အမျိုးသားပညာရေးဥပဒေ ကန့်ကွက်ဟောပြောပွဲတွေ နဲ့ ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ကြတဲ့ ကျောင်းသား ကျောင်း သူတွေရဲ့ အုပ်ထိန်းသူတွေကို ကျောင်းအုပ် ချုပ်ရေးတွေက ခေါ်ယူသတိပေးတာတွေရှိကြောင်း ဒီနေ့ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်မှာ သတင်းစာ ရှင်းလင်းပွဲကျင်းပပြီး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တွေက ပြောခဲ့ပါတယ်။
ကျောင်းအုပ်ချုပ်ရေးက ဆန္ဒပြလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ တဲ့ ကျောင်းသားတွေကို သတိပေး တားမြစ်တာတွေ ရှိသလို ဆန္ဒပြလှုပ်ရှားမှုတွေမှာ မပါဝင်ဖို့အတွက် ဖိအားပေးတာတွေလည်းရှိတယ်လို့ ရန်ကုန်စီးပွါးရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ ဥက္ကဌ ကိုနန်းဇေ က ပြောပါတယ်။
"၁၀ ရက်နေ့က ကွန်ပျူတာ တက္ကသိုလ်ဗဟန်းမှာ ကျနော်တို့ ရှင်းလင်းပွဲလှုပ်ရှားမှုလုပ်ခဲ့တယ်၊ အဲ့လို ဒီဥပဒေအပေါ်မှာ ရှင်းလင်းလှုပ်ရှားမှု လုပ်တဲ့အခါမှာ ၁၁ ရက်နေ့ကျတော့ အဲ့ဒီကျောင်း ကနေ တာဝန်ခံတဲ့ကျောင်းသား၂ ယောက်ကို ခေါ်ပြီးတော့ ဒီလိုမျိုးလှုပ်ရှားမှုတွေပါဝင်ရာမှာ မိဘတွေကိုယ်တိုင်သိရှိဖို့ ဆိုပြီးတော့ဖိအားပေးတယ်၊ ကျောင်းသားတစ်ယောက်က သူ့ရဲ့လွတ်လပ်ခွင့်နဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်၊ သူ့ရဲ့အခွင့်အရေးအရ ဒါတွေသူ့မှာ ကန့်ကွက်ပိုင်ခွင့်၊ သူ့မှာ ကာကွယ်ပိုင်ခွင့်ရှိတယ်၊ လူတစ်ယောက်ကို သိရှိစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြောလိုက်တာဗျ၊ နောက်ဒီလိုမျိုး လှုပ်ရှားမှုတွေမှာ မပါဝင်နိုင်အောင် ဖိအားပေးလိုက်တာပဲ၊ နောက်ဥပမာဆိုလို့ရှိရင် ၁၁ ရက်နေ့ညနေပိုင်း မှာ နေပြည်တော်မှာရှိတဲ့ မွေးမြူရေးရာ ဆေးတက္ကသိုလ်မှာရှိတဲ့ သမဂ္ဂကျောင်းသားတွေကိုခ်ါပြီးတော့ ကန့်ကွက်ပွဲတွေမှာမပါဝင်ဖို့ နောက်ထပ်မလှုပ်ရှားဖို့ခေါ်ပြီး အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းတယ်"
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ကျောက်ဆည်၊ တောင်ငူစတဲ့ တက္ကသိုလ်တွေက တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တွေက ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
အမျိုးသား ပညာရေးဥပဒေရေးဆွဲရာမှာ ကျောင်းသား ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျွမ်းကျင်ပညာရှင်တွေ မပါတဲ့အတွက် အမျိုးသားပညာရေး ဥပဒေဟာ ကျောင်းသားနဲ့ ပြည်သူကို ကိုယ်စားမပြုကြောင်း၊ အဲဒီဥပဒေမှာ ပြဌာန်းထားတဲ့ အမျိုးသား ပညာရေးကော်မရှင် ဖွဲ့စည်းခြင်းဆိုတဲ့အချက်ကို သဘောမတူကြောင်း၊ တိုင်းရင်းသားဘာသာ စကားကို အခြေခံတဲ့ သင်ကြားရေးစနစ်တွေ ထည့်သွင်းမထားကြောင်းနဲ့ ကျောင်းသားသမဂ္ဂတွေနဲ့ ဆရာ ဆရာမသမဂ္ဂတွေ ဖွဲ့စည်းခွင့်ကို အဲ့ဒီဥပဒေမှာ တရားဝင်ပြဌာန်းမထားကြောင်း စတဲ့အချက်တွေနဲ့ ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။
RFA