လှိုက်လှဲလှဲ တက်တာထက်စာရင် နောက်ဆုံး တက်စရာမရှိလို့ ရွေးချယ်ပြီးမှ တက်လိုက်ရတယ်” ဟု ဒေါက်တာကျော်စွာအောင်က ဆိုသည်။

ရွေးချယ်စရာ ရှားပါးလှသော ပညာရေးစနစ်ကြောင့် ကမောက်ကမ ဖရိုဖရဲ ဖြစ်သွားရသော ကျောင်းသား ဇာတ်လမ်းမျိုးစုံလည်း ရှိပါသေးသည်။ ယင်းတို့အနက် ဆေးတက္ကသိုလ် လာတက်သော မော်လမြိုင်မြို့သား တစ်ယောက် အကြောင်းကို ဒေါက်တာကျော်စွာအောင်က တစ်ဆင့်ပြောပြသည်။ ယင်းမော်လမြိုင် မြို့သားမှာ ဆယ်တန်းကို အမှတ်ကောင်းကောင်းဖြင့် အောင်သဖြင့် မိဘဆွေမျိုးများက ဆေးတက္ကသိုလ် တက်ခိုင်းသည်။ အသိုင်းအဝိုင်း ဖိအားကြောင့်သာ ဆေးတက္ကသိုလ်သို့ ရောက်လာသော်လည်း သူအမှန်တကယ် ဝါသနာပါသည်မှာ ရူပဗေဒ ဖြစ်သည်။ သို့ဖြင့် ဝါသနာ မပါသော ပညာကို ဇွတ်သင်ယူရသဖြင့် ဆေးပညာ ဘာသာရပ်များတွင် စာမေးပွဲ ခဏခဏကျပြီး နှစ်ကာလ အတော်ကြာမှ ဘွဲ့ရသွားသည်ဟု ဆိုသည်။

ပညာရေးတွင် ရွေးချယ်စရာ အကန့်အသတ်ကြောင့် ဆေးတက္ကသိုလ်သို့ ရောက်လာသော နောက်ထပ် ကျောင်းသားတစ်ဦးမှာ မကွေးဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (ခ) ကျောင်းသား ကိုဇင်မျိုးအောင် ဖြစ်သည်။ “ဆေးကို မတက်ချင်ပါဘူး။ ငယ်ငယ်က ဆရာမတွေကိုတောင် ပြောသေးတယ်။ ဆယ်တန်းအောင်လို့ အမှတ်မီရင်တောင် ဆေးမတက်ဘူး ဘာညာပြောသေးတယ်။ ဆရာမတွေက အဲဒီတုန်းကတော့ အမှတ်မမီနိုင်လို့ လျှောက်ပြောတာ ပြောသေးတယ်။ ဒါပေမဲ့ ဆယ်တန်းအောင်တော့ အမှတ်များတော့ အိမ်က ဆေးတက်စေချင်တယ်” ဟု ၎င်းကဆိုသည်။

သူကလည်း ဒေါက်တာကျော်စွာအောင် နည်းတူပင် စက်မှုတက္ကသိုလ် တက်ချင်သူ ဖြစ်သည်။ အစိုးရနည်းပညာကောလိပ် (GTC) မှာ သူတက်ချင်သော စက်မှုတက္ကသိုလ်နှင့် မတူသဖြင့် မရွေးခဲ့ပေ။ ဝိဇ္ဇာသိပ္ပံ ဘာသာရပ်များကို တက်ရောက်ဖူးသူများ၏ ပြောစကားများအရ သင်ကြားပုံမှာ သူ့အဖို့ သဘောကျစရာ မရှိဟု ဆိုသည်။ သို့နှင့် သူလည်း ရွေးချယ်စရာ ရှားပါးလှသော မြန်မာနိုင်ငံပညာရေးတွင် အကောင်းဆုံး ဆိုနိုင်သော ဆေးတက္ကသိုလ်သို့တက်ရန် ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးနှစ် အပိုင်း (ခ) ကျောင်းသား ကိုသက်နိုင်ဦးကလည်း သူနှင့် သိကျွမ်းသော စီနီယာ ဆေးကျောင်းသား တစ်ယောက်၏ ဇာတ်လမ်းကို ပြောပြပါသည်။ မုံရွာမြို့မှ ဆေးပညာ လာသင်သော ယင်းကျောင်းသားမှာ ကျောင်းဆရာအလုပ်ကို ဝါသနာပါသူဟု ဆိုသည်။ သို့သော်လည်း ဝါသနာ မပါလှသော ဆေးတက္ကသိုလ်သို့ ရောက်လာရာ ဆေးပညာဘွဲ့ ရလုရခင် နောက်ဆုံးနှစ် အပိုင်း (ခ) အတန်းမှာပင် ကျောင်းတက်မမှန်သဖြင့် ကျောင်းထွက်သွားရသည်ဟု ဆိုသည်။

ကိုသက်နိုင်ဦး ကိုယ်တိုင်လည်း ဆေးပညာကို ဝါသနာပါသဖြင့် ဆေးတက္ကသိုလ်တက်ရန် ရွေးချယ်ခဲ့ခြင်း မဟုတ်ပါ။ ပညာရေးတွင် ရွေးချယ်စရာ အကျပ်အတည်းနှင့် မိဘများ၏ စိတ်ဆန္ဒကြောင့်သာ ဆေးတက္ကသိုလ်သို့ ရောက်လာရသည်ဟု ဆိုသည်။ သူ အမှန်တကယ် တက်လိုသော ကျောင်းမှာ စက်မှုတက္ကသိုလ်ဟု ဆိုပါသည်။ သို့သော် စက်မှုပညာရပ် သင်ကြားပေးသော နည်းပညာတက္ကသိုလ်များတွင် သင်ထောက်ကူပစ္စည်း တစ်ခုကို ကျောင်းသားအများစုက ဝိုင်းသုံးနေရပုံ၊ ဝိဇ္ဇာသိပ္ပံ အတန်းများတွင်လည်း Lab ခန်း(ဓာတ်ခွဲစမ်းသပ်ခန်းများ) တွင် ဆရာလုပ်ပုံကိုသာ ကြည့်ပြီး မှားမှားမှန်မှန် ကူးယူကျက်မှတ် ဖြေဆိုနေရပုံတို့ကို ကြည့်ပြီး ဆေးတက္ကသိုလ်တက်ရန် ရွေးချယ်ခဲ့ရခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ တက္ကသိုလ် ပညာရေးစနစ်ကို ဖြတ်သန်းနေရသူများမှာ ဘွဲ့ထူးဂုဏ်ထူးဖြင့် ဝါကြွားလိုသော ရည်ရွယ်ချက်ကြောင့်သာ ဆေးတက္ကသိုလ်သို့ ရောက်ရှိလာကြခြင်းဟု ပြောဆိုနိုင်မည် မဟုတ်ပါ။ တက္ကသိုလ် ပညာရေးစနစ်၏ ရွေးချယ်စရာ အကျပ်အတည်းကြောင့်သာ ဆေးတက္ကသိုလ်ကို ရွေးချယ်လိုက်ရသူက များပါသည်။ အခြားသော တက္ကသိုလ်များနှင့် ဝိဇ္ဇာသိပ္ပံ ပညာရပ်များမှာလည်း သင်ကြားရေးနှင့် သင်ထောက်ကူပိုင်းတွင် အဆင့်မြင့်သည်ဆိုပါက အမှတ်ကောင်းသော ကျောင်းသားတိုင်း ဆေးတက္ကသိုလ် တစ်ခုတည်းသို့ ပြုံတိုးနေမည် မဟုတ်ပါ။ ဝါသနာ အခြေပြုကာ ရွေးချယ်သူများ ပေါ်လာပါလိမ့်မည်။

ယခင် အာဏာရှင်အစိုးရ လက်ထက်တွင် ပညာရေးမှာ ကမောက်ကမ ဖြစ်ခဲ့ရသည်ဆိုလျှင် အရပ်သားအစိုးရ သက်တမ်း လေးနှစ်ရှိပြီ ဖြစ်သော လက်ရှိ သမ္မတဦးသိန်းစိန်၏ အစိုးရ လက်ထက်တွင်ကော တက္ကသိုလ်ပညာရေးတွင် ရွေးချယ်စရာများ ရှိလာပြီလောဟု မေးစရာ ရှိပါသည်။ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (ခ) ကျောင်းသား ကိုသက်နိုင်ဦးကမူ သူ့အမြင်ကို အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြပါသည်။
“အခုခေတ်လည်း ဆယ်တန်းအောင်ပြီး ရွေးချယ်စရာက မရှိသေးဘူးလို့ ထင်တာပဲ။ GTC တို့ ဘာတို့ကလည်း ပြန်တက်ချင်လောက် အောင်မြင်ရဖို့ နေနေသာသာ၊ ကျောင်းထဲမှာ သူငယ်ချင်းတွေ ရှိပါတယ်၊ သူတို့မှာလည်း သင်ထောက်ကူပစ္စည်း တစ်ခုတည်းကို အများ ဝိုင်းသုံးနေရတယ်လို့ ပြောတယ်”

သို့ဖြစ်ရာ အင်ဂျင်နီယာ နှလုံးသားဖြင့် နားကြပ်ကိုင်နေရသော ဆရာဝန်များ မွေးထုတ်ပေးနေသည့် ပညာရေးစနစ်ကို ပြပါဆိုလျှင် မြန်မာနိုင်ငံ ပညာရေးစနစ်ကိုသာ လက်ညှိုးတည့်တည့် ထိုးပြရမည် ဖြစ်ပေသည်။

ဉာဏ်မျိုးအောင်
http://thevoicemyanmar.com/

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>