
အဆိုပါ လုယက်မှုများမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျှက်ရှိနေကာတွင် သြဂုတ်လ အတွင်းမှာပင် ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ကြောင်းနှင့် လိုက်လံဖမ်းဆီးသည့် ရဲများကိုပင် ပြန်လည်ပစ်ခတ်နေမှုများ ရှိနေကြောင်း သိရသည်။
ယင်းကဲ့သို ဖြစ်စဉ်များနှင့် ပတ်သက်ပြီး Tomorrowမှ အခင်းဖြစ်ပွားရာ နေရာတစ်ဝိုက်သို့ စုံစမ်းခဲ့ရာ “ဆိပ်ကမ်းမှာ သာမန် ခိုးယူခံရတဲ့ ဖြစ်စဉ်မျိုး မဟုတ်တော့ဘူး၊ ခုဟာက ဂိုဏ်းကြီးဖွဲ့ပြီးတော့ကို အကြမ်းဖက် လုယူနေကြတာ ပြည်သူ့ရဲတပ်ဖွဲ့ကလည်း အင်အားသုံးပြီး နေ့/ည စောင့်ကြည့် စစ်ဆေး ကြည့်နေတာပဲ အဲဒီကြားကနေ ခုထိဖမ်းဆီး မမိသေးဘူး၊ ခုလို ရေတက်ချိန်မှာ ထွက်ပေါက်တွေက များတယ်၊ ထွက်ပြေးသွားတာကို နောက်ကနေ လိုက်ဖမ်းဖို့ မလွယ်ဘူး၊ ဟိုတစ်ခါကဆို ရဲကိုတောင် သူတို့က ပြန်ပစ်တာ။ အကြမ်းဖက်သမားတွေရဲ့ စက်လှေက ကျွန်းတွေ ကိုင်းတောတွေထဲ ရောက်သွားရင် ရှာဖို့ခက်သွားရော၊ ခုတလောတော့ ပြန်ပြီး ငြိမ်နေကြပြန်ပြီ ရဲတပ်ဖွဲ့ကလည်း အင်အားသုံးပြီး ပိုက်စိတ်တိုက် လိုက်နေတယ်။ ဒါပေမယ့် စိတ်တော့ မချရသေးဘူး ညပိုင်းမှာ သတိဝရိယနဲ့ နေနေကြရတယ်”ဟု ချော်ဆိပ်တွင် ဆိုက်ကပ်ထားသော ကုန်တင်ရေယာဉ် တစ်စီးမှ ရေယာဉ်မှူးကြီး တစ်ဦးက ပြောကြားခဲ့သည်။
သြဂုတ်လတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင် မြောင်းမြမြို့မှ ဆန်အိတ် (၈၆၂၀) တင်ဆောင်လာပြီး မန္တလေး ချော်ဆိပ်ကမ်း ဧရာဝတီမြစ်လယ်ရှိ သဲသောင်ခုံအနီး ဆိုက်ကပ်ထားသော လင်းထက်ဝင်း ကုန်တင်ရေယာဉ်အား အကြမ်းဖက်သမား(၆)ဦးက လက်စွဲဟွန်ဒါ စက်လှေဖြင့် သင်္ဘောအနီးသို့ ကပ်လာပြီး လေးဂွများနှင့် ၀ိုင်းဝန်းပစ်ခတ်ကာ သင်္ဘောပေါ်မှ ဆန်အိတ်(၂၀)အား လုယူသွားကြကြောင်း အလားတူပင် သြဂုတ်လ(၁၂)ရက်နေ့တွင် မြောင်းမြမြို့မှ ဆန်အိတ်(၁၄၀၀)ကျော် တင်ဆောင်လာခဲ့သော ချင်းတွင်းဇေယျာ ကုန်တင် ရေယာဉ်အား ယင်းအကြမ်းဖက်သမားများက ဆန်အိတ်(၁၈) အိတ်အား အကြမ်းဖက် လုယူသွားကြောင်း သိရသည်။
လုယက်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုသိမ်ကြီး ပြည်သူ့ရဲစခန်းမှ ၂၁၆/၂၀၁၄ ပြစ်မှုပုဒ်မ(၃၈၂)အရ လည်းကောင်း ၂၁၇/၂၀၁၄ ပြစ်မှုပုဒ်မ (၃၈၀)အရ လည်းကောင်း အမှုဖွင့် အရေးယူရန် စုံစမ်းဖော်ထုတ်ဆဲ ဖြစ်ကြောင်း သိရှိရသည်။
“ကျနော်တို့ ဂေါဝိန်ထုံးပုံ ဆိပ်ကမ်းမှာ နေ့စဉ်ကုန်တင်ရေယာဉ် အစီး(၅၀)လောက် အ၀င်အထွက် ရှိတယ်။ ဆိုက်ကပ်ပြီး ကုန်တင်၊ ကုန်ချလုပ်တယ် တအား သတိထားနေကြရတယ်။ အုပ်စုဖွဲ့ လုယက်တဲ့ သူတွေက ငြိမ်သွားလိုက် ပြန်ပေါ်လာလိုက်ဆိုတော့ ရေယာဉ်တွေမှာ အစောင့်တွေ ကိုယ်စီချထားရတယ်။ အရေးပေါ်လာရင် စက်နဲ့အကြောင်းကြားဖို့၊ ဖုန်းနဲ့အကြောင်းကြားဖို့ စီစဉ်ထားရတယ်။ အကြမ်းဖက်သမားတွေက လေးဂွတွေနဲ့ လောက်စာလုံးနဲ့ ထည့်ပစ်တာ မဟုတ်ဘူး။ သံကုန်းသီးတွေ၊ ဇာဝီတွေ သံမူလီတွေနဲ့ပစ်တာ။ ပြီးတော့ အနီးကပ် ဓါးထောက်ပြီး လုတာမျိုးထိ ပြုလုပ်တတ်တော့ သင်္ဘောသားတွေမှာ အသက်အန္တရာယ်ကို စိုးရိမ်နေရတယ်။ ကြောက်တာနဲ့ ကုန်တွေလုယူတာ ခံလိုက်ကြရတာများတယ်။ ပြီးတော့ သူတို့ချင်းက အချိတ်အဆက်တွေ လုပ်ထားကြတာ မော်တော်နား ကပ်လာတုန်းက တစ်စီးထဲပဲ ပစ္စည်းရပြီးရင် နောက်ထပ်နှစ်စီး ရောက်လာပြီး ပစ္စည်းတင် လုပြေးကြတာ။ လုယက်တဲ့ သူတွေက နယ်ခံသင်္ဘောကို ရှောင်တယ်။ နယ်အဝေးက သင်္ဘောတွေကို လုကြတာများတယ်။ နယ်ခံသင်္ဘောတွေက လူအင်အားရော သင်္ဘော အင်အားရော တောင့်တော့ သူတို့က ရှောင်ကြတယ် ဖြစ်ပြီဟေ့ဆိုရင် ကျနော်တို့က သိသိခြင်း ရေထဲဆင်းပြီး တစ်ခါထဲလိုက်တာ၊ အဲဒီတော့ သူတို့က တော်ရုံတန်ရုံ နယ်ခံသင်္ဘောတွေကို မလုပ်ပဲ နယ်သင်္ဘောကို ပစ်မှတ်ထားပြီး လုယက်နေကြတယ်။ အချို့ နယ်သင်္ဘောတွေက ဆိပ်ကမ်းမှာ တစ်စုတစ်ဝေးထဲ မကပ်ကြဘူး။ သဲသောင်ဘက်မှာ သီးသန့် သွားကပ်နေကြတယ်။ အဲဒီလို သီးသန့်ကွဲနေတဲ့ ကုန်တင်ရေယာဉ်တွေ အလုခံရတာများတယ်။ ကျနော်တို့ ထုံးပုံဆိပ်မှာတော့ ဂျူတီကို အလှည့်ကျ ချထားတယ်။ ဒီဆိပ်ကမ်းမှာက မော်တော်လည်းများတယ်။ ညပိုင်းမှာ မသင်္ကာစရာတွေ့ရင် ချက်ခြင်း ဆက်သွယ်လို့ရအောင် စက်နဲ့ရော ဖုန်းရောအားလုံး စီစဉ်ထားတယ်။ ခုဆိုရင် ရဲတပ်ဖွဲ့ကလည်း နေ့ရော ညရော ကင်းတွေချပြီး စောင့်နေကြတယ်။ ကျနော်တို့ကလည်း ရဲတပ်ဖွဲ့တွေကို ပြန်ပြီး အကူအညီပေးတယ်။ ညပိုင်းကင်းလှည့်ဖို့ ရေယာဉ်ကို ကျနော်ကပဲ စီစဉ်ပေးတယ်။ ဒီလိုစီစဉ်ပေးဖို့ဆိုတာကလည်း အကုန်အကျတော့ များတယ်။ ကျနော်တို့ မော်တော်တွေ ဆိုတာက အင်ဂျင် ရှစ်လုံးထိုးကြီးတွေ စက်နှိုးလိုက်တာနဲ့ ဝေါကနဲ ဆီကကုန်တာ၊ မသင်္ကာတဲ့ စက်လှေတွေ့ရင် အရှိန်တင်ပြီး လိုက်ရတာဆိုတော့ ဆီတော့ တအားကုန်တယ်။ ရဲတပ်ဖွဲ့က အားကြိုးမာန်တက် ဆောင်ရွက်နေတော့ ကျနော်တို့ သင်္ဘောတွေရဲ့အကျိုးပဲလေ ကျနော်တို့ကူညီမယ် ၀ိုင်းဝန်းမယ် ဒီလိုမင်းမဲ့စရိုက်ဆန်တဲ့ လုယက်မှုတွေ ဒီမြစ်ကြောင်းမှာ မရှိစေချင်ဘူး။ ကုန်တင်ရေယာဉ် အချင်းချင်းကလည်း ညီညွတ်ကြဖို့ လိုတယ်ဗျ။”ဟု မန်းလေး ဧရာဝတီ ကမ်းနားလမ်းရှိ စွမ်းကေကေ ကုန်ပို့ရေယာဉ်များ အသင်းအဖွဲ့မှ ကုန်ပို့ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ကိုသောင်းရွှေက Tomorrowဂျာနယ်အား ပြောပြခဲ့သည်။
သတင်းဓါတ်ပုံ- Tomorrow