Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

“ အိမ်ယာကိစ္စ၊ အလိမ်မခံကြရအောင် ” စည်သူအောင်မြင့်

$
0
0
ဒေါ်လာ ၂၁ ဘီလျံကျော်လောက် တန်ကြေးရှိတယ့် တကယ့် ဟဲဗီး ဟဲဗီး ဧရာမ စီမံကိန်းကြီးပါ။ တလောတုန်းက လူတွေ တုန်လှုပ်ခဲ့ကြတဲ့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေရဲ့ ၁၅ ဘီလျံတန် ရန်ကုန်မြို့သစ် စီမံကိန်းကြီးကိုတောင် အပြတ်အသတ် ဗိုလ်စွဲသွားပါပြီ။ နည်းနည်းနောနော ကြီးတာ မဟုတ်ပါဘူး။

မဇ္ဈိမ သတင်းစာ၊ ၁၅-၉-၁၄။ စာ-၉။

မြန်မာပြည်လို အတော်ဆုံး ဗျူရိုကရက်တွေ၊ အတော်ဆုံး စီးပွားရေး သမားတွေ ရှိတဲ့ တိုင်းပြည် ဘာကြောင့် စီးပွားရေး နိမ့်ကျ၊ ပညာရေး၊ လူမှုရေး အောက်ကျ နောက်ကျ ဖြစ်နေရသလဲ မစဉ်းစားတတ်ရလောက်အောင် ပါပဲ။ အခု ဒီ ရက်ပိုင်း အတွင်း ထွက်ပေါ်လာတဲ့ ကမ္ဘာ့ အတော်ဆုံး စီးပွားရေး သမားတွေ အကြောင်းပြောပြပါ့မယ်။

သူတို့တွေကတော့ The Infrastructure of Myanmar လုပ်ငန်း ကုမ္ပဏီ အုပ်စု က မန်နေးဂျင်းဒါရိုက်တာ ဦးသန်းဦး၊ ဦးခင်မောင်တိုး နဲ့ အဖွဲ့ဝင်တွေပါ။ စက်တင်ဘာ ၁၃ ရက်နေ့ ရန်ကုန် စင်ထရယ် ဟော်တယ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူတို့က မြန်မာနိုင်ငံမှာ အကြီးကျယ်ဆုံး ဖြစ်လာမယ်လို့ ကြံစည်ထားတဲ့ တန်ဘိုးနည်း အိမ်ယာ မဟာ စီမံကိန်းကြီး တစ်ခု ချပြခဲ့ပါတယ်။ လူတစ်ယောက်ဟာ တစ်လ ကျပ် ၃ သောင်းမှန်မှန် သွင်းရုံနဲ့ နှစ်ပေါင်း ၃၀ ပေးသွင်းသွားရင် စတုရန်း ပေ ၆၀၀ ကျယ်တဲ့ တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်နိုင်ပြီ ဆိုတဲ့ အစီအစဉ်ပါ။ အဲဒီ အစီအစဉ်အတွက် တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ တိုက်ခန်းပေါင်း ၂ သန်းကျော် အကောင် အထည်ဖော်မယ်လို့ ဆိုပါတယ်။ သာမန်ပြည်သူတွေ နားလည်အောင် ရှင်းပြရရင် တစ်လ ကျပ် ၃ သောင်း နဲ့ နှစ် ၃၀ သွင်းရမှာ ဆိုတော့ တိုက်ခန်း တစ်ခန်း တန်ဘိုး ၁၀၈ သိန်းပါ။ တိုက်ခန်းပေါင်း ၂ သန်း အကောင်အထည် ဖော်မယ် ဆိုတော့ ကျပ်ငွေ သန်းပေါင်း ၂၁၆ သိန်း၊ ၂၁၆၀၀ ဘီလျံ၊ ကျပ်ငွေ ၂၁ ဒသမ ၆ ထရီလျံ၊ ဒေါ်လာနဲ့ဆို ၂၁ ဘီလျံကျော်ပါတယ်။ ဒေါ်လာ ၂၁ ဘီလျံကျော်လောက် တန်ကြေးရှိတယ့် တကယ့် ဟဲဗီး ဟဲဗီး ဧရာမ စီမံကိန်းကြီးပါ။ တလောတုန်းက လူတွေ တုန်လှုပ်ခဲ့ကြတဲ့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေရဲ့ ၁၅ ဘီလျံတန် ရန်ကုန်မြို့သစ် စီမံကိန်းကြီးကိုတောင် အပြတ်အသတ် ဗိုလ်စွဲသွားပါပြီ။ နည်းနည်းနောနော ကြီးတာ မဟုတ်ပါဘူး။
အဲ အဲဒီ စီမံကိန်းကြီးကို The Infrastructure of Myanmar နဲ့ Royal Summit ကုမ္ပဏီက ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပြီး ဘယ်လို အကောင်အထည် ဖော်မလဲ စူးစမ်းကြည့်ရအောင်ပါ။ စီမံကိန်း အကောင်အထည် ဖော်မယ့်သူတွေ တော်ချက်က အဲဒီ စီမံကိန်းကြီး အကောင်အထည်ဖော်ဖို့ သူတို့ အနေနဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ကျပ် တစ်ပြားမှ ထည့်စရာ မလိုပါဘူးတဲ့။ ပြည်သူတွေ ထည့်ဝင်ငွေနဲ့ချည်း ဆောင်ရွက်မှာပါတဲ့။ တိုက်ခန်း ၂ သန်းအတွက် ပြည်သူတွေ တစ်လ ကျပ် ၃ သောင်းစီ ထည့်လိုက်တယ် ဆိုရင်တောင် တစ်လ အတွင်း ကျပ် သန်းပေါင်း ၆ သောင်း၊ တစ်နည်း ကျပ် ဘီလျံ ၆၀ လောက်ရမှာမို့ အဲဒီ ငွေတွေနဲ့ စ ပြီး အကောင်အထည် ဖော်လို့ ရပြီလို့ ဆိုပါတယ်။

သတင်းထောက်တွေ နောက်ထပ် သိချင်တာက ဘယ်မြေကွက်ပေါ်တွေမှာ ဆောက်မှာလည်း ဆိုတာပါ။ ဒါကလည်း အဲဒီ ဥာဏ်ကြီးရှင် အဖွဲ့က အေးအေးဆေးဆေး ပါပဲ။ လယ်ပိုင်တဲ့ လယ်သမားတွေ၊ မြေပိုင်တဲ့ မြေပိုင်ရှင်တွေနဲ့ ဆွေးနွေးမယ်၊ အဲဒီ လယ်ပိုင်ရှင် မြေပိုင်ရှင်တွေကို ထွက်လာတဲ့ အခန်းရဲ့ ၂၀ ရာခိုင်နှုန်းပေးမယ်၊ လယ် တစ်ဧက မြေပေါ်မှာ ဆောက်ရင် အခန်း ၁၆၀ ထွက်မယ်၊ ဒီတော့ လယ်သမားက ၃၂ ခန်းရမယ်၊ ဆိုတော့ လယ်တစ်ဧက ကျပ် သိန်းငါးထောင်ကျော် ရမှာပေါ့ ဆိုပြီး ပြန်ဖြေပါတယ်။ တွက်ရေးကတော့ တကယ့် စက်သူဌေးပါပဲ။ စက်က ဘယ်နေမှန်း မသိတာပါ။

ဒီ ဥာဏ်ကြီးရှင်တွေ နောက်ထပ် ရဲရဲရင့်ရင့် ကတိပြုလိုက်ပြန်တာ တစ်ခုက ပြည်သူတွေအနေနဲ့ တစ်လ ကျပ် ၃ သောင်းသာ မှန်မှန်သွင်း၊ ၂ နှစ်ပြည့်တာနဲ့ အဲဒီ အခန်းတွေမှာ တက်ပြီး နေနိုင်စေရမယ် ဆိုတာပါပဲ။ ဒီဇတ်လမ်းရဲ့ အဓိက ပြသနာ အဲဒီ နေရာမှာ ရှိနေပါတယ်။ ဒါဟာ မဖြစ်နိုင်တဲ့ အကြောင်းနဲ့ အလားတူ ဇတ်လမ်းမျိုး အရင် ၁၄ နှစ်လောက်က ရှိခဲ့တဲ့ အကြောင်း ရှင်းပြပါ့မယ်။

နမူနာအားဖြင့် လူပေါင်း တစ်သောင်း တိတိ အဲဒီ ကုမ္ပဏီရဲ့ တိုက်ခန်းတွေ ၀ယ်ယူမယ် ဆိုပြီး အဆိုပြု၊ ငွေလည်း တစ်လ ကျပ် ၃ သောင်း မှန်မှန် သွင်းတယ် ဆိုပါစို့။ တစ်လ ကို ကျပ်ငွေ သိန်း ၃ ထောင် ၀င်ပါမယ်။ တစ်နှစ်ဆို သိန်းပေါင်း ၃၆၀၀၀ ရပါမယ်။ ၂ နှစ်ဆို ကျပ်ငွေ သိန်း ၇၂၀၀၀ ပါ။ အဲဒီ သိန်း ၇၂၀၀၀ နဲ့ အခန်း တစ်သောင်း ဘယ်လို ဆောက်လို့ ပြီးမလဲ မေးခွန်းထုတ်စရာပါ။ ပျမ်းမျှ တစ်ခန်း ၇ သိန်း ၂ သောင်းလောက် ငွေနဲ့ တိုက်ခန်း ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာ အားလုံး နားလည်ကြပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲမှာ မေးသူမရှိလို့ သူတို့ မဖြေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ သူတို့ အစီအစဉ်ဟာ ငွေမှန်မှန် သွင်းသူတွေထဲက လူတစ်ချို့ကို ၂ နှစ် အကြာမှာ စ ပြီး နေရာချပေးနိုင်မယ် ဆိုတာမျိုးပါ။ ငွေ မှန်မှန်သွင်းသူတိုင်းကို ၂ နှစ်ပြည့်တာနဲ့ တိုက်ခန်းမှာ နေခွင့်ရဦးမှာ မဟုတ်ပဲ ပြီးစီးတဲ့ တိုက်ခန်း တစ်ချို့မှာ နေခွင့်ပေးမယ်၊ ဘယ်သူတွေ နေခွင့်ရမလဲ ဆိုတာကိုတော့ မဲဖေါက်ပြီး ရွေးချယ်သွားမယ်၊ လစဉ် ဒါမှမဟုတ် အပါတ်စဉ် မဲဖေါက် ရွေးချယ်သွားမယ် ဆိုတာမျိုးပဲ ဖြစ်နိုင်ပါတယ်။

ပြောရရင် ခုလို အစီအစဉ်မျိုးဟာ မြန်မာပြည်မှာ ဒါ ပထမ ဦးဆုံးတော့ မဟုတ်ပါဘူး။ ၂၀၀၀ ခုနှစ်တုန်းက “ပန်” ဆောက်လုပ်ရေး ကုမ္ပဏီဟာ ခုလိုပဲ ပြည်သူတွေကို တစ်ယောက် တစ်လ ကျပ် ၂၀၀၀ စီ ရိုးမဘဏ်မှာ ငွေ ထည့်ခိုင်းပါတယ်။ သူတို့ အဆို အစုပေါင်း တစ်သိန်း ပြည့်အောင် စုမယ်လို့ ဆိုပါတယ်။ အဲဒီ လစဉ်ဝင်လာတဲ့ ငွေတွေကို အရင်းအနှီးပြုပြီး ပန်ဆောက်လုပ်ရေးက တိုက်ခန်းတွေ ဆောက်ပါတယ်။ အဲဒီခေတ်က ငွေနဲ့ တစ်ခန်း ကျပ် သိန်း ၄၀ လောက် သတ်မှတ်ပါတယ်။ ဒီလိုနည်းနဲ့ တစ်လ နှစ်လ တစ်ကြိမ်လောက် ဆောက်ပြီးတဲ့ အခန်းတွေကို မဲနှိုက်ပွဲ လုပ်ပါတယ်။ မဲနှိုက်ပွဲတွေမှာ ငွေထည့်ထားတဲ့ လူတွေ ကြိတ်ကြိတ်တိုးပါပဲ။ ဒါပေမယ့် တကယ့်တကယ် လက်တွေ့မှာ ငွေမှန်မှန်ထည့်ထားသူတိုင်း တိုက်ခန်းရဖို့ဆိုတာ တစ်နှစ်၊ ငါးနှစ် ၊ ဆယ်နှစ်၊ နှစ်ငါးဆယ်မှာ ရကို ရရမယ်လို့ ကုမ္ပဏီက အာမ မခံနိုင်ပါဘူး။ ဒီ ပြသနာ သတင်းမီဒီယာတွေက စုံစမ်းဖော်ထုတ် investigative Reporting တွေ ဖော်ပြခဲ့ကြလို့ နောက်ဆုံး ရပ်ဆိုင်းသွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငွေ သွင်းထားတဲ့ ပြည်သူတွေကတော့ နစ်နာခဲ့ကြတာပါပဲ။

အခုလည်း ခပ်တည်တည်နဲ့ ပြည်သူတွေ လိုအပ်ချက် ဆိုပြီး တစ်လ ကျပ် ၃ သောင်းသွင်း၊ ၂ နှစ်ပြည့်ရင် တိုက်ခန်းပေါ် တက်နေရမယ်၊ နှစ်ပေါင်း ၃၀ ပြည့်ရင် တိုက်ခန်းပိုင်မယ် ဆိုပြီး ကြေငြာပြန်ပါပြီ။ သူတို့ကို အသေအခြာမေးဖို့ လိုတာက ၂ နှစ်ပြည့်သူတိုင်း တကယ်ပဲ အဲဒီတိုက်ခန်းပေါ် တက်နေရမှာလား၊ နေခွင့်မရခဲ့ဘူးဆိုရင် ဘယ်လို ပြန်လျော်ပေးမလဲ ဆိုတာပါ။ အရင် ၂၀၀၀ ခုနှစ် ပန်ဆောက်လုပ်ရေး တုန်းကတော့ ငွေကို ရိုးမဘဏ် အကောင့်န် ထဲ သွင်းပေးရပါတယ်။ ဘဏ်မှာ သွင်းရတာ ဆိုတော့ မလိမ်လောက်ဘူးလို့ ပြည်သူတွေက ထင်ခဲ့ကြတာပါ။ အခု တစ်ခေါက်တော့ စာနယ်ဇင်း သတင်းမီဒီယာတွေကိုပါ ဒီ လုပ်ငန်းထဲ ဆွဲသွင်းဖို့ ပြင်ဆင်နေတာ တွေ့ရပါတယ်။ စာနယ်ဇင်းနဲ့ ဘဏ်အကောင့်န် ကြောင့် မလိမ်ဘူးလို့ ပြည်သူတွေထင်ပြီး ငွေထည့်ရင် အဲဒီ စာနယ်ဇင်း တွေလည်း အရှက်ကွဲရပါလိမ့်မယ်။ သတိထားပါ။ အဲဒီ ပုဂ္ဂိုလ်တွေဟာ သတင်းစာရှင်းလင်းပွဲမှာ သူတို့ လိပ်စာကဒ်တွေကိုတောင် မပေးဘူးတဲ့။

စည်သူအောင်မြင့်။

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>