မြေဝယ်သူတွေ၊ မြေပွဲစားတွေ ခြေချင်းလိမ်နေတဲ့ ရန်ကုန်တစ်ဖက်ကမ်းက မြို့သစ်စီမံကိန်းနေရာမှာ လာဝယ်သူ အများစုက တရုတ်လူမျိုးတွေဖြစ်ပြီး .လယ်လုပ်မယ့်သူ၊ လယ်ပိုင်ရှင်တွေ မရှိတော့ဘဲ မြို့သစ်စီမံကိန်းရဲ့ မြေတွေအကုန်နီးပါး တရုတ်လူမျိုးတွေလက်ထဲ ရောက်သွားပြီလို့ ပန်းသတင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ကိုဇော်မင်းဦးကပြောရန်ကုန်မြို့သစ်စီမံကိန်းကို တွံတေး၊ ဆိပ်ကြီးခနောင်တိုနဲ့ ကြည့်မြင်တိုင်မြို့နယ် ၃ခုရှိရာ ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်းကြား၊ ရန်ကုန်မြစ်နဲ့ လှိုင်သာယာ-တွံတေးကားလမ်းကြား ဧက ၃သောင်းကျော်မှာ တည်ဆောက်မယ်လို့ ရန်ကုန်အစိုးရ ကြေညာပြီး တစ်ပတ်ကျော်အကြာမှာ မြေဈေးတွေ ကြောက်ခမန်းလိလိ ထိုးတက်သွားပါတယ်။ လယ်မြေတွေ သိမ်းကြုံးဝယ်ယူနေတာ ဘယ်သူတွေလဲ။
လှိုင်သာယာအထွက် ပန်းလှိုင်မြစ်ကူးတံတားကနေ ဘုရားငုတ်တိုလမ်းဆုံအထိ ၁၁မိုင်ရှည်တဲ့ လှိုင်သာယာ-တွံတေး ကားလမ်းတစ်လှောက် လယ်ယာမြေအကုန်နီးပါး ရောင်းချလို့ ပြီးသွားပါပြီ။ တစ်ဧကကို ကျပ် သိန်း ၄ဝဝကနေ ဈေးပေါက်ခဲ့ရာက အခုတော့ ကျပ်သိန်းထောင်ချီဖြစ်သွားလို့ လယ်သမားတွေလက်ထဲ ငွေသီးနေပါတယ်။
မြေဝယ်သူတွေ၊ မြေပွဲစားတွေ ခြေချင်းလိမ်နေတဲ့ ရန်ကုန်တစ်ဖက်ကမ်းက မြို့သစ်စီမံကိန်းနေရာမှာ လာဝယ်သူ အများစုက တရုတ်လူမျိုးတွေဖြစ်ပြီး ငွေကိုလက်ငင်းချေသွားတဲ့အကြောင်း၊ ကားလမ်းတစ်လျှောက် လယ်တွေကုန်သွားလို့ ရေနက်ကွင်းဘက်ကိုပါ လိုက်ဝယ်နေကြပြီလို့ ဘုရားငုတ်တိုရွာက ဒေါ်ကြီးမေက ပြောပြပါတယ်။
ဘုရားငုတ်တို၊ ရေကျော်၊ ခရမ်းဝ၊ တမံကြီး၊ ဘုရားငူ စတဲ့ ကျေးရွာတွေက လယ်သမားတွေရဲ့ ကားလမ်းဘေးတစ်လျှောက် လယ်မြေတွေ ကျပ်သိန်းထောင်ချီ အရောင်းအဝယ်တွေ နေ့စဉ်လိုလို ဖြစ်နေဆဲဖြစ်ပြီး ဆိုင်ကယ်ကယ်ရီသမားတွေကို မြေပွဲစားတွေက သတိပေးထားလို့ သတင်းမီဒီယာတွေကို ဖြေဆိုဖို့ ငြင်းဆန်နေကြပါတယ်။
လယ်လုပ်မယ့်သူ၊ လယ်ပိုင်ရှင်တွေ မရှိတော့ဘဲ မြို့သစ်စီမံကိန်းရဲ့ မြေတွေအကုန်နီးပါး တရုတ်လူမျိုးတွေလက်ထဲ ရောက်သွားပြီလို့ ပန်းသတင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ကိုဇော်မင်းဦးက ကမာရွတ်မီဒီယာကို ပြောပြပါတယ်။ ဈေးတွေ မတန်တဆပေးဝယ်ကြလို့ လယ်မရောင်းတဲ့ လယ်သမား မရှိသလောက်ဖြစ်နေသလို လက်ထဲကငွေတွေနဲ့ စီးပွားရေး မလုပ်တတ်တာမို့ ကြာရင် စားဝတ်နေရေး ထိခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီလို့ နာမည်ခံထားတဲ့ တရုတ်လူမျိုးပိုင်ကုမ္ပဏီကို ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဒေါ်လာ ၁၅ဘီလီယံလောက်ကုန်ကျမယ့် ဒီမြို့သစ်စီမံကိန်းကို လုပ်ပိုင်ခွင့်ပေးထားတယ်လို့ ကြေညာအပြီး ၆ရက်အကြာမှာ ပွင့်လင်းမြင်သာမှုရှိအောင် တင်ဒါခေါ်မယ်လို့ ထုတ်ပြန်ခဲ့တာကလွဲလို့ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ရန်ကုန်အစိုးရက သတင်းအမှောင်ချထားပါတယ်။
Kamayut media