၁။ယနေ့ ဂျပန် နိုင်ငံသူနှင့် အကြောင်းပါ အိမ်ထောင်ကျနေသော ကျနော့်မိတ်ဆွေ မြန်မာတဦးနှင့် တွေ့သည်။ သူသည် ၂၀၀၀ ပြည့်နှစ် မတိုင်ခင်ကတည်းက ဂျပန်ကို ရောက်သွားသည့် သူဖြစ်သည်။ ရောက်စ က စစ်အာဏာရှင် အစိုးရ နအဖ က ထုတ်ပြန်သည့် အမိန့်အတိုင်း ဆက်ကြေးသဖွယ် အခွန်ငွေ လစဉ် ယန်း တသောင်းကို ဆောင်ခဲ့သည်။ ယန်း တသောင်းမှာ မြန်မာငွေ ကျပ် တစ်သိန်း ခန့် ဖြစ်သည်။
၂။ ထိုအချိန် က မြန်မာပြည်တွင်းမှ ၀န်ထမ်း တဦး၏ လစဉ် လစာငွေမှာ မြန်မာငွေ ကျပ် သောင်းဂဏန်းမျှ ရှိနေချိန် ဂျပန် နိုင်ငံသို့ ကိုယ့်စားရိတ်ဖြင့် ကိုယ် ကျပ် ငွေ သိန်း ရာချီပြီး အကြွေးများဖြင့် ရင်းကာ ဂျပန် နိုင်ငံသို့ ထွက်လာရသည်။ အောက်ခြေသိမ်း အိုက်တိုးပဂေးဆန် အလုပ်ကြမ်းများ လုပ်ပြိး ရသမျှ ၀င်ငွေလေးကို ခြိုးခြံချွေတာခြစ်ကုတ်ပြီး ပိုငွေလေးကို စုဆောင်းသည်။ စစ်အာဏာရှင်ခေတ် ကင်ပေတိုင် ရုံးသဖွယ်ဖြစ်သော သံရုံးသို့ လစဉ် မဖြစ်မနေ ဆောင်၇သည့် အခွန်ငွေ ဆောင်ပြီးနောက် ပိုငွေလေးကို စစ်အာဏာရှင်အောက်မှ ဆင်းရဲငတ်မွတ် အလုပ်အကိုင် ရှားပါးနေသော မိဘ သားသမီး ဆွေမျိုးများထံ ပေးပို့ အသက်ဆက်စေရသည်။
၃။ ပြည်တွင်းမှ များမြောင်းလှသော အခွန်ဘဏ္ဍာများ၊ အုပ်ချုပ်ရေး အဖွဲ့ အစည်း အဆင့်ဆင့်တို့ ငွေညှစ်သမျှ ပေးဆောင်ကြရသည်။ သူ့ ကျွန် မခံပြီ ဆိုသော ရောင်စုံ ရုပ်ရှင်ကြီးကို စစ်အာဏာရှင်တို့က ရိုက်ကူးပြီး ရုံတင်ပြသသည်ကို မြန်မာပြည်သားတို့ သွားကြည့်နိုင်ဖို့ အတွက် ဂျပန်ရောက် မြန်မာနိုင်ငံသားများက ကျွန်ခံပြီး ငွေပို့ခဲ့ကြရသည်။
၎။ ၀င်ငွေ မှ ဆယ်ရာခိုင်နှုန်း အခွန်ပေးဆောင်ရသည့် ဥပဒေ ပြဌာန်းထားသည့် မြန်မာနိုင်ငံတွင်းတွင် လစာ လုပ်ခမှ ဆယ်ရာခိုင်နှုန်း အမှန်အကန် ပေးဆောင်ရလျှင်မှု ပြသနာမရှိ။ ယခုက ကိုယ့်ငွေဖြင့် အရင်းအနှီးပြုပြီး သူများနိုင်ငံ လူမျိုးခြား လက်အောက်တွင် ပင်ပန်းဆင်းရဲစွာ ကျွန်ခံရသည်။ ရသမျှ လခ လေးထဲမှ အလုပ်ရှင် အိမ်ရှင် နိုင်ငံက ကောက်ခံသည့် ၀င်ငွေခွန်ကိုလည်း ဆောင်ရသည်။
၅။ တခြား ဘက်မှ မိမိ နိုင်ငံက စစ်အုပ်ချုပ်ရေး အစိုးရက သတ်မှတ်ပြဌာန်း တောင်းခံသည့် လစဉ် အခွန်ငွေ ဆိုသည့် ယန်းတသောင်း ကိုလည်း ပေးဆောင်ရသည်။ မြန်မာလူမျိုးဖြစ်ရသည့် အတွက် အခွန်ငွေ နှစ်ထပ်ပေးဆောင်ရကြောင်း အခြားသော ဂျပန်ရောက် နိုင်ငံခြားသာ အလုပ်သမားများ ဖြစ်သည့် ဖိလစ်ပိုင်။ ထိုင်း၊ မလေးရှား စသည့် နိုင်ငံများမှ လူများက အံ့သြတကြိးဖြစ်သည်။
၆။ အခွန်ငွေသာ လစဉ်ကောက်ခံနေသော်လည်း ကိုယ့် နိုင်ငံသားဖြစ်သည့် မြန်မာလူမျိုး တဦးဦး ဘေးဘယာတွေ့ကြုံ အခက် ခဲတွေ့နေသော အခါ ဘာသိဘာသာ နေတတ်သည့် မြန်မာ့သံရုံး ၀န်ထမ်းများ အကြောင်း ကို မျက်မြင်တွေ့ရသော အခါ ထို အာဆီယံနိုင်ငံသား တို့ ပိုပို အံ့သြကြလေသည်။
၇။ သူတို့ ထို့ထက် ပိုအံ့သြစရာကောင်းသည့် အချက် တခုမှာ မြန်မာစစ်သံရုံးက ဂျပန်ရောက် မြန်မာများထံမှ လစဉ် ယန်းတသောင်းဖြင့် မြန်မာနိုင်ငံသားများစွာထံမှ အခွန်ငွေများစွာကို ကောက်ခံထားသော်လည်း မြန်မာပြည် အခွန်ဌာနက ဂျပန်သံရုံးမှ အခွန်ငွေ မည်မျှ ရပြီး တိုင်းပြည် ပြန်လည်တည်ဆောက်ရေး အတွက် မည်သည့် လုပ်ငန်းတွင် မည်သည့် ခေါင်းစဉ်ဖြင့် မည်မျှ သုံးစွဲပြီး မည်သည့် အကျိုးကျေးဇူးကို မြန်မာနိုင်ငံသားတို့ ခံစားရသည်ဟု ဘယ်သော အခါမှ ထုတ်ပြန်ကြေငြာခြင်း မရှိသည်ကို အခြားနိုင်ငံသားတို့ မသိရှာပေ။ သိများ သိလျှင်ဖြင့် ..............................။
၈။ ဂျပန် နိုင်ငံ ရောက် မြန်မာနိုင်ငံသားများ ပေါ် စစ်အာဏာရှင် အစိုးရ၏ အခွန်ကောက်ခံသော စနစ်မှာ အခြားသော နိုင်ငံရောက် မြန်မာများထက် ပမာဏ လွန်စွာများပြားသည့် အတွက် အလုပ်အကိုင် အခွင့်အလမ်း အဆင်မပြေသော မြန်မာနိုင်ငံသား ထောင်ချီပြီး မြန်မာသံရုံးက လစဉ်ကောက်ခံသော အခွန်ငွေကို ပေးဆောင်ရန် မတတ်နိုင်ကြတော့ပေ။ ထို့ကြောင့် သံရုံးသို့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ သက်တမ်းတိုးရန် သွားသော အခါ အခွန်ငွေ ဆောင်သူကိုသာ သက်တမ်း တိုးပေးသည်။ အခွန်ငွေ မဆောင်သူများကိုကား သက်တမ်း မတိုးပေးသောကြောင့် မြန်မာ့လူမျိုး မြန်မာ့သွေးစစ်စစ်၊ မြန်မာနိုင်ငံသား များစွာသည် သူတောင်းစားဂိုဏ်းချုပ် အောက်မှ သူတောင်းစားလေးများ ငွေ ရှာမပေးနိုင်သည့်အတွက် အဆူအဆဲ အရိုက်နှက်ခံရသည့်နှယ် နိုင်ငံသား စစ်စစ် ဘ၀ မှ နိုင်ငံမဲ့ ဖြစ်ရတော့သည်။
၉။ အလွန် ၀မ်းနည်းဖွယ် ကောင်းသည်မှာ စစ်အစိုးရ လက်ထက် က သူတောင်းစား ဂိုဏ်းချုပ်သဖွယ် အခွန်ငွေ အတင်းအဓမ္မတောင်းခံ ကောက်ခံပြီး စစ်အာဏာရှင် တို့ ထင်သလို ဘုံး ထင်သလို ဖြုန်း၊ စာရင်းမရှိ အင်းမရှိ အခွန်ငွေ ကောက်ခဲ့သည့် စနစ် နှင့် ပတ်သက်ပြီး ယနေ့ အစိုးရသစ်လက်ထက် နိုင်ငံခြားရေး ၀န်ကြီးဌာန နှင့် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့က ဆက်လက် စွဲကိုင်ထားခြင်းပင်ဖြစ်သည်။ ထို အခွန်စနစ် အကြွေးကျန်များ ကျန်ရှိသည့် နိုင်ငံကူးလက်မှတ် သက်တမ်းမဲ့နေသော မြန်မာနိုင်ငံသား ရာထောင်ချီပြီး နိုင်ငံမဲ့ ဘ၀ဖြင့် ဂျပန်နိုင်ငံတွင်း နေထိုင်နေရသည့် အပေါ် မြန်မာအစိုးရက မည်သို့ ဖြေရှင်းပေးလာမည်ကို ဂျပန် နိုင်ငံမှ သ တင်း မီဒီယာများက အထူး စိတ်ဝင်တစားစောင့်ကြည့်နေကြသည့် အချိန်ဖြစ်သည်။
၁၀။ ကြေကွဲဝမ်းနည်းဖွယ် အကောင်းဆုံးမှာ မတန်တဆ အခွန်ငွေကို လစဉ် မဆောင်နိုင်သဖြင့် မြန်မာနိုင်ငံသား နိုင်ငံကူးလက်မှတ် သက်တမ်း တိုးပေးခြင်း မခံရသော မြန်မာလူမျိုး များ သည် နှစ်ကာလ များစွာ လူသားချင်းစာနာစိတ်ဖြင့် နေထိုင်ခွင့် ရထားသော ဂျပန်နိုင်ငံတွင် နေထိုင်ရင်း အချို့သော မြန်မာနိုင်ငံသားများသည် မြန်မာ အချင်းချင်း အိမ်ထောင်ပြုကြသည်။ အချို့သော မြန်မာနိုင်ငံသားများသည် ဂျပန် လူမျိုးများနှင့် အိမ်ထောင်ပြုကြသည်။ ဂျပန်နှင့် အိမ်ထောင်ပြုသည့် မြန်မာများမှ မွေးဖွါးလာသည့် ကလေးများသည် အမိအဘ ဖြစ်သော မြန်မာလူမျိုးသွေးဖြစ်သည့် အတွက် မြန်မာနိုင်ငံသားရော ဂျပန် နိုင်ငံသား အဖြစ်ပါ နှစ်သက်ရာ ခံယူခွင့် ရရမည်ဖြစ်သော်လည်း အထက်ပါ ဆက်ကြေးပမာ အခွန်ငွေ မတန်တဆ ကို မဆောင်နိုင်ခဲ့သည့် မြန်မာ နိုင်ငံမဲ့ တို့မှ မွေးဖွါးသည့်အတွက် ငွေမျက်နှာ တခုသာ ကြည့်သော မြန်မာသံရုံးမှ မွေးဖွားလာသော သားသမီးများ အတွက် မည်သည့်တာဝန်ယူမှုမှ မရရှိနိုင်ချေ။
၁၁။ မြန်မာလူမျိုး အခွန်ငွေ မဆောင်နိုင်ခဲ့သည့် အတွက် နိုင်ငံကူးလက်မှတ် သက်တမ်း ကုန်ပြီး နိုင်ငံမဲ့ ဘ၀ဖြင့် ဂျပန်နိုင်ငံတွင်းဖြစ်သလို နေထိုင်ရင်း ဖူးစာဆုံကြသည့် မြန်မာများမှ မွေးဖွားလာသည့် မြန်မာလူမျိုး စစ်စစ် ကလေးသူငယ်များမှာ ဂျပန်နိုင်ငံသား အဖြစ်လည်း မရ။ မြန်မာ သံရုံးကလည်း အသိအမှတ် မပြုသဖြင့် လူသာ လာဖြစ်နေရပြီး နိုင်ငံမဲ့ ကလေးသူငယ်များ အဖြစ် ကြေကွဲဝမ်းနည်းစဖွယ် ကိုယ့်လူမျိုး ကိုယ့်နိုင်ငံကို စိတ်နာကျည်း မုန်းတီး အသည်းခိုက်ကာ ငယ်နုစဉ် ကတည်းက စိတ်ဒါဏ်ရာ ကြီးစွာ ရလာခဲ့ကြသည်။ ယာယီအားဖြင့် ဂျပန်နိုင်ငံတွင် ပညာသင်ခွင့် နေထိုင်ခွင့် ရထားသည်ဆိုသော်လည်း အခြားသော နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင် ၊ ပညာတော်သင်ရန် အတွက်မူ အဆိုပါ နိုင်ငံမဲ့ မြန်မာ့ကလေးငယ်တို့မှာ ဆုံးရှုံးနေရသည်။ အရင်းစစ်လျှင် စစ်အာဏာရှင်တို့ ချမှတ်ခဲ့သည့် အခွန် စနစ်ဆိုးကြောင့် ယခုလို နိုင်ငံမဲ့ ဖြစ်နေသောမြန်မာတိုင်းရင်းသား ကလေးသူငယ်ပေါင်း သိန်းသန်းချီပြီး နိုင်ငံရပ်ခြား တွင် ဖြစ်ပေါ်နေရသည်။
၁၁။ ကိုယ့်နိုင်ငံ။ ကိုယ့်လူမျိုး ကိုယ့်မျိုးဆက် လူသားတန်ဖိုး သာ အဓိက ဟု သတ်မှတ်သော အစိုးရ မပေါ်ပေါက် လာမချင်း ယခု ပြသနာများကို ဖြေရှင်း အောင်မြင်မည် မဟုတ်ပါ။
၁၂။ နောက်ဆုံးကြားသိရသည့် သတင်း အရ။ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယခင် စနစ်ဟောင်းက သတ်မှတ်ခဲ့သော အခွန်ပမာဏဖြစ်သည့် လစဉ် ယန်းတသောင်း ပေးဆောင်ရန် ဟူသည့် အမိန့်အား ပယ်ဖျက် လိုက်ပြီဖြစ်ကြောင်း သိရသော်လည်း စနစ်ဟောင်းက အခွန်များကို မဆောင်နိုင်သဖြင့် အခွန်ကြွေးကျန် ကျပ်သိန်းရာချီနေသော အနေကြာ မြန်မာနိုင်ငံသားများ (ပတ်စ်ပို့ သက်တမ်းမဲ့ နိုင်ငံမဲ့မြန်မာများ) အတွက်မူ တိကျသေချာ ရေရာသည့် ဖြေလျော့ မှု ၊ နိုင်ငံသားအဖြစ် ပြန်လည် စာရင်းကောက် သက်တမ်းတိုးပေးခြင်းများ ပြုလုပ်ပေးရန် ပျက်ကွက်နေဆဲဖြစ်သည်။
၁၃။ အခွန်ငွေ အကြွေးကျန်နှင့်ပတ်သက်ပြီး အချို့သော မြန်မာနိုင်ငံသား တို့က သံရုံးကို သွားရောက် စုံစမ်းသော အခါ အဆင်ပြေသလို ပမာဏကို ညှိနှိုင်းပြီး ဈေးရောင်း ဈေးဝယ် ဈေးဆစ်ပြီး အခွန်ဆောင်နိုင်ခြင်းမှာ နိုင်ငံတကာ အလယ်တွင် ရှက်ဖွယ်လိလိဖြစ်စဉ်များပင်။ ဥပမာ-------- ဂျပန် နိုင်ငံတွင် ဆယ်နှစ်ခန့် အလုပ်လုပ်ခဲ့သူ တဦး သံရုံးသို့ အခွန်ငွေ ကြွေးကျန်ဆောင် ရန် ယန်း သောင်းတစ်ရာ၊ မြန်မာငွေဖြင့် ကျပ်သိန်း တရာ အကြွေးကျန်သော သူကို သိန်းခြောက်ဆယ်ဖြင့် ဈေးဆစ်အောင်မြင်ပြီး ဈေးတည့်လျှင် ဈေးညှိပေးသည့် သံရုံးဝန်ထမ်းကို လာဘ်ငွေ အချို့ပေးရခြင်း ဖြင့်ဖြေရှင်း နေရခြင်းသည် စနစ်ကျနမှု မရှိသော နိုင်ငံခြားရေး ဌာန၏ တာဝန် သာဖြစ်သည်ဟု သုံးသပ်ပါသည်။ ပြည်ပရောက်မြန်မာများ အပေါ် သံအရာရှိ သံဝန်ထမ်းတို့ သံတမန် တို့ တာဝန် အားနည်း နေခြင်း ဟု သုံးသပ်မိပါသည်။
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား တဦးမြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းမရှိတော့သဖြင့် နိုင်ငံမဲ့ မြန်မာလူမျိုး အတွက် ဂျပန် နိုင်ငံက ယာယီ ထုတ်ပေးထားသော ခရီးသွားခွင့် စာအုပ်အဖုံးပုံ
၁၄။ ယခု ၂၀၁၄ ခုနှစ် ရောက်ခဲ့ပေပြီ ။ အစိုးရသစ် ဟု ယူနီဖေါင်းလဲ ထားသည့် စစ်ဗိုလ်ချုပ်ဟောင်းကြီးများ ဦးဆောင်သော ရွေးကောက်ခံ အစိုးရလက်ထက်သို့ ရောက်လာခဲ့ပြီဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး အချို့ကို စမ်းသပ်သည့် သဘော၊ စစ်ရေး အရ စနစ်တကျ ဆုတ်ခွါမှုနှင့် ဖြေလျော့ခြင်း ပုံစံတို့ကို အရစ်ကျ တွက်ချက် လျော့ပေးလာသည်ကို တွေ့ရသည်။ နိုင်ငံရေး အရာ ဖြေလျော့မှုများ နှင့် အတူ ပြည်ပရောက် မြန်မာအလုပ်သမားများ အရေး၊ ရွှေ့ပြောင်း မြန်မာ လုပ်သားများ အရေး ၊ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများမှ မွေးဖွားလာသည့် မြန်မာလူမျိုး ကလေးငယ်များ အရေး အတွက် စနစ်ကျနသော စီစစ်မှု နိုင်ငံသား ဖြစ်ခွင့် မှတ်ပုံတင်ပေးမှုများ ပြုလုပ်ရန် အဆောတလျင် စဉ်းစား စီစဉ် ပြင်ဆင်သင့်ပါကြောင်း အစိုးရသစ် တာဝန် ရှိသူတို့အား လေးနက်စွာ တိုက်တွန်းအပ်ပါသည်။
၁၅။ ပြည်ထောင်စု လွှတ်တော်၊ အမျိုးသားလွှတ်တော် များတွင် တိုင်းပြည်ဝန် ထမ်းဆောင်နေကြသော ပြည်သူ့ကိုယ်စားလှယ် စင်စစ်များ အတွက် လည်း တိုင်းပြည်နှင့် လူမျိုး နိုင်ငံသားများ အတွက် အရေးတကြီးစဉ်းစား ပြင်ဆင် ရေးဆွဲပြဌာန်းအပ်ပါသော ပြည်ပရောက် မြန်မာ နိုင်ငံသားများ အပေါ် မျှတသည့် အခွန်ကောက်ခံပုံ နည်းစနစ် နှင့် အဆိုပါ ရွှေ့ပြောင်း လုပ်သားမြန်မာနိုင်ငံသားများမှ မွေးဖွါးလာသော ကလေးသူငယ်များ အတွက် ပညာရေး၊ ကျန်းမာရေး၊. လူမှုရေး နိုင်ငံသား အခွင့်အလမ်း တန်းတူညီမျှသည့် ဥပဒေ အကာကွယ် ရရှိရေး။ အခြေခံ ဥပဒေ ၊ လုပ်ထုံးလုပ်နည်း ဥပဒေ တို့ကို အမြန်ဆုံး ရေးဆွဲပြဌာန်း မေးမြန်း အဆိုတင်သွင်းပေးနိုင်ပါရန်
နေမျိုးဇင်
ပြည်သူ့ ဘက်တော်သား
သြဂုတ်လ (၂၇) ရက်။ ည ကိုးနာရီနှစ်ဆယ့်ငါး မိနစ်