photo..Irrawaddy
ပီနန်ဆရာတော်ကြီးက မဟာသန္တိသုခနဲ့ စပ်နွယ်ပြီး တရားရင်ဆိုင်နေရသည့် သံဃာငါးပါး အမှုနှင့် စပ်လျဉ်း၍ ဆရာတော်က ကျောင်းပိုင်ဆိုင်ကြောင်း အထောက်အထားကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက သက်သေစာအဖြစ် စက်တင်ဘာ ၁ရက်က လက်ခံခဲ့သည်။
"တရားရုံးကို စာနှစ်စောင်တင်တာ တစ်စောင်လက်ခံတယ်။ အမှုနဲ့ပတ်သက်ပြီးသက်သေခံတဲ့နေရာ ဒီစာက အကျိုးသက်ရောက်မှုရှိပါတယ်"ဟု တရားလွှတ်တော်ရှေ့နေဦးသိန်းထွန်းက မဇ္ဈိမကို ပြောသည်။
ရန်ကုန်အရှေ့ပိုင်ခရိုင်သို့ ပီနန်ဆရာတော်က မဟာသန္တိသုခကျောင်းသည် မိမိကျောင်းဖြစ်သောကြောင်း၊ ဂေါပဂအဖွဲ့ဝင်များ အပါအဝင် မဟနမှစေလွှတ်ထားသည့် သံဃာတော် များအား ကျောင်းအတွင်းမှ ၇ရက်အတွင်း ဖယ်ရှားပေးရန် ရေးသားထားသည့်စာကို တရားရုံမှလက်ခံခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ပီနန်ဆရာတော်မှ သက်သေခံအဖြစ် ဆရာတော်၏ အမှုနှင့်ပတ်သက်ပြီး မဟန ဆုံးဖြတ်သည့်လုပ်ထုံ၊ လုပ်နည်းများသည် တရားဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း၊ ကျောင်းတော်မှဖယ်ရှားမပေးနိုင်ကြောင်း၊ မဟန အနေဖြင့် မဟာသန္တိသုခကျောင်း ပိုင်ဆိုင်မှု မရှိသည့် အတွက် သမ္မတကြီးမှ အငြင်းပွားမှုအား ဖြေရှင်းပေးရန် ပို့သည့်စာကိုမူ တရားရုံးမှ အမှုနှင့် မဆိုင်သောကြောင့် ပယ်ချခဲ့သည်ဟု ရှေ့နေဦးသိန်းထွန်းက ပြောသည်။
ဇွန်လ ၁၁ရက်က သံဃာ့နာယကဆရာတော်များနှင့် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို ချိတ်ပိတ်ကာ ကျောင်းတိုက်အတွင်း သီတင်းသုံးနေထိုင်နေသော သံဃာတော်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဇွန်လ ၁၃ ရက်တွင် လန်ဒန်ဆရာတော်နှင့် သံဃာလေးပါးအား လူဝတ်လဲကာ တာမွေမြို့နယ်တရားရုံးတွင် ရုံးထုတ်၍ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။ ဇွန်လ ၂၀ ရက်တွင် ဖမ်းဆီးခံ သံဃာတော်များကို အာမခံပေး၍ သင်္ကန်းပြန်ဝတ်ပေးခဲ့ပြီး လန်ဒန်ဆရာတော်အပါအဝင် သံဃာများ တရားရင်ဆိုင်နေဆဲ ဖြစ်သည်။
Mizzima news