


သတ်ရင်လည်းသေ၊ ထားရင်လည်းနေ
ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည်အများပြည်သူ လူသားများအတွက် နာရေး၊ ကျန်းမာရေး၊ ပညာရေး၊စစ်ဘေး၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်ဝန်ဆောင်မှုလုပ်ငန်း ရပ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းစိမ်းလန်းစိုပြေရေးနှင့် သဘာဝဘေးဒဏ်ခံ လူသားတို့အတွက်အများပြည်သူ လှူဒါန်းထားသော အလှူငွေတို့ဖြင့် စိတ်ဓါတ်ခွန်အားပရဟိတအားမာန်တို့ဖြင့် ပံ့ပိုးကူညီ ဖေးမပေးလျှက် ရှိသည်။
ထိုသို့ ကူညီဖေးမပေးရင်းဖြင့် အလျင်းသင့်သလိုလူမှုရေးအသင်းအဖွဲ့ ဖွင့်ပွဲများ၊ ပရဟိတဟော ပြောပွဲများအားလည်းမိမိတို့ လုပ်ဆောင်ပေးဆပ်လျှက်ရှိသည်။ ၆.၉.၂ဝ၁၄ ရက်နေ့တွင်မကွေးတိုင်း ဒေသကြီး၊ ရေစကြိုမြို့နယ်၊ စည်သာစံပြကျေးရွာရှိ “မေတ္တာရှင်” နာရေးကူညီမှုအသင်း ဖွင့်ပွဲအခမ်းအနား သို့သွားရောက်ခဲ့ရာ လွန်ခဲ့သော (၅) လခန့်က မုံရွာမြို့ ဟောပြောပွဲ၌ခင်မင်ရင်းနှီးခဲ့သော ဦးကျော်ဇော် + ဒေါ်ဥမ္မာသန်းဇနီးမောင်နှံနှင့် တွေ့ဆုံခဲ့ရပြန်သည်။ ယင်းဇနီးမောင်နှံသည်မကွေးတိုင်းဒေသကြီး၊ ရေစ ကြိုမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာတွင်တည်ရှိသော “မေတ္တာစိမ့်စမ်း” ဘေးမဲ့ဥယျာဉ် ထူထောင်ထားသောပရဟိတ ဇနီးမောင်နှံဖြစ်သည်။ သူတို့ဇနီးမောင်နှံသည် “မေတ္တာရှင်”နာရေးကူညီမှုအသင်း ဖွင့်ပွဲပြီးစီး သွားသည့်အချိန် ညောင်ဦးမြို့သို့အပြန်လမ်းတွင် သူတို့၏ “မေတ္တာစိမ့်စမ်း” ဘေးမဲ့ဥယျာဉ်သို့ ဝင်ရောက်လေ့လာရန် ဖိတ်ကြားခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ဇနီးမောင်နှံနှင့် အသင်းသားအချို့သည် အသင်းဖွင့်ပွဲပြီးဆုံးသည်နှင့် နေ့လည် (၁၂းဝဝ) နာရီခန့်တွင် အပြန်လမ်းရှိကားလမ်းဘေး၌ တည်ရှိသော “မေတ္တာစိမ့်စမ်း” ဘေးမဲ့ဥယျာဉ်သို့ဆိုက်ဆိုက်မြိုက်မြိုက် ကြီးရောက်ရှိသွားတော့သည်။
“မေတ္တာစိမ့်စမ်း” ဘေးမဲ့ဥယျာဉ်ရှေ့သို့ မော်တော်ကားဆိုက်ရောက်သွားသည်နှင့် ကျွဲကြီးတစ် ကောင်သည်ကျွန်တော်တို့အား ခရီးဦးကြိုပြုနေသည်။ သူ၏မျက်လုံးအစုံတို့သည်မျက်ရည်စများ စီးဆင်း ကျနေသည်ကို ဦးစွာမြင်တွေ့မိသည်။သူ့အကြောင်းအား ဦးကျော်ဇောနှင့် ဒေါ်ဥမ္မာသန်းတို့က ကျွန်တော်တို့အဖွဲ့အား ပြောပြတော့သည်။ “ဒီသားကြီးက တရုတ်ပြည်ကိုပို့တဲ့အထဲမှာ ပါတယ်လေ။ အောက်လမ်း (ကုန်းလမ်း) ကနေ သူတို့ကိုခေါ်သွားတာ၊ တရုတ်ပြည်နဲ့ မြန်မာပြည်နယ်စပ် သံလွင်မြစ်ကိုဖြတ်ဖို့ကြိုး စားတဲ့အခါ ဒီသားကြီးက ခေါ်ဆောင်သွားတဲ့သူတွေဘက်ကို လှည့်ပြီးဒူးထောက် တောင်းပန်ကန်တော့ တယ်။မျက်ရည်စတွေ ကျဆင်းလာတယ်။ သူ့ကို ဘယ်လိုနည်းနဲ့ဆွဲခေါ်ဆွဲခေါ် ထမလိုက်တော့ဘူး။ ဒါကြောင့်ခေါ်ဆောင်သွားတဲ့သူတွေ လက်လျော့ပြီး အဲဒီနေရာမှာပင် ထားခဲ့တာ။ဒါကိုသိတဲ့ ဒေသခံသူ တွေက သူ့ကိုဘေးမဲ့ဥယျာဉ်တစ်ခုခုကို ပို့ဖို့အကြင်နာတရား ပြည့်ဝစွာနဲ့ စုံစမ်းဆက်သွယ်တော့ ကျွန်မတို့ ဆီဆက်သွယ်လာတယ်။ ဒါနဲ့ ကျွန်မတို့လည်း ရှိတဲ့မော်တော်ကားနဲ့အဲဒီဒေသအထိ မောင်းပြီးတော့ သွား ခေါ်ခဲ့ရတာ။ ဒီသားကြီးကကျွန်မတို့ ဒီနေရာကိုရောက်တာနဲ့ အစားအသောက်လည်း ဝဝလင်လင်စား တယ်။ ဒီဂေဟာကို လာလေ့လာတဲ့သူတွေကို အခုလိုပဲခရီးဦးကြိုပြုတယ်။” ဟု ပြောကြားခဲ့သည်။ ထို့ နောက် ကျွန်တော်တို့သည် (၁၅) ဧကခန့်ရှိသော “မေတ္တာစိမ့်စမ်း”ဘေးမဲ့ဥယျာဉ်ဝင်းအတွင်းသို့ ဝင် ရောက် လေ့လာခဲ့ရာ တိရိစ္ဆာန်ပေါင်း(၅ဝဝ) ကျော်ရှိသော ကျွဲ၊ နွား၊ မြင်း၊ ဆိတ်၊ သိုး၊ ယုန်၊ ခွေး၊ ကြက်၊ ဘဲ၊ငန်း၊ ဝက် စသည့် သတ္တဝါများအား မြင်တွေ့ခဲ့ရသည်။ ထိုအထဲတွင်ထူးခြားသော ဆိတ်ဦးခေါင်းနှင့် သိုးကိုယ်ထည် ပါရှိသော သတ္တဝါမှာအထီး၊ အမ အင်္ဂါနှစ်ခုစလုံး ပါရှိနေသည်ကို ထူးခြားစွာ မြင်တွေ့ခဲ့ရသည်။ ထို့ပြင် မျက်စိအမြင်အာရုံ ချို့တဲ့နေသော ဝက်ကြီးနှင့်မွေးရာပါ ခြေတစ်ဖက်မပါသော နွားငယ် လေး တို့အားလည်းမြင်တွေ့ခဲ့ရသည်။ ယုန်ငယ်လေးများ ထားရှိရာအဆောင်သည်မြေပြင်အား အင်္ဂတေ မခင်းထားနိုင်၍ ယုန်ငယ်များ မွေးဖွားလာသောပေါက်စလေးများအား မြေကြွက်ကြီးများမှ လာရောက်ကိုက်ဖြတ်စားသောက်ကြကြောင်း ရင်နင့်ဖွယ် သိရှိခဲ့ရသည်။ထိုတိရိစ္ဆာန်များ၏ ဘဝနိဂုံးချုပ်ရာ၊ နောက် ဆုံးလှဲလျောင်းရာတိရိစ္ဆာန်သင်္ချိုင်းကိုပါ ထိုမြေကွက်ထဲတွင် သီးသန့်ထားရှိသည်ကိုသိခဲ့ရသည်။ ထိုတိရိ စ္ဆာန်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက်ခရိုင်၊ မြို့နယ်ရှိ တိရိစ္ဆာန်ဆေးကုဆရာဝန်များမှ တစ်လ လျှင်တစ်ကြိမ်လာရောက်၍ အခမဲ့ ကုသပေးလျှက်ရှိသည်ကိုလည်းဝမ်းမြောက်ဖွယ်ရာ ကြားသိခဲ့ရသည်။ သူတို့၏ နေ့စဉ်စားသုံးမှုအတွက်ကုန်ကျငွေသည် တစ်လလျှင် (၃၅) သိန်းကုန်ကျသည်ကိုလည်းသိခဲ့ရ သည်။ တချို့သော ရပ်ကွက်များ၊ မြို့နယ်များ၊ နေအိမ်များတွင်လူတကာအား လိုက်လံကိုက်တတ်သည့် ဆိုးသွမ်းလှသည့်ခွေးများအား ထိုဂေဟာသို့ လာရောက်အပ်နှံမှုများအားလည်းပြုလုပ်ကြသည်။ ထူးခြား သည်မှာ ထိုဆိုးသွမ်းလှသည့်ကိုက်တတ်သည့် ခွေးများသည် “မေတ္တာစိမ့်စမ်း” ဘေးမဲ့ဥယျာဉ်သို့ရောက်ရှိ လာသောအခါ လူကို၎င်း၊ တိရိစ္ဆာန်အချင်းချင်းကိုသော်၎င်းရန်မူခြင်း၊ ကိုက်ခြင်းများ မပြုလုပ်တော့သည် ကို တွေ့ရှိခဲ့ရသည်။
“မေတ္တာစိမ့်စမ်း” ဘေးမဲ့ဥယျာဉ် ပေါ်ပေါက်လာပုံမှာဒေါ်ဥမ္မာသန်း သည် လူ့လောကသို့ ရောက်ရှိ လာသောအချိန်တွင်သူမ၏ မိခင်သည် ကျန်းမာရေးချို့ယွင်းလာမှုကြောင့်မိခင်နို့ရည်အား သောက်သုံး ခြင်းမပြုနိုင်သောကြောင့်ငယ်စဉ်ကလေးဘဝကတည်းက သူမတို့ခြံရှိ နွားမကြီး၏ နို့ရည်အားသောက်သုံး ရင်းဖြင့် ကြီးပြင်းလာခဲ့သောကြောင့် လူအမေက မွေးပြီးနွားအမေ၏ နို့ကို သောက်သုံးခဲ့ရသော သူတစ်ဦး ဖြစ်သည်။ထို့ကြောင့် နွားကိုချစ်၍ နွားသားမစားဘဲနှင့်အိမ်ထောင်ကျပြီးနောက်ပိုင်း မိမိတို့ပိုင်ဆိုင်ခဲ့ သော အိမ်၊ ခြံဝိုင်းတို့အား ရောင်းချခဲ့ကာ ယခု ဘေးမဲ့ဥယျာဉ်ရှိရာ မြေ (၁၅)ဧကအား ဝယ်ယူ၍ သတ္တဝါ များအားကယ်တင်စောင့်ရှောက်နေသူဖြစ်သည်။ ပထမဦးစွာမေတ္တာရှင်ဆရာတော် အရှင်ဇဝနမှ လှူဒါန်း မှုများနှင့် အရှင်ဆန္ဒဓိက(ရွှေပါရမီတောရ)၏ တိရိစ္ဆာန်များထားရှိရန် အဆောင်နှင့်ဝန်ထမ်းဆောင်များအ အား လှူဒါန်းမှုများ ပြုလုပ်ပေးခဲ့သည်ကိုသိရှိခဲ့ရသည်။
ထို့ကြောင့် ကျွန်တော်တို့သည် လူသားအချင်းချင်း ကူညီဖေးမမှုပြုလုပ်ခြင်း၊ လူသားချင်းစာနာ စိတ်များ မွေးဖွားခြင်း စသည့်ပရဟိတသမားများ ဖြစ်သော်ငြားလည်း လူသားတို့၏ခိုင်းစေရာအလုပ်ကြမ်း များ၊ လူသားများ စားသုံးရန်အတွက်ကောက်ပဲသီးနှံ ဆန်စပါးတို့အား နေပူမိုးရွာမရှောင် စွမ်းဆောင်ပေးဆပ်နေသော တိရိစ္ဆာန်များ၊ လူသားများ၏ လုံခြုံရေးအတွက်အပင်ပန်း အဆင်းရဲခံ၍ စောင့်ရှောက်ပေး ကြသော သတ္တဝါများ၊စီးပွားရေးသမားများ၏ သစ်ထုတ်လုပ်ရေးတွင် အပင်ပန်းအဆင်းရဲခံပြီးလုပ်ကိုင် ပေးနေကြသော သတ္တဝါများ၊ လူတို့၏ ကျွေးသမျှကိုသာစားသုံးနေရသော သတ္တဝါများ၊ လူသားတို့၏ အသက်ရှင်အင်အားပြည့်ဝရန်အတွက် အသက်စွန့်ပေးခဲ့ကြသောသတ္တဝါများသည် ကျွန်တော်တို့ လူ သားများ၏ ကျေးဇူးရှင်များပင် ဖြစ်ပေသည်။ ထို့ကြောင့် အသက်ရှိသူ အချင်းချင်း မေတ္တာ၊ ဂရုဏာ၊မုဒိတာထား၍ စာနာစိတ်များမွေးကြဖို့ အသိတရားတစ်ခု ကျွန်တော်တို့ ရရှိခဲ့သည်။ ထို့ကြောင့် ကျွန်တော် တို့တွင် ပါရှိလာသောငွေကြေး (၁) သိန်းကျပ်အား လှူဒါန်း ပေးခဲ့ကာ ထပ်မံ၍နာရေးကူညီမှုအသင်း (ရန်ကုန်)မှလည်း ကူညီထောက်ပံ့မှုများပြုလုပ်ပေးပါမည်ဟု ပြောဆိုခဲ့တော့သည်။
သခင်စေလိုရာ
သတ်ရင်လည်းသေ၊ ထားရင်လည်းနေ
စေလိုရာခိုင်း၊ ကျွေးသမျှစားရ၊ ကျွဲ နွား မြင်း တိရိစ္ဆာန်တို့ဘဝ
သက်ရှိချင်းချင်း မေတ္တာနှင်း၍
စာနာထောက်ထား၊ သနားကြင်နာကြပါစို့။
သက်ရှိအချင်းချင်း မေတ္တာ၊ ဂရုဏာ၊ အကြင်နာ၊ စာနာစိတ်များထားရှိကာ ကူညီလှူဒါန်း လိုကြသော စေတနာရှင်မိဘပြည်သူအပေါင်းနှင့် အသင်းအဖွဲ့များ အားလုံးအတွက်ဇီဝိတဒါနကောင်းမှု ကုသိုလ် ပြုလုပ်လိုပါလျှင် ဦးကျော်ဇော(အုပ်ချုပ်ရေးမှူး) ဝ၉ - ၄၇၂ ၁၄ဝ၇၉၊ ဒေါ်ဥမ္မာသန်း (ဘေးမဲ့ဥယျာဉ်အလှူရှင်) ဝ၉ - ၄၇၂ ၁၉၆၉၆၊ ဝ၉ - ၄ဝ၁ ၅ဝ၂၄၁၆ “မေတ္တာစိမ့်စမ်း” ဘေးမဲ့ဥယျာဉ် မကွေးတိုင်း ဒေသကြီး၊ရေစကြိုမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ (ညောင်ဦးမြို့မှပခုက္ကူမြို့သွားရာ မော်တော်ကားလမ်း ယာဘက်အခြမ်း) သို့လူကိုယ်တိုင်သော်၎င်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သော်၎င်းလှူဒါန်းနိုင်ပါ ကြောင်း ဇီဝိတဒါနကောင်းမှုကုသိုလ်အကျိုးဆောင်လိုက်ရပါသည်။
ကျော်သူ