“တိမ်ခါး မျှခြေ”
ဓါတ်ပြာရောင် ပဒေသာပင်ရဲ့
ဝိပတ္တိရိုးတံဆင့်မှာ
ပဒိုင်းပွင့်တွေ၊ ၀တ်မှုံကူးတာ မြင်ရဖို့
နမော်နမဲ့ ပုတ်သင်တကောင်၊
ဝမ်းခေါင်ခေါင်နဲ့ တွားတက်
ကိုင်းအတုကြီးထက်ကို။
စင်္ကြာဝဠာ စနစ်ထဲမှာ
စရွေးကိုက်စွဲပြီးသား မျှခြေကို
မျက်တောင်အောက်မှာပျောက်ဆုံး
အဲသလောက်ကို တုံး
အမိုက်နင့်အပြင်ရှိမတုံး
ဂိဇ္ဖက္ကုပ်တောင်ခြေကတီထွေးလုံးရေ ။
လည်ကိန်း သဘောမှ မသိဘဲ
မျှခြေကို စောကြောမိတော့
နြူတန်က နဘန်ကျင်း
ပြင်းလိုက်တဲ့ လက်သံ။
လက်ဖ၀ါးရေစာ မသန့် ရတဲ့ အထဲ
ကိုယ်ပိုင် ခပ်ပါးပါး အသိကို
ဝန်းကျင်က မျက်မှန်စိမ်းတပ်တော့
မိုက်တွင်းထဲ ထိုးထိုးဟပ်။
ဝင်စို့ ထွက်စို့ အခါခါ
ဘ၀ဂျင်ပေါက်တမ်း…ကစားရင်း
သိက္ခာတွေ အဖတ်လိုက်…ကွာကွာကျ
တရွရွ တသသ။
ခေါင်းပေါ်မှာ တိမ်ခါးခါးတွေ ငွေ့ ရည်ဖွဲ့ လာ
စနစ်တကျ ရွာချ
ဘ၀ ကမောက်ကမ ထဲ
ဝုန်းဒိုင်းကြဲလို့ အကြွေးသစ်တည်
မသတီစရာရေစီးထဲ
ရဲရဲကြီးပါးစပ်ဖြဲခံ
အန်ထွက်အောင် အစာနင်
ခွေးကတက်ပလ္လင်နဲ့ အယုတ်တရား
နှလုံးသားကို ပြုစား၊
သြော်…သနားကမား
ချိုသောအပိုင်းများ.. ငတ်မွတ်ကျ
ဗလိနတ်စာ…ပွဲတော်တည်
ဝေသာလီပြည် ဘီလူးဝင်စီးသလိုပ ။ ။
မင်းကောင်းချစ်
စက်တင်ဘာလ (၁၄)ရက် ၊ ၂၀၁၄ ခုနှစ်