ဒို့မြန်ပြည်ဝယ် ပြည်သူတွေမယ်
လယ်ပျောက်ယာပျောက်
နေစရာတွေပျောက်
ဟိုရောက်ဒီရောက်
နယ်လှည့်ကျွန်ဘ၀ရောက်…။
လုပ်စားတော့မိုးခေါင်
ခိုးစားတော့ခွေးဟောင်
အမောင်တောင်မှန်းမြောက်မှန်းမသိ
ရှိသမျှမြေကွက် သီးနှံထွက်လည်း
လုယက်တဲ့စစ်ခွေး သိမ်းဆည်းတဲ့ဘေး
အရေးပိုပို တရားဆွဲဆိုလည်း
ဆီယိုပေါက်ဥပဒေ ကျူးကျော်မြေမို့
အခြေမခိုင် တရားမနိုင်ခဲ့
ခွေယိုင်ကာလဲ အို လူငမွဲ…။
လူတွေသာ အသွယ်သွယ်ဒုက္ခ
ပေါ်နေကြသည်မဟုတ်
တောတွင်ခိုမှီး ဘုန်းတော်ကြီးတွေလဲ
ပူမီးအ၀၀ ကြုံနေရပြီ
ကျောင်းကနှင်းချ ထောင်တွေချ
အဓမ္မအတင်း လူဝတ်လဲခိုင်းခြင်း
သိမ်ဖျင်းတဲ့အလုပ် ဇွတ်ကိုလုပ်
ဗုဒ္ဓဘာသာမှ ဟုတ်ပါလေစ…။
မြင်မြင်သမျှ သင်္ခါရလို့
ဖြေကြပါလည်း စိတ်ထဲမှာထုံး
မြို့သုဉ်းရွာသုဉ်း လူညွတ်တုံးအောင်
ယူကျုံးမရ အပူလုံးကြွတဲ့
သုညဘ၀မှာ ဖြစ်လာရပေ
ပြည်သူတွေမှာ ဘယ်လိုနေလို့
ဘယ်လိုသေရပ ပြောပြစမ်းပါလူကြီးမင်းတို့ရာ။
တက္ကသိုလ်ဘုန်းကြွယ်(သြဂုတ် ၂၁ ၁၄)