မြောက်ကိုရီးယား နိုင်ငံသို့ ရေးကူးပြီး ၀င်ရောက်ရန် ကြိုးပမ်းသည်ဟု ယူဆရသော အမေရိကန် နိုင်ငံသား တဦးအား စက်တင်ဘာ ၁၆ရက်နေ့က ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း တောင်ကိုရီးယား အာဏာ ပိုင်များက ပြောသည်။
နယ်ခြားစောင့် တပ်ဖွဲ့ဝင်များက အသက် ၃၀ ၀န်းကျင်ရှိ အဆိုပါ အမေရိကန်ကို မြောက်ကိုရီးယားနှင့် နှစ်နိုင်ငံနယ်စပ်ရှိ စစ်မဲ့ဇုံ အနီးတွင် တည်ရှိသော ဟန်မြစ်၏ တောင်ကိုရီးယား ဖက်ကမ်းပေါ်၌ လဲလျောင်း နေသည်ကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။
ယင်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံလိုသည်ဟု စုံစမ်းစစ်ဆေးရေး သမားများအား ပြောကြောင်း တောင်ကိုရီးယားသတင်းအေဂျင်စီ ယွန်ဟပ်က ဖော်ပြသည်။
မကြာခင်ရက်ပိုင်းအတွင်း မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံသားမက်သယူးမီလာကို မည်သည့်ဥပဒေပုဒ်မနှင့် ငြိစွန်းသည်ဟုမသိရသော်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆နှစ်ချမှတ်ခဲ့သည်။ ယင်းက ဗီဇာကို စုတ်ဖြဲခဲ့ပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့ကြောင်း မြောက်ကိုရီးယားက စွတ်စွဲပြောဆိုသည်။
ယခုလအတွင်း တောင်ကိုရီးယားနိုင်ငံသားတဦး မြောက်ကိုရီးယားဖက်သို့ ရေကူး၍ သွားရန်ကြိုးပမ်းစဉ် ပစ်သတ်ခံခဲ့ရသေးသည်။
၁၉၉၆ခုနှစ်ကလည်း အသက် ၂၆နှစ်အရွယ် အမေရိကန်နိုင်ငံသား အီဗနဟွန်ဇီကာဆိုသူသည် တရုတ်နိုင်ငံဖက်မှ မြောက်ကိုရီးယားနိုင်ငံဖက်သို့ အရက်မူးပြီး ယာလူးမြစ်ကို ဖြတ်ကူးသွားရောက်ရာ မြောက်ကိုရီးယားနိုင်ငံက လျှို့ဝှက်ထောက်လှမ်းမှုဖြင့် ၃ လကြား ထိန်းသိမ်းခဲ့ပြီး အမေရိကန်နိုင်ငံနှင့် ညှိနှိုင်းမှုပြုပြီးမှ ပြန်လွှတ်ပေးခဲ့သည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)