ကိုကိုဟန်
ယူနိုက်တက် ကင်းဒမ်းနိုင်ငံ ( UK ) မှ စကော့တလန် နိုင်ငံအဖြစ် ခွဲထွက်ရေး အတွက် ပြည်သူ့ဆန္ဒ ခံယူပွဲကို စက်တင်ဘာ ၁၈ ရက် ကြာသပတေးနေ့ တွင် ကျင်းပရန် စီစဉ်ထားသည်။ အကယ်၍ စကော့တလန် နိုင်ငံ ခွဲထွက် လိုက်ပြီ ဆိုပါက နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး နှင့် နိုင်ငံရေး များ မည်သို့ ဖြစ်သွားမည် ဆိုသည်ကို ယူနိုက်တက် ကင်းဒမ်း၊ စကော့တလန်၊ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် ကျန် ကမ္ဘာ့နိုင်ငံများ ကပါ အထူး စိတ်ဝင်စားလျက် ရှိကြသည်။
သမိုင်းကို ပြန်ကြည့်လျှင် ၁၇ဝ၇ ခုနှစ် မေ ၁ ရက်တွင် စကော့တလန် နှင့် အင်္ဂလန် တို့ကို ယူနိုက်တက် ကင်းဒမ်း အဖြစ် ပူးပေါင်းရန် သဘောတူ ခဲ့ကြသည်။ ထိုနေ့တွင် ဂရိတ်ဗြိတိန် ပါလီမန်ကို ဖွဲ့စည်းခဲ့သည်။ ၁၆၉ဝ ပြည့်နှစ်တွင် ပနားမား ကျွန်းဆွယ်ကို ကိုလိုနီ အဖြစ် ကြိုးပမ်း လိုက်သည့်အခါ စီးပွားရေး အရ ဒုက္ခရောက် သွားရပြီး ငွေကြေး လိုအပ်ချက် အကြီးအကျယ် ဖြစ်နေချိန် ဖြစ်သဖြင့် နှစ်ဖက်စလုံးက ပူးပေါင်း နေထိုင်ကြရန် သဘောတူ ခဲ့ကြခြင်း ဖြစ်သည်။
၂ဝ၁၄ ခုနှစ်တွင် ကျရောက်သည့် ဘန်နောက်ဘန်း တိုက်ပွဲကြီး အနှစ် ၇ဝဝ ပြည့်သည့် အထိမ်းအမှတ်ကို ရည်ရွယ်၍ စကော့တလန် လူမျိုးများသည် စကော့တလန် သမ္မတ နိုင်ငံကို ထူထောင်လိုခြင်း ဖြစ်ကြသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်က အဆိုပါ စကော့တလန် နိုင်ငံကို ယူနိုက်တက် ကင်းဒမ်းနိုင်ငံ မှ ခွဲထွက်ရေးအား သဘောမတူ ကြသော လူပေါင်း ၁၅ဝဝဝ တို့သည် UK တွင်သာ အတူနေထိုင် သွားရေး အတွက် အီဒင်ဘာမြို့ ၏ လမ်းများပေါ်သို့ ထွက်၍ ဆန္ဒပြ ခဲ့ကြသည်။
ဆန္ဒပြ သမားများက ၄င်းတို့သည် ယူနိုက်တက် ကင်းဒမ်း ( UK ) ၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ရှိနေခြင်းကို ဂုဏ်ယူ ကြကြောင်း နှင့် ယခု ပြုလုပ်တော့မည့် ပြည်သူ့ဆန္ဒ ခံယူပွဲတွင် သွားရောက်၍ ဆန္ဒမဲ မပေးကြရန် တောင်းဆို ကြသည်။ စကော့တလန် တွင် ပြည်သူတို့၏ သဘောထား အမြင်ကို စစ်တမ်း ကောက်ယူ ကြည့်ခဲ့ရာ ခွဲထွက်လိုသူ အရေအတွက် က အနည်းငယ် ပိုနေ လေသည်။
ပြည်သူ့ဆန္ဒ ခံယူပွဲကို စက်တင်ဘာ ၁၈ ရက် ည ၁ဝ နာရီတွင် ကျင်းပမည် ဖြစ်ပြီး ထိုနေ့မှာပင် မဲရုံများ ပိတ်သိမ်းပြီး မဲများကို ချက်ချင်း ရေတွက်မည် ဖြစ်သည်။ သို့သော် တောင်ပေါ်ဒေသ မဲဆန္ဒရှင် များရှိ ရာသီဥတု အခြေအနေ၊ လမ်းပန်း ဆက်သွယ်ရေး အခြေအနေ များကြောင့် နောက်တစ်နေ့ နံနက်ပိုင်း အထိ မဲရလဒ်ကို ကြေညာ နိုင်မည့် အနေအထား ရှိမည် မဟုတ်ကြောင်း သိရသည်။ စကော့တလန် တွင် နေထိုင်သော အသက် ၁၆ နှစ် ပြည့်ပြီးသူတိုင်း မဲပေး ကြရမည် ဖြစ်သည်။ ယူနိုက်တက် ကင်းဒမ်း၏ အခြားဒေသ များတွင် နေထိုင်ကြသူ စကော့လူမျိုး ၈ဝဝဝဝဝ မှာ မဲဆန္ဒ ပေးနိုင် ကြမည် မဟုတ်ဘဲ စကော့တလန် တွင် နေထိုင်သူ ၄ဝဝဝဝဝ တို့သာ မဲပေး နိုင်ကြမည် ဖြစ်သည်။ ဤသည်မှာ တရား မျှတသော နည်းလမ်း ဖြစ်သည်ဟု BBC သတင်းဌာနမှ ဖော်ပြခဲ့သည်။
အမေရိကန် သမ္မတ အိုဘားမား က ယူနိုက်တက် ကင်းဒမ်းကို အင်အား ခိုင်မာ တောင့်တင်း၍ စည်းလုံး ညီညွတ်သော နိုင်ငံအဖြစ် ဆက်လက် တည်ရှိ နေသည်ကိုသာ မြင်လို ကြောင်း ပြောကြား ခဲ့သည်။ သို့သော် စကော့တလန် နိုင်ငံအဖြစ် ထူထောင် လိုခြင်းသည် စကော့လူမျိုး မဲဆန္ဒရှင် များ၏ ဆုံးဖြတ်ချက် အတိုင်းသာ ဖြစ်ကြောင်း ကိုလည်း ပြောကြား ခဲ့သည်။ '' ယူနိုက်တက် ကင်းဒမ်းဟာ ကျွန်တော်တို့၏ အထူး လုပ်ဖော်ကိုင်ဖက် နဲ့အရင်းနှီးဆုံး မဟာမိတ်လည်း ဖြစ်ပါတယ်။ ယူနိုက်တက် ကင်းဒမ်း ကို ကျွန်တော်တို့ရဲ့ အမြဲတမ်း အင်အား ခိုင်မာ တောင့်တင်းပြီး စည်းလုံး ညီညွတ်ကာ စွမ်းအား ရှိသော လုပ်ဖော် ကိုင်ဖက် အဖြစ် မြင်တွေ့လို ပါတယ် ... '' ဟု အိုဘားမားက သူ၏ အမြင်ကို ဆက်လက် ပြောကြား ခဲ့သည်။
ဥရောပ ခေါင်းဆောင် များသည် အထူးသဖြင့် သူတို့ နိုင်ငံတွင်လည်း ခွဲထွက်ရေး ပြဿနာ ရှိနေသော ခေါင်းဆောင် များက စကော့လူမျိုး တို့၏ စကော့တလန် နိုင်ငံအဖြစ် ခွဲထွက်ရာတွင် ပြဿနာများ များစွာ ရှိနိုင်ကြောင်း သတိပေး ပြောကြား ခဲ့သည်။ စပိန် ဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်း က လွတ်လပ်သော စကော့တလန်နိုင်ငံ ဖြစ်လာရုံ မျှဖြင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် အလိုအလျောက် ဖြစ်လာမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။ ထို့ပြင် ဥရောပသမဂ္ဂ အဖွဲ့မှ ခွဲထွက်၍ လွတ်လပ်ရေး ရယူသော နိုင်ငံသည် ဥရောပ သမဂ္ဂ၏ အပြင်ဘက်သို့ ရောက်ရှိ သွားမည်သာ ဖြစ်ကြောင်း၊ ဒီအချက်ကို စကော့ လူမျိုးများ သိဖို့လိုကြောင်း သူက ဆက်လက် ပြောကြား ခဲ့သည်။
စကော့တလန် နိုင်ငံ အဖြစ် ခွဲထွက်မည် ဆိုသော်လည်း စကော့တလန် ၏ နိုင်ငံ အကြီးအကဲ အဖြစ် ဗြိတိသျှ ဘုရင်မကြီး သည် အချိန်ကာလ တစ်ခုအထိ အာဏာရှိ နေဦးမည် ဖြစ်သည်။ ယနေ့ လွတ်လပ်သော နိုင်ငံများ ဖြစ်သည့် ကဒေါနိုင်ငံ၊ သြစတြေးလျ နိုင်ငံ နှင့် နယူးဇီလန် နိုင်ငံ တို့၌လည်း အချိန်ကာလ တစ်ခုအထိ နိုင်ငံ အကြီးအကဲ အဖြစ် ဗြိတိသျှ ဘုရင်မကြီး ၏ အာဏာ တည်ရှိနေ ခဲ့သည်။ ဤကိစ္စကို စကော့တလန် ပြည်သူတို့၏ ဆန္ဒအတိုင်း ဖြစ်ရန်အတွက် ပြည်သူ့ ဆန္ဒခံယူပွဲကို ထပ်မံ ပြုလုပ် ရဦးမည် ဖြစ်သည်။ စကော့တလန် နိုင်ငံအဖြစ် ခွဲထွက်ရေး ကိစ္စကို ဖြေရှင်းရန် အတွက် ဘုရင်မကြီး သည် မဖြစ်မနေ ဘုရင်ခံချုပ် တစ်ဦးကို သူ၏ ကိုယ်စား ခန့်အပ် တာဝန်ပေး ရမည် ဖြစ်ကြောင်း Daily Mail သတင်းစာ မှ ဖော်ပြ ထားသည်။
စကော့တလန် သည် သီးခြားနိုင်ငံ ဖြစ်သွားလျှင် ငွေကြေး အတူသုံးစွဲခွင့် ပြုမည် မဟုတ်ပေ။ စကော့တလန် က ယူနိုက်တက် ကင်းဒမ်း၏ သဘောတူခြင်း မရှိပါက စတာလင်ပေါင် ကို ဆက်လက် သုံးစွဲခွင့် မရနိုင်ကြောင်းသိရသည်။ ဤသို့ ဆိုလျှင် စကော့တလန် နိုင်ငံသည် ဥရောပ သမဂ္ဂကို ဝင်ဖို့ လိုနေပြီ ဖြစ်သည်။ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံဖြစ်မှသာ ယူရိုငွေကြေး ကိုသုံး၍ ရနိုင်မည် ဖြစ်ကြောင်း စကော့ လွတ်လပ်ရေး နှင့် ဥရောပ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကျွမ်းကျင်သူ ပါမောက္ခ ဂျိုမာကင် က သုံးသပ် ပြောကြား ခဲ့သည်။
စကော့တလန်နိုင်ငံ အဖြစ် ခွဲထွက်မည် ဆိုလျှင် နောက်ထပ် ပြဿနာ တစ်ခုမှာ ယူနိုက်တက် ကင်းဒမ်း၏ အမျိုးသား ကြွေးမြီ စတာလင်ပေါင် ၁ ထရီလီယံကို အချိုးကျ ပေးဆပ်ရမည့် သဘောရှိ နေသည်။ စက္ကူဖြူ စာတမ်းအရ စကော့တလန် သည် စတာလင်ပေါင် ၁ဝဝ ဘီလီယံနှင့် ၁၃ဝ ဘီလီယံ အကြား အချိုးကျ ပေးဆပ်မည် ဖြစ်သည်။ GDP အချိုးအရ စကော့တလန် သည် ခွဲထွက်မည် ဆိုပါက မြောက်ပင်လယ်ရှိ ရေနံတွင်း များမှ ဝင်ငွေများ ရရှိလာမည် ဖြစ်သော်လည်း ရရှိလာသော ငွေပမာဏမှာ ယူနိုက်တက် ကင်းဒမ်းနှင့် အတူ ပေးဆပ်ရမည့် ကြွေးမြီထက် နည်းနေကြောင်း သိရသည်။
ထို့ပြင် ယူနိုက်တက် ကင်းဒမ်းက ခွဲထွက်မည် ဆိုပါက စကော့တလန် နိုင်ငံကို ကာကွယ်ရန် အတွက် စစ်သည် အင်အားကို စွမ်းရည်ပြည့် ထားရှိမည် မဟုတ်ကြောင်း သိရသည်။ နှစ်စဉ် ကာကွယ်ရေး ဘတ်ဂျက်ကို စတာလင်ပေါင် ၂ ဒသမ ၅ ဘီလီယံသာ ထားပြီး စစ်သည် အင်အား စုစုပေါင်း ၂ဝဝဝဝ သာ ထားရှိမည်။ အမြဲတမ်း တပ်သား ၃၅ဝဝ၊ အရန် အင်အား ၁၂ဝဝ၊ ဖရီးဂိတ် စစ်သင်္ဘော ၄ စင်း၊ Typhoon ဂျက် ၁၆ စင်းသာ ထားရှိမည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း သည် စကော့လူမျိုး များအား ခွဲထွက်မည် ဆိုပါက စကော့တလန် နိုင်ငံ၏ စီးပွားရေးကို ထိခိုက်သွား စေနိုင် သောကြောင့် ခွဲမထွက်ရန် တိုက်တွန်း ပြောဆိုမှုများ ရှိထားသော် လည်း မကြာမီ ကျင်းပ တော့မည့် ယူနိုက်တက် ကင်းဒမ်းမှ စကော့တလန် နိုင်ငံ အဖြစ် ခွဲထွက်ရေး ပြည်သူ့ဆန္ဒ ခံယူပွဲတွင် ခွဲထွက်ရေး သမားများ အနိုင်ရ သွားမလား ဆိုသည်ကို ကမ္ဘာ့နိုင်ငံ အများအပြား က စိတ်ဝင်စား ဖွယ်ရာ စောင့်ကြည့် နေကြကြောင်း သိရသည်။
အကယ်၍များ ပြည်သူ့ဆန္ဒ ခံယူပွဲတွင် စကော့တလန် ခွဲထွက်ရေး သမားများ အနိုင်ရ သွားပြီး စကော့တလန် နိုင်ငံအဖြစ် ခွဲထွက်သွားပါက ယူနိုက်တက် ကင်းဒမ်းတွင် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ကို အတိုက်အခံ ပါတီ အမတ်များက အယုံအကြည် မရှိအဆို တင်သွင်းကာ သူ့အား ရာထူးမှ ဖြုတ်ချခြင်း ခံရရန် အလားအလာ ရှိနေကြောင်း သိရသည်။ ။
#PyiChitThar