ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စရပ်တိုင်းကို အုပ်ချုပ်ရေးဘက်က မကြိုက်ချင်ဘူး၊ လွှတ်တော် ကိုဝေဖန်တယ် . . .
ကလေးဗဟိုပြု သင်နေပါတယ်ပြောပြီး တကယ်လက်တွေ့မှာ ကလေးကို ဗဟိုပြု သင်ကြားရေးစနစ်တောင် နားမလည်နိုင်သေးတဲ့ သူတွေကနေ ကလေးတွေကို သင်ပေးမယ် ဆိုရင် အခက်အခဲတွေ အများကြီး ကြုံနိုင်တယ် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်လျက်ရှိသော်လည်း အစိုးရ၏ ချုပ်ကိုင်မှုများ အောက် တွင်သာ ထားရှိလိုသည့် ဥပဒေ ပြဋ္ဌာန်း ချက်များကြောင့် ဝေဖန်မှုများ ဖြစ်ပေါ် လျက်ရှိသည်။ တပ်မတော် အစိုးရ လက်ထက်တွင် လည်း ပညာရေးစနစ် အမျိုးမျိုး ပြုပြင်ပြောင်းလဲမှုများ ရှိခဲ့သော်လည်း အစမ်းသပ်ခံ ပညာရေးစနစ် သာ ဖြစ်သည့်အတွက် အနာဂတ် လူငယ်များအတွက် များစွာ ထိခိုက်ခဲ့ရသည်။
ယခုချိန်အထိ ကျင့်သုံးလျက်ရှိသည့် စစ်အစိုးရ လက်ထက်က ချမှတ်ထားသော ပညာရေးမူဝါဒနှင့် ယခုလက်ရှိ အစိုးရ၏ ပညာရေးမူဝါဒ ပြောင်းလဲမှုတွင် လိုအပ်ချက်များစွာ ရှိနေကြောင်း၊ ပြုပြင်ပြောင်းလဲမှုများကို တိကျ သေချာသော စည်းမျဉ်းဥပဒေများ ချမှတ်၍ အရှိန်တိုးမြှင့် ဆောင်ရွက် သင့်ကြောင်းကိုလည်း ပညာရေး လှုပ်ရှားသူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေး အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များကလည်း ပြောဆိုမှုများ ရှိနေသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲ မှုများတွင် လိုအပ် ချက်များ၊ ဝေဖန် ထောက်ပြမှုများကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး ကွန်ရက်မှ ညှိနှိုင်းရေးမှူး တစ်ဦးဖြစ်သူ လှည်းကူးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းနှင့် သြဂုတ်လ ၁၇ ရက်က တွေ့ဆုံစဉ် မေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ပါသည်။
● ယခုလက်ရှိ ပညာရေးစနစ်မှာ CCA လို့ ခေါ်တဲ့ ကလေးဗဟိုပြု ချဉ်းကပ် သင်ကြားနည်းတို့ဟာ လက်တွေ့မှာ တကယ် သင်ကြားတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ တကယ်အပြည့် လုပ်လို့မရဘူး ပြီးပြည့်စုံမှု မရှိဘူး ပြောနေတာရယ်။ မအောင်မရှိ စနစ်ကလည်း တစ်ဖက်မှာ ပူးတွဲပါနေတယ်။ နောက်ဆုံး ဘွဲ့ရသွားပေမယ့် လုံလောက်တဲ့ အရည်အချင်း မရှိတာတွေ ဖြစ်နေတဲ့အပေါ်မှာ ပညာရေး လှုပ်ရှားသူ အနေနဲ့ရော၊ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဘယ်လိုများ ထင်မြင်မိပါသလဲ။
ဒီကျောင်းသားကို ဗဟိုပြု သင်ကြားနည်းတို့ နောက်တစ်ခုက တစ်နှစ်တစ်တန်း ကျောင်းသား ကို အောင်သွား နိုင်ဖို့ဆိုတာ နိုင်ငံ တကာမှာ ဆောင်ရွက်နေတဲ့ ပုံသဏ္ဌာန်ပါပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ ပုံသဏ္ဌာန်တွေ လုပ်နေလို့ မရဘူး။ အနှစ်သာရရှိတဲ့ ပြုပြင်ပြောင်းလဲမှု တစ်ရပ်ကို မလုပ်နိုင်ဘူးဆိုရင် ဟိုမှာ ခေတ်တွေ ပြောင်းတယ်ဆိုပြီး ကျွန်တော်တို့ နာမည်တွေ လိုက်ပြောင်းကြတယ်။ စကားလုံးတွေ ပြောင်းတယ်။ တကယ် လက်တွေ့ကျကျ ဘာလုပ်နိုင်သလဲ။ ဒီအပေါ်မှာ မူတည်ပြီး တကယ်လက်တွေ့ကျပြီး ပြည်သူလူထု လိုက်ပါ ဆောင်ရွက်နိုင်တဲ့ ဥပဒေမျိုးတွေဖြစ်ဖို့၊ ဒီဥပဒေကို အကောင်အထည်ဖော်တဲ့ သူတွေကလည်း လူထုဘ၀ကို တကယ်ကို အကျိုးရှိစေနိုင်မယ့် ဥပဒေတွေဖြစ်အောင် လုပ်ရမှာပေါ့။
အဲဒီနေရာမှာ ပညာရေးနဲ့ဆိုင်တဲ့ ဥပဒေတွေဟာလည်း ကလေးတွေအတွက် တကယ်ကို အကျိုးရှိမယ့် သင်ကြား နည်းစနစ်တွေ၊ စာမေးပွဲ စနစ်တွေ ဖြစ်ဖို့လိုပါတယ်။ ဒါတွေကို ပြုပြင်ပြောင်းလဲဖို့ ကျွန်တော်တို့ ကြိုးစားနေတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ အနေနဲ့လည်း ပညာရေး ပြုပြင်ပြောင်းလဲရေးကို အထူးအာရုံစိုက်တယ်။ ဒါကြောင့်မို့ ပညာရေးစနစ်နဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်ကို လုပ်နိုင်မှ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်က သေချာမှာပါ။ ကျွန်တော်ဆိုလိုတာ ဒီစနစ်တွေကို ပုံသဏ္ဌာန် လုပ်နေလို့ မရဘူး။ စကားလုံးတွေ လုပ်နေလို့ မရဘူး။ အနှစ်သာရရှိတဲ့ ကလေးဗဟိုပြုပြီး သင်မှာဆို ဘယ်လို သင်မှာတုန်း။ တကယ်ရော ကလေးက ဒီဗဟိုပြုသင်ကြားမှုကို အောက်ခြေမှာ တကယ်ဖြစ်နေလား။ တကယ်ရော ရရဲ့လား။ ဒါတွေကို သေချာလေ့လာ ဆန်းစစ်ပြီး ကျွန်တော်တို့ လုပ်ဖို့ လိုပါတယ်။
● အဓိက စနစ်တွေ သတ်မှတ်တာတော့ ရှိပါတယ်။ တကယ်တမ်းနည်း ဥပဒေလိုပေါ့။ တကယ်ကြပ်ကြပ်မတ်မတ် ဘယ်လို လုပ်သင့်တယ်ဆိုပြီး ၀န်ကြီးဌာနတွေက လက်ရှိဆရာ၊ ဆရာမတွေကို ချမှတ်မပေး နိုင်တဲ့ သဘောမျိုး ကြောင့်လား။အဲဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပညာရေးစနစ်က အစမ်းသပ်ခံ ပညာရေးစနစ် ဖြစ်ခဲ့တယ်။ အစမ်းသပ်ခံ ပညာရေးစနစ် ဖြစ်တဲ့အတွက် စနစ်တွေက တစ်မျိုးပြီးတစ်မျိုး ပြောင်းပြီးတော့ လုပ်ကြတယ်။ အဲဒီလုပ်တဲ့ နေရာမှာ တကယ်ကို အနှစ်သာရ မပါခဲ့တဲ့အတွက် ဒီဆရာ၊ ဆရာမတွေကလည်း အဲဒီပြောတာကို လုပ်လုပ်ရင်း လိုက်လုပ်ရင်းနဲ့ပဲ ကျွန်တော်တို့ ပညာရေးစနစ် ကျဆုံးသလိုမျိုး ဖြစ်သွားတယ်ပေါ့ဗျာ။ ဘယ်နိုင်ငံကမှ အသိအမှတ် မပြုတော့တဲ့ အခြေအနေမျိုး ဖြစ်သွားတယ်။ အဲဒီအပေါ်မှာ ဒီပညာရေးဌာနမှာ လုပ်နေတဲ့ဆရာ၊ ဆရာမတွေ ဘက်ကလည်း ဒီပြောင်းလဲလာတဲ့ အပြောင်းအလဲ အပေါ်မှာ လိုက်ပါနိုင်ဖို့ လိုတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်တွေ့ အကျိုးဖြစ်ထွန်းအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အခြေအနေမျိုး ဖြစ်ဖို့လိုတယ်။ အစိုးရက ချမှတ်တဲ့ ဥပဒေတွေ၊ ပေါ်လစီတွေကလည်း တကယ်ဖြစ်အောင် လုပ်နိုင်တဲ့ အခြေအနေတွေရှိတဲ့ ဥပဒေတွေ၊ ပေါ်လစီတွေ ဖြစ်ဖို့လိုပါတယ်။
● နောက်တစ်ခုက သတင်းမီဒီယာတွေမှာ ဖော်ပြနေတဲ့ ၂၀၁၈ ဒီဇင်ဘာမှာ နောက်ဆုံးထားပြီး လုပ်မယ့် ပညာရေးနဲ့ သက်ဆိုင်တဲ့ စီမံကိန်းတစ်ခုမှာ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၈၀ ချေးပြီး သြစတြေးလျက ဒေါ်လာသန်း ၂၀ ပေါ့။ ဒါက လှူလိုက်တာပေါ့။ အဲဒီကူညီ ထောက်ပံ့ငွေ ဒေါ်လာသန်း ၁၀၀ နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ စာသင်ကျောင်းတွေနဲ့ ဆင်းရဲ နွမ်းပါးကျောင်းသား ကျောင်းသူ တစ်သိန်း လောက် ကို ကူညီမယ်လို့ သိရပါတယ်။ အဲဒါကို ဘယ်လို အစီအစဉ်မျိုးတွေနဲ့ ပံ့ပိုးမှုတွေ လုပ်သွားမယ်လို့ သိရပါသလဲ။
ကျွန်တော်တို့ တိုင်းပြည်ကို နိုင်ငံတကာ ပံ့ပိုးမှုတွေ ရှိခဲ့ပါတယ်။ အခု ကမ္ဘာ့ဘဏ်နဲ့ သြစတြေးလျက ကူညီမယ့် သန်း ၁၀၀ ပေါ့ နော်၊ ဒီဥစ္စာဟာ တကယ်လက်တွေ့ အကျိုးဖြစ်ထွန်းအောင် လုပ်ဖို့လိုလိမ့်မယ်။ လုပ်နိုင်ဖို့ အတွက်လည်း ကျွန်တော်တို့က တိုက်တွန်းရမယ်။ စောင့်ကြည့်ဖို့လည်း လိုတယ်။ ဒီပိုက်ဆံတွေကို တကယ် စီမံချက် တစ်ရပ် သေသေချာချာ ရေးဆွဲပြီး တကယ် ဒီပိုက်ဆံတွေဟာ ပွင့်လင်း မြင်မြင်သာသာနဲ့ပေါ့ လူထု လက်ထဲကို တကယ်ရောက်ရဲ့လား၊ တကယ်အကျိုးပြု လုပ်ငန်းတွေ တကယ်ဖြစ်ရဲ့လား။ ဥပမာပေါ့ဗျာ ကျောင်းသား တစ်ယောက်ကို အခမဲ့ ပညာသင်ကြားနိုင်ဖို့ ထောက်ပံ့မယ်။ ဒီကလေး တကယ်ရသွား ရဲ့လား။ သင်ထောက်ကူ ပစ္စည်းတွေတကယ် ၀ယ်ရဲ့လား။ အဲဒီ အခြေအနေမှာဆရာ ဆရာမတွေကို သင်ကြားရေး စနစ်နဲ့ သင်တန်းတွေ ပေးတယ်ဆိုရင် ဆရာ၊ ဆရာမ တွေဟာ ဒီသင်ကြားရေး စနစ်နဲ့ ကျောင်းတွေမှာ တကယ် သင်နေရဲ့လား။ ဒါဟာ ကျွန်တော်တို့ တိုင်းပြည်မှာ လိုအပ်နေတယ်။ တိုင်းပြည်မှာ ကျွန်တော် ခုနကပြောသလို ပေါ့ ဆိုရှယ်လစ်ဆို ဆိုရှယ်လစ် ခေါင်းစဉ်တပ်တယ်။ ဒီမိုကရေစီဆိုဒီမို ကရေစီခေါင်းစဉ် တပ်တယ်။ ဒီလို ခေါင်းစဉ် တပ်ပြီးတော့ အနှစ်သာရ မပြောင်းဘဲ လုပ်ခဲ့တဲ့ အခြေအနေပေါ်မှာ တကယ်တော့ ကလေးဗဟိုပြု သင်နေတယ်။ ဗဟိုပြု သင်နေပါတယ် ပြောပြီး တကယ်လက်တွေ့မှာ ကလေးကိုဗဟိုပြု သင်ကြားရေး စနစ်တောင် နားမလည်နိုင်သေးတဲ့ သူတွေကနေ ကလေးတွေကို သင်ပေးမယ်ဆိုရင် အခက်အခဲတွေ အများကြီး ကြုံနိုင်တယ်။ ပညာရေးစနစ်မှာ အဓိက ကျတာကတော့ ဆရာ၊ ဆရာမရဲ့ အခန်းကဏ္ဍဟာ အရေးကြီး ပါတယ်။ ဆရာ၊ဆရာမ တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်နိုင်မယ်ဆိုရင် ဒီသြစတြေးလျနဲ့ ကမ္ဘာ့ဘဏ်တို့က ပေးတဲ့ အခြေအနေတွေဟာ တကယ် လက်တွေ့ဘ၀မှာ အကျိုးဖြစ်စေ နိုင်ပါတယ်။
● ပညာရေး ၀န်ကြီးဌာန အနေနဲ့ ပြီးခဲ့တဲ့ ဒသမအကြိမ် လွှတ်တော်မှာ NLD ပါတီက ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းလည်း ထောက်ပြခဲ့တယ်လေ။ ဘာလဲဆိုတော့ ပညာရေး ၀န်ကြီးဌာန အနေနဲ့ ဘတ်ဂျက် အသုံးပြုမှုမှာ သုံးရမယ့် ငွေကြေး ပမာဏထက် ငွေကျပ်သန်းပေါင်း ၄၃၉ သန်းကျော် ပိုသုံးစွဲထားတဲ့ အပေါ်မှာ ဝေဖန်တာ တချို့ရှိပါတယ်။ဒါကြောင့်မို့ထင်ပါတယ် ကမ္ဘာ့ဘဏ်က ဒီပညာရေး ထောက်ပံ့မှုတွေဟာ ပညာရေးမှာ တကယ်ထိရောက် နိုင်မလား ဆိုတာကို တချို့က စိုးရိမ်မှုတွေ ရှိပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်မိပါလဲ။
ဟုတ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပြယုဂ်တွေပဲ လုပ်ခဲ့တဲ့အတွက် လူတိုင်းက စိတ်ပူကြတယ်။ ကျွန်တော် တို့လည်း စိတ်ပူပါတယ်။ ဒါပေမဲ့ ဒီအခြေအနေတွေကို တကယ်ဆောင်ရွက်တဲ့ ကမ္ဘာ့ဘဏ်တို့ ဘာတို့ကို ထိထိ ရောက်ရောက်ပေါ့ သူတို့ကို ပြောရမယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ စောင့်ကြည့်မှုတွေ လုပ်ဖို့ လိုအပ်တယ်။ လူထုကလည်း ဒီပြုပြင် ပြောင်းလဲမှုမှာ ပူးပေါင်း ပါဝင်ဖို့လိုတယ်။ ငွေကြေးသုံးစွဲမှု အပေါ်မှာ ဘတ်ဂျက်တွေကို လေ့လာမယ်ဆိုရင် ကျွန်တော်တို့ ဘတ်ဂျက်ကို လေ့လာနေတာ ရှိတယ်။ အဲဒီအထဲမှာ တကယ်သုံးစွဲတဲ့ နေရာမှာ ထိရောက်မှု မရှိတာတွေ အများကြီးတွေ့ရ တယ်။ နိုင်ငံတော် ငွေတွေဟာ အလေအလွင့်တွေ ဖြစ်နေတာမျိုးတွေ၊ အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေကိုပဲ ဆက်လုပ်နေတာမျိုးတွေ၊ ဒါဘာကြောင့် ဆက်လုပ် နေသလဲ။ နိုင်ငံတော် ရှုံးချင်ရှုံးပါစေ ငါတို့ စီမံချက် တစ်ရပ်ရဖို့ပဲ အရေးကြီးတယ်။ ငါတို့ ဘတ်ဂျက်ရရင် ဒီထဲမှာ ငါတို့လုပ်ချင်ရာ လုပ်လို့ရတယ်ဆိုတဲ့ ပုံသဏ္ဌာန်မျိုးနဲ့တော့ ကျွန်တော်တို့ တိုင်းပြည်ကို ထူထောင်လို့ မရနိုင်ဘူး။ ပညာရေး ဘက်မှာလည်း အဲဒီလို အခြေအနေတွေ မဖြစ်ဖို့လိုတယ်။ ဥပမာ ကျောင်းတွေ ဆောက်တယ်ပေါ့ဗျာ။ ကျောင်းတွေကို ပုံစံတကျ မလုပ်ခဲ့တဲ့အတွက် အဆင့်အတန်းမီ ကျောင်းတွေ ဖြစ်မလာဘူး။ ၂ နှစ် ၃ နှစ်မှာပဲ ပြိုလဲသွားတယ်။ အဲဒီ အခြေအနေမျိုးတွေဟာ အလွဲသုံးစားရပ်တွေ ပေါ်ထွန်းနေတဲ့ ကိစ္စရပ်တွေပါ။ စာရင်း စစ်ချုပ်ကနေ စစ်ရုံလောက်နဲ့ စာရွက်ပေါ်မှာ လုပ်နေလို့တော့ မရနိုင်တော့ဘူး။ တကယ်လက်တွေ့ အလုပ်တွေ တကယ်လုပ်ရဲ့လား ကြည့်ပြီး လေ့လာ စိစစ်မှုတွေကို လုပ်မှသာလျှင် ကျွန်တော်တို့ တိုင်းပြည် စနစ်တကျ ဖြစ်လိမ့်မယ်လို့ ထင်တယ်။
● တချို့ကလည်း အစိုးရပိုင်းက တာဝန်ရှိတဲ့ သူတွေအပြင် ဒါကပညာရေး ထောက်ပံ့ တာ ဖြစ်တဲ့ အတွက် ပြည်သူကို တိုက်ရိုက် သွားတာပေါ့။ အဲဒီအတွက် လွှတ်တော်တွေ အပိုင်းကလည်း ပါဝင်ပူး ပေါင်းဆောင်ရွက် မှုတွေဖြစ်အောင် ကော်မတီ၊ ကော်မရှင် သဘောမျိုးနဲ့ ထောက်ပံ့မှုတွေကို တစ်ဖက်က စီမံလုပ်ကိုင်မှုမျိုး ရှိလာနိုင်မလား။
လွှတ်တော်ဘက်က ဒီအခြေအနေတွေကို အစိုးရဘက်ကို ၀င်ရောက် ကူညီချင်တဲ့ အခြေအနေတွေ ရှိပါတယ်။ ရန်ကုန်တက္ကသိုလ် ပြုပြင်ပြောင်းလဲရေး ကိစ္စလို ဟာမျိုးဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌနဲ့ ဆောင်ရွက် နေတာ မျိုးရှိတယ်။ ဒီလိုနေရာမျိုးတွေမှာ အခက်အခဲတွေရှိတယ်။ ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စရပ်တိုင်းကို အုပ်ချုပ်ရေး ဘက်က မကြိုက်ချင်ဘူး။ လွှတ်တော်ကို ဝေဖန်တယ်။ ထောက်ပြတယ်။ ငွေကြေး ကိုင်တွယ် ထားတာ မဟုတ်တဲ့အတွက် လာစောင့်ကြည့်နေတယ်ဆိုပြီး သူတို့မကြိုက်ချင်ကြဘူး။ အဲဒီအတွက်အုပ်ချုပ်ရေး အာဏာပိုင်နဲ့ ပူးပေါင်း ဆောင်ရွက် တဲ့နေရာမှာ တော်တော်ခက်ခဲပါတယ်။ လွှတ်တော်ဘက်က ဒီလို ပူးပေါင်း ဆောင်ရွက် တဲ့ နေရာမှာ အုပ်ချုပ်ရေးအာဏာကို ၀င်စွက်ဖို့မဟုတ်ဘူး။ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာ၊ ဥပဒေပြုရေးအာဏာ ဒီသုံးရပ်က ခွဲခြားထားတာပါ။ ဒါပေမဲ့ ဒီဥပဒေပြုရေး အာဏာဘက်က လွှတ်တော် ကိုယ်စားလှယ်တွေဟာ လူထုရွေးချယ် တင်မြှောက် ထားတယ်ဆိုရင် လူထုတကယ် အကျိုးရှိ မရှိ ဆိုတာကို စောင့်ကြည့်ဖို့ လိုပါတယ်။ စောင့်ကြည့်ဖို့ဆိုရင် ငါခိုးမှာစိုးလို လာစောင့် ကြည့်နေတာလားဆိုပြီး စိတ်ဆိုးလို့မရဘူး။ စောင့်ကြည့်ခြင်းအားဖြင့် ကိုယ့်ရဲ့ တိုးတက်မှုကို မှတ်ကျောက် တင်ခံနိုင်တာ ဖြစ်ပါတယ်။ အခုဖြစ်နေတာကလာ စောင့်ကြည့် တယ်ဆိုရင် စောင့်ကြည့်ခံရသူက တော်တော် စိတ်ဆိုးပါတယ်။ ဒီအတွေး ဟာ မမှန်ဘူးဆိုတာ ဖြစ်စေချင်ပါတယ်။ စာရင်းစစ်တယ်ဆိုရင် စိတ်ဆိုးတယ်ပေါ့ဗျာ။ အဲဒီလိုအခြေအနေ မျိုးတွေမဖြစ် ဖို့လိုတယ်။ ဒါကြောင့်မို့ ပွင့်လင်းမြင်သာပြီး တာဝန်ခံ တာဝန်ယူမှု စိတ်ကိုလည်း လုပ်စေချင် တယ်။ ပြည်သူလူထုရဲ့ သဘောထား၊ အမြင်၊ အသံတွေကို လုပ်ပေးချင်တယ်။ လွှတ်တော်ဘက်ကတော့ တရားဝင် စောင့်ကြည့်ခွင့် မရခဲ့ရင်လည်း ကျွန်တော်တို့ လွှတ်တော်ဘက်က လူထုအနေနဲ့ ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ။
● အစိုးရ အခုလို လွှတ်တော် အဖွဲ့အစည်းတွေ ပူးတွဲပါလာတဲ့အပေါ် စောင့်ကြည့် တယ်လို့ မြင်နေတာရယ်။ ဒီစောင့်ကြည့်မှုတွေကို မကြိုက်တာရယ်က ဘာလို့ပြောနိုင်မလဲ။
ကျွန်တော်တို့ တိုင်းပြည်က နှစ်ပေါင်းများစွာ အာဏာရှင် စနစ်အောက် နေခဲ့တာပါ။ ဒီမိုကရေစီစနစ် ပြောင်းလဲလိုက်တဲ့ အခြေအနေမှာ အာဏာကြီး သုံးရပ်ကိုလည်း ခွဲလိုက်တယ်။ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ လွတ်လပ်ခွင့်ကိုလည်း ပေးဖို့ တိုက်တွန်းလာတယ်။ မီဒီယာတွေကလည်း စောင့်ကြည့် တယ်။ ပြည်သူကလည်း စောင့်ကြည့်တယ်။ ဒီမိုကရေစီဆိုတာ ပြည်သူလူထု မဲပေးရွေးချယ်တဲ့ အစိုးရဆိုတော့ ပြည်သူလူထု အစိုးရ အဲဒီအတွက် လူထုဟာ နိုင်ငံရေးမှာ ပါဝင်ခွင့်ရလာတယ်။ နိုင်ငံရေးမှာ စောင့်ကြည့်တယ်။ လူထုနိုင်ငံရေးမှာ စောင့်ကြည့်နိုင်ဖို့အတွက် လူထုဟာ လွှတ်တော် ကိုယ်စားလှယ်တွေကို ဖိအားပေးတယ်။ အဲဒီလို စနစ်ကြီး ပြောင်းလဲသွားတဲ့ အခြေအနေမှာ အရင်စနစ်ဟောင်းက ငါတို့ လုပ်ချင်တာ လုပ်မယ်။ ငါတို့လုပ်တာ ဘယ်သူမှ အသိပေးစရာ မလိုဘူး။ ဒီပိုက်ဆံတွေကို ငါတို့ကပဲ ပြည်သူလူထုကို စောင့်ရှောက်နေသလို။ မဟုတ်ပါဘူး။ ဒါလူထုရဲ့ ဘဏ္ဍာငွေတွေကို ဘတ်ဂျက်ငွေအဖြစ်၊ နိုင်ငံတော်ငွေကြေး အဖြစ် ပြန်လည်သုံးစွဲတာပါ။ နိုင်ငံတော် ငွေဆိုတာ ပြည်သူလူထု ငွေတွေ ပါ။ ပြည်သူလူထုဆီကရတဲ့ အခွန်အတုပ်တွေ၊ လုပ်ငန်းတွေက ရတဲ့ငွေတွေနဲ့ တိုင်းပြည်ကို ပြန်လည် ထူထောင်တာ ဖြစ်တယ်။ ဒီငွေကို စောင့်ကြည့်ရမယ်။ အခုဟာက နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးလာတဲ့ အမှားကို အမှန်ထင်နေတာပေါ့။ ကိုယ့်ကိုယ်ကိုယ်လည်း ပြည်သူလူထုကို ရိုကျိုး ရမယ် ဆိုတဲ့ စိတ်တွေ ပျောက်လာတယ်။ ကိုယ့်ကိုယ်ကိုယ် အရှင်သခင်လို၊ လူထုကိုကိုယ်ကပဲတက်ပြီး ဟိုမင်း လုပ်နေသလိုမျိုး အတွေးမျိုးပေါ်ပြီး အာဏာရှင် စရိုက်တွေ ဖြစ်နေတဲ့အတွက် ဒီစောင့်ကြည့်သူကို မကြိုက်နိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်နေ တာပါ။ ပြည်သူလူထုကို ရိုကျိုးနေမယ်ဆိုရင် ပြည်သူလူထုက စောင့်ကြည့်မယ်၊ ကိုယ်ကလည်း ဒီစောင့်ကြည့် သူတွေကို မှတ်ကျောက်တင် ခံနိုင်ရမှာပါ။ ဒါမှလည်း ဒီမိုကရေစီ စနစ်ကို ရမှာပါ။ ဒီမိုကရေစီရဲ့ အရေးကြီးတဲ့ အသွင်ကူးပြောင်းတစ်ခုပါပဲ။
● အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မြန်မာသံတော်ဆင့်သတင်းဌာန -