အမျိုးသားစာပေဆုရ စာရေးဆရာကြီး လင်းယုန်သစ်လွင် ကွယ်လွန်ခြင်း ၂၁နှစ်ပြည့် အထိမ်းအမှတ်နဲ့ ဆရာကြီးရဲ့ ဇာတိမြေမှာ မူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းတဲ့ အခမ်းအနားကို သြဂုတ် ၃၁ရက်မှာ ကျင်းပခဲ့ပါတယ်။ ဆရာကြီးရေးခဲ့တဲ့ ကိုယ်တွေ့ချွေးတပ်စခန်းအကြောင်း ရုပ်ရှင်ရိုက်သင့်လား။
တို့ကျေးရွာ၊ သီတာသောင်ခြေဦး၊ ယိုးဒယား-မြန်မာမီးရထားလမ်း ကိုယ်တွေ့ ချွေးမှတ်တမ်း၊ ဓမ္မဝိသာလာ စတဲ့စာအုပ်တွေနဲ့ စာပေဆုတွေရရှိခဲ့တဲ့ ဆရာကြီး လင်းယုန်သစ်လွင် ကွယ်လွန်ခဲ့တာ ၂၁နှစ်ရှိပြီး အခုလို နှစ်ပတ်လည်မှာ ဆရာကြီးရဲ့ မွေးရပ်မြေဖြစ်တဲ့ ညောင်တုန်းမြို့ ကျွန်းထိပ်ပိုင်းမှာ မူလတန်းကျောင်းသစ် ဆောက်လုပ်လှူဒါန်းသွားမယ်လို့ လင်းယုန်သစ်လွင် စာပေထိန်းသိမ်းရေး ကော်မတီက ပြောပါတယ်။
ဆရာကြီး ကွယ်လွန်ချိန်မှာ ဇနီး၊ သားသမီး ကျောထောက်နောက်ခံမရှိတဲ့အကြောင်း၊ ဆရာကြီးသာ အသက်ရှင်နေဦးမယ်ဆိုရင် အသက် ၉၇နှစ် ရှိမှာဖြစ်တယ်လို့ မောင်ငြိမ်းသူ (ကြို့ပင်ကောက်)က ပြောပါတယ်။
ဆရာကြီး လင်းယုန်သစ်လွင်ကို လေးစားအားကျတဲ့ ဒါရိုက်တာ ကြည်စိုးထွန်းက သူအကြိုက်ဆုံး ဝတ္ထုက ချွေးတပ်စခန်းနဲ့ ဓမ္မဝိသာလတို့ဖြစ်ပြီး ဓမ္မဝိသာလာကိုတော့ မြင့်မြင့်ခိုင်က ရိုက်ကူးနေပြီး ချွေးတပ်စခန်းကိုလည်း ရုပ်ရှင်ရိုက်သင့်တယ်လို့ ပြောပြပါတယ်။
စာရေးဆရာကြီး လင်းယုန်သစ်လွင်ရဲ့ ဇာတိမှာ ဆောက်လုပ်လှူဒါန်းမယ့် မူလတန်းကျောင်းအတွက် ကုန်ကျငွေ ကျပ်သိန်း ၉ဝရှိပြီး လက်ရှိမှာတော့ အလှူငွေ သိန်း ၄ဝရထားတာကြောင့် အမိုးအကာလောက်ပဲ ဆောက်လုပ်ဖို့ကျန်တော့တယ်လို့ ကာတွန်းကြည်ဝင်းက ပြောပါတယ်။ ဆရာကြီးရဲ့ ချွေးတပ်မှတ်တမ်းကို ရုပ်ရှင်ရိုက်စေချင်တယ်လို့ သူကလည်း ဆိုပါတယ်။
မြောက်ဥက္ကလာ စံပြ ၈ရပ်ကွက် သာသနဝိသုဒ္ဓိ ဓမ္မာရုံမှာ ကျင်းပတဲ့ အခမ်းအနားကို စာပေနဲ့ အနုပညာအသိုင်းအဝိုင်းက တပည့်တပန်းတွေ၊ လင်းယုန်သစ်လွင် စာပေထိန်းသိမ်းရေးကော်မတီက တာဝန်ရှိသူတွေ၊ ညောင်တုန်းက ဆရာတွေလည်း တက်ရောက်ခဲ့ပါတယ်။
Kamayut media