အနည်းဆုံး ထောင် ၁ဝနှစ်ကနေ အမြင့်ဆုံး သေဒဏ်အထိချနိုင်တဲ့ ပုဒ်မ ၃၆၄၊ ၃၆၈ တွေနဲ့ စွပ်စွဲခံရပြီး ဖမ်းဆီးခံထားရတဲ့ ဗကသကျောင်းသူ မဖြူနှင်းထွေး အမြန်ဆုံးလွတ်မြောက်ရေး အာဏာပိုင်တွေက ညှိနှိုင်းလိုက်လျောမှု မရှိရင် လူထုကြားထဲ လှုပ်ရှားမှုလုပ်ပြီး မြန်မာအစိုးရကို ဖိအားပေးသွားမယ်လို့ ဗကသများအဖွဲ့ချုပ်က စက်တင်ဘာ ၁၈ရက်နေ့မှာ ပြောဆိုလိုက်ပါပြီ။ မဖြူနှင်းထွေးကို အစိုးရက ဘာ့ကြောင့်ဖမ်းဆီးခဲ့တာလဲ။
မန္တလေး ရတနာပုံတက္ကသိုလ် အဝေးသင် ဒုတိယနှစ်ကျောင်းသူ မဖြူနှင်းထွေးဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက တရုတ်နိုင်ငံသား ၂ယောက်ကို ပြန်ပေးဆွဲ ထိန်းသိမ်းထားမှုမှာ ပါဝင်တာကြောင့် မြန်မာအစိုးရက ဖမ်းဆီးခဲ့ပြီး မုံရွာအကျဉ်းထောင်မှာ အာမခံမရဘဲ ချုပ်နှောင်ခံနေရပါတယ်။
မဖြူနှင်းထွေးတစ်ယောက် အခုလိုကြီးလေးတဲ့ ရာဇဝတ်မှုတွေနဲ့ ဖမ်းဆီးခံခဲ့ရတာဟာ ကျောင်းသားထုကို စော်ကားလိုက်တာဖြစ်ပြီး ဒီလုပ်ရပ်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ မသင့်လျောတဲ့လုပ်ရပ်ဖြစ်တာဆိုတာ နိုင်ငံတကာသိအောင် လုပ်သွားမယ်လို့ ဗကသများအဖွဲ့ချုပ်ရဲ့ ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဌ ကိုကျော်ကိုကိုက ပြောပါတယ်။
တရုတ်နိုင်ငံသားနှစ်ယောက်ကို လက်ပံတောင်းတောင် ဆားလင်းကြီးမြို့နယ် ဆည်းတည်းရွာ ဒေသခံတွေ ပြီးခဲ့တဲ့ မေလတုန်းက ပြန်ပေးဆွဲချုပ်နှောင်ခဲ့တဲ့ကိစ္စ မဖြူနှင်းထွေး ပါဝင်ကူညီပေးတာကြောင့် ပုဒ်မ ၃၆၄၊ ၃၆၈နဲ့ တရားစွဲခဲ့ပြီး ပထမအကြိမ် ရုံးချိန်းလာဖို့ ပျက်ကွက်တာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ရက်နေ့က မန္တလေး ပုသိမ်ကြီးက နေအိမ်မှာ တရားသူကြီးလက်မှတ်နဲ့ မုံရွာအမှတ် ၁ရဲစခန်းက ဖမ်းဆီးခံခဲ့ရပါတယ်။
မဖြူနှင်းထွေးဟာ တရုတ်နိုင်ငံသား နှစ်ယောက်ကို ပြန်ပေးဆွဲရာမှာ ဦးဆောင်တဲ့သူအဖြစ် စွပ်စွဲခံရတဲ့ကိစ္စကို သတင်းပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပယ်ချခဲ့ပြီး ဒါဟာ ဗကသအဖွဲ့ဝင် ကျောင်းသူတစ်ယောက်ကို နှိပ်ကွပ်တာဟာ ကျောင်းသားသမဂ္ဂတွေကို ရည်ရွယ်ချက်ရှိရှိ နာမည်ဖျက်ဖို့၊ ကျောင်းသားတွေကို လူညွှန့်ချိုးဖို့ လုပ်တာလို့ ပြောဆိုခဲ့ပါတယ်။
မဖြူနှင်းထွေး စက်တင်ဘာ ၁၃က ဖမ်းဆီးခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကမာရွတ်မီဒီယာက စုံစမ်းရာမှာတော့ ဗကသများအဖွဲ့ချုပ်ဝင်အချင်းချင်းကြားမှာ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ အများကြီးရှိခဲ့ပြီး ကျောင်းသားသမဂ္ဂရဲ့ စည်းကမ်းတွေကို ချိုးဖောက်ပြီးလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိခဲ့ပါတယ်။
Kamayut Media