Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

“ ထင်ရာစိုင်း ရန်ကုန်တိုင်း အစိုးရ” စည်သူအောင်မြင့်

$
0
0
မဇ္ဈိမ သတင်းစာ၊

ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေး စတင်ချိန် ပြည်သူတွေတင်မက အမတ်တွေပါ အထူးအံ့သြရတဲ့ အကြောင်းအရာတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဟာ ဒေါ်လာ ၁၅ ဘီလျံလောက် တန်ဖိုးရှိမယ့် ရန်ကုန်မြို့သစ် စီမံကိန်းကြီးတစ်ခု အစ အဆုံး စီစဉ်ထားပြီးပြီ ဆိုတဲ့ ကိစ္စပါ။ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ကိုယ်စား မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော်ထဲမှာ စီမံကိန်းအကြောင်း တင်ပြပါတယ်။ သူ တင်ပြတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း ဆိုတာ ဘာလဲ၊ ဒါဟာ လိုအပ်တဲ့ စီမံကိန်း တစ်ခုလား၊ ဒီ စီမံကိန်းကို လျှို့ဝှက်ထားခဲ့တယ် ဆိုတာကရော တကယ်ပဲလား၊ ရန်ကုန်တိုင်း အစိုးရ အကောင်အထည် ဖော်မှု ပုံစံကရော မှန်ကန်မှု ရှိပါသလား၊ သမ္မတ ဦးသိန်းစိန် ပြောပြောနေတဲ့ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရ ဆိုတဲ့ ပေါ်လစီနဲ့ ကိုက်ညီပါရဲ့လား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

လွှတ်တော်ထဲမှာ မြို့တော်ဝန် ဦးလှမြင့် တင်ပြခဲ့တာကို အကျဉ်းချုံးပြန်ပြောရရင် စီမံကိန်း တည်နေရာဟာ ရန်ကုန်မြို့ရဲ့ အနောက်ဘက် ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ တွံတေးကားလမ်းကြားက မြေဧက ၃ သောင်းဝန်းကျင်ပေါ်မှာ လျာထားတယ်လို့ ဆိုပါတယ်။ အဲဒီ စီမံကိန်းကို မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီက တာဝန်ယူ အကောင်အထည် ဖော်မယ်၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ဘီလျံ ၇၀၀၀ နဲ့ အမေရိကန် ဒေါ်လာ ၈ ဘီလျံရှိမယ်၊ စီမံကိန်းထဲမှာ မြို့ပြ အခြေခံ အဆောက်အဦတွေ အပါအ၀င် ၆ လမ်းသွား မြစ်ကူးတံတား (၅) စင်းပါမယ် လို့ ဆိုထားပါတယ်။ အသေးစိတ်အချက်အလက်၊ အထူးသဖြင့် ဒီ စီမံကိန်းကနေ နိုင်ငံတော် ဒါမှမဟုတ် ရန်ကုန်တိုင်း အစိုးရ အကျိုးအမြတ် ဘယ်လောက်ရမယ် ဆိုတာကိုတော့ ထည့်မပြောသွားပါဘူး။
ပထမ တစ်ချက် ဆွေးနွေးဖို့လိုတာကတော့ ရန်ကုန်မြို့သစ် စီမံကိန်း လိုအပ် မလိုအပ်ပါ။ လက်ရှိ ရန်ကုန်မြို့ အနေအထားအရ ၊ လူနေထူထပ် များပြားလာတာ၊ လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်း ပမာဏ ကြီးမားလာတာ၊ မြေနေရာရှားလို့ မြေဈေးတွေ ခေါင်ခိုက်လာတာ စတဲ့ အချက်တွေနဲ့ကြည့်ရင် ရန်ကုန်မြို့သစ် စီမံကိန်း တစ်ကယ်ပဲ လိုအပ်ပါတယ်။ လိုအပ်ကြောင်း အားလုံး အသိအမှတ်ပြုကြပါတယ်။ နောက်တစ်ခု မြို့သစ်စီမံကိန်းကို ဘယ်နေရာမှာ အကောင်အထည် ဖော်မလဲ ဆိုတဲ့ ကိစ္စပါ။ ဒါကတော့ မြို့ပြဆိုင်ရာ ကျွမ်းကျင်သူတွေ ပညာရှင်တွေနဲ့ ဘယ်နေရာက မြေကို အသုံးချရင် ဖြစ်နိုင်ခြေ အရှိဆုံး ဆိုတာ သိတဲ့ အာဏာပိုင်တွေ ပူးပေါင်းဆွေးနွေးဆုံးဖြတ်ရမှာပါ။ ဒါကြောင့် လက်ရှိ မြေနေရာ ရွေးချယ်ပုံကိုတော့ မဝေဖန်လိုပါဘူး။

နောက်တစ်ချက်ကတော့ ဒီ စီမံကိန်းကို လျှို့ဝှက်ထားရတယ် ဆိုတဲ့ ကိစ္စပါ။ ဦးလှမြင့်ပြောတာ လက်ခံနိုင်ပါတယ်။ ဒီလို စီမံကိန်း တစ်ခု စမယ်လို့ အသံထွက်တိုင်း ဟိုနားမှာ အသံထွက်ရင် ဟိုနားက မြေဈေးတက်၊ ဒီနားမှာ အသံထွက်ရင် ဒီနား မြေဈေးတက် မှန်ပါတယ်။ ဒါပေမယ့် သူ ပြောဆိုတဲ့အထဲမှာ “ ရန်ကုန်မြို့သစ် စီမံကိန်း လျာထားမြေနေရာအား မြို့မြေအဖြစ် သတ်မှတ်ပြီးပါက မြေပိုင်ရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ စိတ်ဝင်စားသည့် နိုင်ငံသား လုပ်ငန်းရှင်များ စုစည်းထားသည့် မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီအား တာဝန်ပေးအပ်ရန် စီစဉ်ထားပါတယ်။ စီမံကိန်း အကောင်အထည် ဖော်မည့်အပေါ် ဒေသခံ ပြည်သူလူထု၏ သဘောတူညီချက်ကိုလည်း ရရှိထားပြီးဖြစ်ပါတယ်။” လို့ ဆိုခဲ့တာကြောင့် ဒါဟာ လွှတ်တော်နဲ့ ပြည်သူလူထု အပေါ်မှာ လျှို့ဝှက်ထားပေမယ့် အဲဒီ လူတွေနဲ့တော့ ကျိတ်ပြီးဆွေးနွေး ကျိတ်ပြီး အခွင့်အရေးပေးခဲ့တာကတော့ ပေါ်လွင်နေပါတယ်။ ပြည်သူလူထုရဲ့ သဘောတူညီချက် ဆိုကတည်းက လျှို့ဝှက်တဲ့ သဘောလည်း မသက်ရောက်ပါဘူး။ ဦးလှမြင့်ရဲ့ ပြောဆိုချက် သဘာဝ မကျဘူးလို့ ဆိုနိုင်ပါတယ်။

ဒီ ပြဿနာမှာ အရေးကြီးတကာ့ အရေးအကြီးဆုံး ကိစ္စကတော့ ဒေါ်လာ ၁၅ ဘီလျံလောက် တန်ကြေးရှိမယ့် စီမံကိန်းကြီး “မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီ” လို့ နာမည်ပေးထားတဲ့ ဘယ်သူမှ မသိတဲ့ ကုမ္ပဏီ တစ်ခုကို လုပ်ပိုင်ခွင့် ပေးလိုက်တာပါ။ အားလုံး မှတ်မိကြပါဦးမယ်။ ဒေါ်လာ ဘီလျံ ဂဏန်း ရင်းနှီးမြှုပ်နှံမယ့် ဆက်သွယ်ရေး အော်ပရေတာ လိုင်စင် တင်ဒါ ခေါ်ခဲ့တုန်းက ကိစ္စပါ။ တင်ဒါရွေးချယ်ဖို့ အကြံပေးကုမ္ပဏီကို ပထမ ဦးဆုံးခေါ်ပါတယ်။ အသေအချာ စကာတင် ရွေးချယ်ပါတယ်။ အဲဒီ ကုမ္ပဏီနဲ့ အစိုးရ တာဝန်ရှိသူတွေ ပေါင်းပြီး တကယ်ရင်းနှီးမြှုပ်နှံမယ့် ဆက်သွယ်ရေး ကုမ္ပဏီတွေကို တင်ဒါပြန်ခေါ်ပါတယ်။ တကမ္ဘာလုံးမှာ ရှိတဲ့ နာမည်ကြီး ဆက်သွယ်ရေး ကုမ္ပဏီ အားလုံး ပါဝင်ယှဉ်ပြိုင်ကြတဲ့ ကမ္ဘာတစ်ခုလုံးက အာရုံစိုက်ရတဲ့ တင်ဒါရွေးချယ်ပွဲကြီးဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးပမာဏဟာ အခု စီမံကိန်းလို ဒေါ်လာ ၁၅ ဘီလျံတောင် မရှိပါဘူး။

အခု စီမံကိန်းရဲ့ အဓိက ပြဿနာဟာ ဒေါ်လာ ၁၅ ဘီလျံလောက်တန်တဲ့ အလွန် ကြီးမားတဲ့ စီမံကိန်း ရန်ကုန်တိုင်း အစိုးရကနေ ကုမ္ပဏီတစ်ခုကို လက်သိပ်ထိုး ပေးအပ်လိုက်တယ်လို့ ဆိုရင် မမှားပါဘူး။ ဒီလို လုပ်ကိုင်ဆောင်ရွက်ခြင်းဟာ သမ္မတ ဦးသိန်းစိန် ချမှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ပေါ်လစီနဲ့ ကိုက်ညီ မကိုက်ညီ မပြောနိုင်ပေမယ့် အရင် စစ်အာဏာရှင်တွေ ခေတ်က လုပ်ပုံကိုင်ပုံမျိုးနဲ့ ထပ်တူနီးပါးပါပဲ။ ကြီးကျယ် ခမ်းနားလှတဲ့ နေပြည်တော်ကြီးကို ငွေကုန်ကြေးကျ များစွာခံပြီး တည်ဆောက်တယ်၊ လုပ်ငန်း ကန်ထရိုက်တွေအားလုံး ကိုယ်ပေးချင်တဲ့ ခရိုနီတွေကို စိတ်ကြိုက်ပေးပြီး စိတ်ကြိုက်ဈေးနှုန်းနဲ့ တည်ဆောက်စေခဲ့တယ်၊ ဘာထင်သာမြင်သာမှ မရှိသလို တိုင်းပြည်ဘဏ္ဍာကို ထင်သလို သုံးခဲ့တဲ့ ဆိုးဝါးလှတဲ့ ဖြစ်ရပ်ပါ။

အခုကိစ္စမှာ စီမံကိန်းကို ရန်ကုန်တိုင်း အစိုးရ စိတ်ကြိုက် စီမံခန့်ခွဲနိုင်ပါတယ်။ ဘာလိုချင်တယ်ဆိုတာ အသေးစိတ် စည်းကမ်းချက်တွေ သတ်မှတ်နိုင်ပါတယ်။ အဲဒီ စည်းကမ်းချက်တွေနဲ့ အညီ ဘယ်ကုမ္ပဏီတွေက ၀င်ရောက် လုပ်ကိုင်နိုင်မလဲ တင်ဒါခေါ်ယူရပါမယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏ အလွန်ကြီးမားတဲ့ စီမံကိန်းဖြစ်တော့ တင်ဒါရွေးချယ်မယ့် အကြံပေးအဖွဲ့တောင် အရင် ခေါ်ရပါမယ်။ နိုင်ငံခြားသားတွေကို အကျိုးအမြတ် မပေးချင်ရင် သူတို့ကို မပြိုင်ခိုင်းပဲ ကိုယ့် ပြည်တွင်းကုမ္ပဏီတွေကိုပဲ ပြိုင်ခိုင်းနိုင်ပါတယ်။ ပြောရရင် ရန်ကုန်လေဆိပ် ပြုပြင်တာလို၊ မန္တလေး လေဆိပ် မွမ်းမံတာလို ကိစ္စမျိုးကိုတောင် နိုင်ငံတကာ တင်ဒါခေါ်နေတဲ့ ကိစ္စ အခု အလွန်ကြီးမားတဲ့ ဒေါ်လာ ၁၅ ဘီလျံတန် စီမံကိန်းကို ကိုယ့်ဖာသာကိုယ် ကုမ္ပဏီတစ်ခုကို လုပ်ခွင့်ပေးလိုက်တာဟာ ရန်ကုန်တိုင်း ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ရဲ့ ထင်ရာစိုင်း လုပ်ရပ်ပဲ ဖြစ်ပြီး ပွင့်လင်းမြင်သာမှု မရှိလို့ နောက်ပိုင်း ပြသနာတွေ အများကြီး ကြုံတွေ့ရနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>