အခုတလောမှာ နိုင်ငံတကာပြိုင်ပွဲတွေ ထဲ မြန်မာ့ဂုဏ်ဆောင်ဗိုလ်စွဲလို့ အားလုံးက သြဘာပေးတဲ့ လက်ခုပ်သံ တောင်မစဲခင် သ ရဖူရုတ်သိမ်းခံရတဲ့ “အလှမယ်”ကလေးများ သတင်းဖတ်ဖတ်နေရတာ အတော် စိတ်မ ကောင်း စရာပါပဲဗျာ။ တကယ်တော့ သူတို့ လေးတွေ နိုင်ငံတကာ အလှမယ်တွေကြားထဲ ထိပ်တိုက်ယှဉ်ပြိုင် ပထမစွဲတယ်ဆိုတာ တော် ရုံကဲ ... အဲလေ၊ တော်ရုံကျိုးတိုး ကျဲတဲ နည်းနည်းနောနော အရည်အချင်းနဲ့ ရခဲ့တာ မှမဟုတ်တာ။
သူတို့လေးတွေခမျာ အလှပြိုင် ရုံသက်သက်မဟုတ်ဘဲ ဗဟုသုတ တို့၊ တွေးခေါ် မျှော်မြင်နိုင်စွမ်းတို့၊ ဘာသာစကားတို့ကိုလည်း ပြိုင်ကြရရှာတာ။ ဒါတင်မကဘဲ အလှပြိုင် တယ်ဆိုရာမှာလည်း ရိုးရာအ၀တ်အစားတို့၊ ပွဲတက်အ၀တ်အစားတို့အပြင် ကိုယ်ခန္ဓာအလှ အပကို “ပွင့်လင်းမြင်သာ” စွာ ဖော်ပြနိုင်ဖို့ ရေကူးဝတ်စုံတို့ ဘာတို့နဲ့ ပြိုင်ကြရရှာသေး တာ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သရဖူ သိမ်းပိုက် ပြီးပြန်လာတဲ့ အလှမယ်လေးတစ်ဦးက သူ့ အခက်အခဲကိုဖွင့်ဟရာမှာ မြန်မာမိန်းကလေး တစ်ယောက်အနေ နဲ့ ရေကူး ၀တ်စုံဆိုတာ ၀တ် နေကျမဟုတ်တဲ့အပြင် လူပုံအလည်မှာလျှောက် ပြဖို့ဆိုတာ အတော်လေးရှက်မိကြောက်မိ ပါ ကြောင်း၊ ဒါပေမဲ့ ငါနိုင်ငံကို ကိုယ်စားပြုမှုကို “ဖော်ရပြရ”တာပဲ ဆိုတဲ့စိတ်နဲ့ ဇွတ်တင်းပြီး လုပ်ခဲ့ရကြောင်း ပြန်ပြောပြ ပါတယ်။ ဒီနေရာ မှာ ရှက်ခြင်းကြောက်ခြင်းကြောင့် “ပွင့်ပွင့် လင်းလင်း” ”မြင်သာထင်သာ” “ပေါ်ပေါ်လွင် လွင်” ဖော်ရပြရတာဖြင့် အတော့်ကို အခက် အခဲရှိနိုင်တယ်ဆိုတာ သမီးချင်းစာနာပြီး နား လည်ယုံကြည်ပေးရတာပါပဲဗျာ။
ဒါပေမဲ့ ဒီရက်ပိုင်းမှာ အလွန်ကို“ဟစ်”ဖြစ်နေတဲ့ “ရန်ကုန်မြို့သစ်မြေယာ စီမံကိန်း ”ကိစ္စကြီးမှာ “ပွင့်လင်းမြင်သာမှု မရှိပါဘူး” ဆို ပြီး ၀ိုင်းအော်ကြ ပုံကျတော့ အဲဒီအလှမယ် သမီးငယ်လေးများ ကိစ္စနဲ့ လုံးဝ ပြောင်းပြန် ကွာခြားနေပြန်တာ တွေ့ရတယ်ခင်ဗျ။ အဲဒါ ကြီးက မပွင့်လင်းမမြင်သာလို့ မဖော်လို့ မပြလို့ ရှက်စရာဖြစ်နေတဲ့ ကိစ္စကြီးမို့ပါပဲဗျာ။ တကယ် တော့ ရန်ကုန်မြို့ကြီးကို ဖွံ့ဖြိုးစည်ပင်အောင် လုပ်တယ်ဆိုတာ ကြိုဆိုကြရမယ့်ကိစ္စ၊ အများ စုက သဘောတူ ထောက်ခံရမယ့် ဟာကြီး ပါပဲ။ ဒါပေမဲ့ ပြည်သူ ကိုအလေးဂရုပြုပြီး ဘယ်လိုလုပ်ပါမယ်၊ ဘယ်လို အကျိုးရှိနိုင် ပါတယ်၊ အဲဒါကြောင့် ဒါတော့ လုပ်ခွင့်ပြုစေ ချင်တယ်ခင်ဗျလို့ (ပြည်သူ့ကိုယ်စားလှယ် များကို ဖြစ်ဖြစ်) လေးလေးစားစား ချပြခွင့် တောင်းရပါမယ်။ အဲဒါ သဘောတူကြတယ် ဆိုရင် တာဝန်ယူဆောင်ရွက်မယ့် စီမံကိန်းအ ကောင် အထည်ဖော်မယ့်သူ (Developer) များကအစ ဘယ်လိုရွေးမယ်ဆိုတာ ၀ိုင်းဝန်းဆွေး နွေး အတည်ပြုဖို့လိုတာကိုး။ ပညာရှင်များ ရော၊ အများပြည်သူ က ၀ိုင်းပြီး (ပုံမှန်မဲနဲ့ပါ အားမရလို့ ကြိုတင်မဲကြီးများနဲ့တောင်) တင် မြှောက် ထားရတဲ့ လွှတ်တော် ကိုယ်စားလှယ် များပါ ၀ိုင်းစဉ်းစားအတည်ပြုပေးဖို့ လိုမှာကိုး။ ဒီလိုဆွေးနွေးတော့မှ “ဟ၊ ပွင့်ပွင့်လင်းလင်း ပြောလို့ဆိုလို့ရသကွ၊ ဘာလုပ်မယ်၊ ဘာဖြစ် မယ်ဆိုတာလည်း မြင်သာသဟ၊ ဒီမိုကရေစီ ဆိုတာ ဒါမျိုးမှပေါ့ကွ” အားလုံးက အားရ ကျေနပ်ကြမှာကိုး။
အခုတော့ ဒီလိုမဟုတ်ပဲ သြဂုတ်လ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် န၀မပုံမှန်အစည်းအဝေးမှာ ရုတ်တရက်ကြီး ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ၀န်ကြီးချုပ်ဦး မြင့်ဆွေဆီပေးပို့တဲ့ သ၀ဏ်လွှာထဖတ်ပြီး မြေဧက သုံးသောင်းတောင်ပါတဲ့ ရင်းနှီးမြုပ် နှံမှုကျပ်ဘီလီယံခုနှစ်ထောင်အပြင် အမေရိ ကန်ဒေါ်လာ ရှစ်ဘီလျံတန် (အားလုံး ပေါင်း အမေရိကန်ဒေါ်လျာ ၁၅ ဘီလီယံ ဖိုးကြီး)ကို အသိပေးလိုက်တော့ အားလုံး အံ့သြသွားကြ တယ်ဆိုပဲ။ ဒီနေရာမှာ လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာညိုညိုသင်းက ဒီသ၀ဏ်လွှာ ကို လွှတ်တော် ကိုယ်စားလှယ်များ လေ့လာ နိုင်အောင် ဝေငှပေးပြီး ဆွေးနွေး ခွင့်တောင်း တာလည်း ဘာမှမထူးဖူးလို့ ဆိုတယ်။ ဒါပေမဲ့ လွှတ်တော်တွင်း မှာရော ပြင်ပကပါ ဖိအား တွေဆက်ပေးကြရာမှာ ဒေါ်ညိုညိုသင်း က ဆိုရင် ဒေးလီးအလဲဗင်းမှာ ဖော်ပြခဲ့တဲ့ “တစ် ပြည်လုံးကို နလပိန်းတုံး ထင်နေလား” ဆိုတဲ့ သတင်းဆောင်းပါးကို အစိုးရအဖွဲ့ကိုလည်း ဝေ၊ လွှတ်တော် ကိုယ်စားလှယ်အတော်များများကိုလည်း ပေးလိုက်နိုင်ပါသတဲ့။ စတုတ္ထ နေ့ အစည်းအဝေးမှာတော့ ဒေါ်ညိုညိုသင်း က သိမ်ဖြူကွင်းမှာ တင်ဒါခေါ်ပြီး ရွေးပေး ခဲ့သလို ယခုစီမံကိန်းကိုလည်း တင်ဒါစနစ်နဲ့ လုပ်သင့်ပါတယ်ဆိုတာ တင်ပြခဲ့ ပါသတဲ့။
အဲဒီမှာ “တစ်ပြည်လုံး နလပိန်းတုံး မ ဟုတ်မှန်းသိပါပြီ”လို့ တုံ့ပြန်တဲ့သဘောနဲ့ သြ ဂုတ်လ ၂၈ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်း ထုတ်ပြန်ချက်ထုတ် ပြန်ပြီး မကြာမီကာလအတွင်း ပွင့်လင်းမြင် သာစွာဖြင့် ရန်ကုန်မြို့သစ် စီမံကိန်း ဒီပလို ပါတင်ဒါခေါ်ယူခြင်းကို ဆောင်ရွက်ပြီး အားလုံး ပူးပေါင်းပါဝင်နိုင်မည့်အခွင့်အလမ်းများ ကို ဖန်တီးသွားမည်ဖြစ် ပါကြောင်း ဆိုပြီး အသိ ပေးလာတာ အားလုံးသိပြီးဖြစ်မှာပါပဲ။ အခု လိုကြေညာချက် ထုတ်လိုက်တာဟာ အများ ပြည်သူရဲ့ထင်မြင်ချက် (Public Opnion) ကို ဂရုစိုက်တဲ့ သဘောမို့ ဒီမိုကရေစီအစိုးရ အဖွဲ့မျိုးနဲ့ ဆင်တင်တင်ဖြစ် လာတာ ကတော့ ကြိုဆိုရမယ့်ကိစ္စပါပဲ။
ဒါပေမဲ့ ဖုံးဖုံးဖိဖိနဲ့ ကိုယ် ကျိုးစီးပွား ၀ိုင်းရှာ၊ မြေတွေအသိုင်းအ၀ိုင်း လိုက် ၀အောင်ဝိုင်းဝယ်ပြီးကာမှ အရှက်မဲ့သိက္ခာ မဲ့ ဖော်ထုတ်လာတဲ့ ဒီစီမံကိန်းကို ၀ိုင်း လက် ညှိုးအထိုးခံရကာမှ “ပွင့်လင်း မြင်သာတော့ မှာပါ၊ မြင်သာတော့ မှာပါ” လို့ လုပ်လာတာ ကိုတော့ ကြည်ကြည်ဖြူဖြူလက်ခံဖို့ ခက်လှ ပြီး “ယုံ ရခက်ခဲ ခက်လှစွာပေါ့ နောင်များတစ်ခါ” ဆိုတဲ့ သီချင်းကို ပြည်သူတွေ ရင်တွင်းက ပဲ့တင်ထပ် ဆိုချင်ကြမှာပါပဲ။
ဒီစီမံကိန်းကြီးကို စီးပွားရေးလောကက လူများရော၊ ပြည်တွင်းပြည်ပမှာပါ တစ်ခါမှ မကြားဖူးတဲ့ မြန်မာ့ စေတနာမြို့သစ်ကုမ္ပဏီ ဆိုတာကြီးက အကောင် အထည် ဆောင်ရွက် မယ့်အကြောင်း လွှတ်တော်ကို မြို့တော်ဝန်က ပေးပို့တဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားတာပါ။ ဒီအကြောင်းလွှတ်တော်မှာလည်း ဆွေးနွေး ခွင့်မပေး၊ သ၀ဏ်လွှာကိုလည်း လေ့လာဖတ် ခွင့်မရနဲ့ လွှတ်တော်ကိုယ် စားလှယ်ကြီးများ ကို “ဒုန့်ကဲ”လုပ်ထားချိန်မှာပဲ မီဒီယာများက ၀ိုင်းရေး၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများနဲ့ ပင်တိုင်ဆောင်းပါးရှင်များက အသံလွှင့်မီဒီ ယာ ကနေ ဝေဖန်ဖိအားပေးနဲ့ တစ်ပတ် လောက် အတွင်းမှာ “တင်ဒါခေါ်မှာပါ၊ အားလုံး ပါရမှာပါ၊ ပွင့်လင်းမှာပါ၊ မြင်သာမှာပါ၊ အား လုံးကျေနပ်အောင် လုပ်ပြမှာပါ”စသဖြင့် လေ သံပြောင်းသွားတာပါ။
အထူးအခွင့်အာဏာရ စာရင်းပေါက်ခဲ့တဲ့ မြန်မာ့စေတနာမြို့သစ် ကုမ္ပဏီ ဆိုတာကြီးဟာ လိပ်စာပေးထားတဲ့နေရာမှာလည်း ရုံးခန်းဖွင့် မထားဘူးတဲ့။ ပြီးတော့ စီးပွားရေးလောကမှာ လူသိထင်ရှားရှိလှသူမဟုတ်တဲ့ ဦးသက်ဦး ဆိုသူက မန်နေးဂျင်းဒါရိုက်တာအဖြစ် တာ ၀န်ယူထားပြီး စီမံကိန်းဖော်ဆောင်ရာမှာ ပါ ၀င်ကျရောက်တဲ့ ကျေးရွာသား ဆယ်ဦးကို “ဒါရိုက်တာ”တွေ အဖြစ် ခန့်အပ်ထားတယ်ဆိုပဲ။ (အများပိုင်ဆိုတဲ့အတိုင်း တကယ့်ကို ပိုင်ပါ့ဗျာ နော်)။ ပြီးတော့ ဦးသက်ဦးက ကြည့်မြင်တိုင် ဗားကရာနဲ့ တစ်ဖက်ကမ်း အလတ်ချောင်း ကျေးရွာကို တံတားထိုးခြင်းနဲ့ စီမံကိန်းကို စတင်မယ့်အကြောင်း ဒေသခံများကို ပြောပါ သတဲ့။
တံတားနဲ့မလွတ်တဲ့အိမ် တွေကို ဖယ် ရှားပြီး စေတနာအိမ်ရာဆိုတဲ့ လုံးခြင်း အိမ်တွေ ဆောက်ပေးဦးမှာ၊ အဲဒီအိမ်တွေမှာ ပရိဘောဂ တွေနဲ့အတူ မစ်ဆူဘီရှီအဲယားကွန်းအကောင်း စားကို တပ်ပေးဦးမှာလို့လည်း ပြောပြသတဲ့။ ဒါပေမဲ့ မီဒီယာများကိုတော့ လက်ခံစကား မပြောပါဘူးတဲ့။ ဒီလောက်များပြားတဲ့ ရင်းနှီး ငွေများ ဘယ်ကလာတယ်ဆိုတာလည်း မ ပြောပါဘူးတဲ့။ (သူလည်း အေဂျီဒီဘဏ်ပိုင်ရှင် အသစ်ပါလို့ ဆိုနေသူ ကိုကျော်နေ၀င်းတို့ညီ အစ်ကိုတစ်စုလို တရုတ်ပြည်အစိုးရပိုင် ကုမ္ပဏီ က ငွေကိုယူသုံးနိုင်စွမ်းတဲ့ သူ့အဘိုးသူငယ် ချင်းတို့၊ အဘွားရဲ့သယ်ရင်းတို့ဘာတို့ ရှိချင် လည်းရှိ မှာပေါ့နော်)။
ဒီကုမ္ပဏီနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က အဲဒီကုမ္ပဏီကြီးဟာ မြို့တော်ဝန်ဦးလှမြင့်တို့၊ ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့၊ ဒုသမ္မတဟောင်း သီဟသူရဦးတင်အောင်မြင့်ဦးတို့ရဲ့သား များနဲ့ ဖွဲ့စည်းထားတာလို့ စွပ်စွဲလိုက်ပါသတဲ့။ The Irrawaddy ဂျာနယ်မှာ ဖော်ပြ ထားတာ ကတော့ ဒီကုမ္ပဏီရဲ့နောက်ကွယ်မှာ တရုတ် နွယ်ဖွား ရှောက်ပန်းနဲ့ရှောက်စန်း ဆိုတဲ့ ညီအစ် ကိုနှစ်ယောက် ရှိနေကြောင်း၊ သူတို့ဟာ စစ် အစိုးရဗိုလ်ချုပ်တွေ ၀န်ကြီးတွေနဲ့ ရင်းနှီးလှ ပြီး ဒီအထဲမှာ ဦးမြင့်ဆွေကို ဒုဗိုလ်ချုပ်ကြီး ဘ၀ကတည်းက အထူးရင်းနှီး သူဖြစ်ကြောင်း၊ ယခုစီမံကိန်းကိစ္စကို ဦးမြင့်ဆွေက သမ္မတ ထံ တင်ပြစည်းရုံးပြီး မီးစိမ်းပြမှု အရယူထား နိုင်ခဲ့ကြောင်း စသဖြင့် စုံစမ်း ဖော်ပြထားတာ ကိုလည်း ဖတ်ရပါတယ်။ (အင်း-ရင်းနှီးမြုပ် နှံမှုဆိုတဲ့အတိုင်း ရင်းနှီးမှလည်း မြုပ်နှံလို့ရ တာမို့ အထူးရင်းနှီးသူကို အထူးမြုပ်နှံခွင့်ပေး တာပဲ ဖြစ်မှာပေါ့ဗျာ)။
လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ စွပ်စွဲ ချက်အရ သားတွေစုဖွဲ့ထားတဲ့ ကုမ္ပဏီ လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဆိုတော့ ဒီလောက် ကြီးတဲ့ စီမံကိန်းကို အာဏာရှိသူတွေ အနေနဲ့ စိတ်ချယုံကြည်ရသူကိုပဲ ပေးချင်မှာမို့ ကိုယ့် သား ထက် စိတ်ချရတာတော့ ဘယ်ရှိမလဲ နော်။ ဒီတော့ ဒါလည်းဖြစ်နိုင်ပါတယ်။ ဒီလို မဟုတ်ပဲ ဦးသန်းဦးနောက်ကွယ်မှာ ရှောက် ပန်းတို့ညီအစ်ကို၊ သူတို့နောက်ကွယ်မှာ အာ ဏာပိုင်လူကြီးမင်းတို့ရဲ့ သားတော် သမီးတော် များ၊ သူတို့နောက်ကွယ်မှာ သားတော်သမီး တော်များရဲ့ မိခင်ကြီးများ၊ သူတို့နောက်ကွယ် မှာမှ ကန့်လန့်ကာကြားက ဘောင်းဘီချွတ် ဖခင်ကြီးများ စသဖြင့်များ ဖြစ်မလားမသိပါ ဘူး။ ဘာပဲဖြစ်ဖြစ် အခုနောက်ဆုံးမှာ ပွင့် လင်းမြင်သာစွာဖြင့် “အားလုံးပါဝင်နိုင်အောင် လုပ်ပေးပါမယ် ခင်ဗျား””လို့ ကျယ်ကျယ် လောင် လောင် အသံကုန်ဟစ်နေပြန်တာဖြင့် တရုတ်ပြည် က ရှောက်ပန်းတို့ အမျိုးတွေတောင် ကြားပြီး အားလုံးပါနိုင်တာကို အတော်ဝမ်း သာသွားလောက်ပါတယ်။
ဒီတော့ ကျွန်တော်စဉ်းစားမိတာကတော့ မြန်မာ့စေတနာ မြို့သစ်ကုမ္ပဏီ ဆိုတာက ကျွန် တော်တို့အများပြည်သူ ကို တကယ်စေတနာ ရှိတာလားဆိုတာ အားလုံးက သံသယဖြစ် စရာဖြစ်လာရတာတော့ သေချာနေပါတယ်။ ကျွန်တော် တို့ရဲ့ ဖြတ်သန်းကြုံတွေ့ရမှုအရ ပြောရရင် ဆိုရှယ်လစ်ဆိုတာလည်း “မြန်မာ့ ဆိုရှယ်လစ်” လုပ်လိုက်တဲ့အခါ လစ်ရင် လစ် သလိုတွယ်ကြတဲ့ စနစ်ကြီး အဖြစ် မြောင်းထဲ ရောက်ခဲ့ပါတယ်။ “ဒီမိုကရေစီ”ဆိုတော့လည်း “မြန်မာ့နည်းမြန်မာ့ ဟန် ဒီမိုကရေစီလုပ်လိုက် တဲ့အခါ “လူဆိုးဂိုဏ်းလို အုပ်စုဖွဲ့ပြီး အများစု မဲနဲ့ အနိုင်ကျင့်တဲ့စနစ်”အဖြစ် နာမည်ပျက် ရပါတယ်။ အခုလည်း မြန်မာ့စေတနာဆိုတော့ အင်း၊ “စေ”သမျှ “နာ” မှာကတော့ သေချာနေ တာပါပဲ။
နောင်ကို ပွင့်လင်းမြင်သာစွာ တင်ဒါခေါ် ပြီး ယခု အားလုံးကထောက်ပြ ကန့်ကွက်နေ တဲ့ ရုံးခန်းမရှိဘာမရှီ မြန်မာ့စေတနာကုမ္ပဏီ အစား တခြား ကုမ္ပဏီအသစ်များ ဒဘယ်လ် လိုပါအဖြစ် တင်ဒါရသွားနိုင်မှာပါပဲ။
ဒါပေမဲ့ ““မြန်မာ့စေတနာ””နေရာမှာ (လူ စားဝင်ကစားမယ်သူက) “ရှောက်ပန်းမေတ္တာ“တို့၊ “ရှောက်စန်း မုဒိတာ”တို့ဖြစ်ချင်ဖြစ် သို့မ ဟုတ်ရင် (ကျွန်တော်တို့ ပြည်သူအကျိုးကို လှည့်ကြည့်မှာမဟုတ်တဲ့) “သောက်ရမ်းဥပေ က္ခာ” ကုမ္ပဏီတို့ ဖြစ်ချင်ဖြစ်နေမှာကိုလည်း တွေးပူနေရကြောင်းပါဗျာ။
ဆောင်းပါးရှင် - ရီနေနိုင်
The Ladies News Journal