ဒီနေ့မနက်က မြဝတီမြို့ ကြံခင်းလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ ဒီကေဘီအေ တပ်ရင်း ၉၁၀ က ဗိုလ် တဦးသေဆုံးပြီး တပ်ဖွဲ့ဝင်တဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။
မြဝတီမြို့ခံတဦး ပြောတာကတော့ "ဒီကေဘီအေဗိုလ်ဟာ အရက်မူးပြီး မြို့ထဲမှာ ကားသုံးစီး ကိုတိုက်ပြီး မောင်းပြေးခဲ့ပါတယ်။ အဲ့လိုမောင်းသွားရင်း လှည့်ကင်းထွက်တဲ့ စစ်တပ်၊ ဘီဂျီအက်ဖ်၊ ပြည်သူ့စစ် ပူးပေါင်း အဖွဲ့ရဲ့ ကားကို တိုက်ပြီး ထွက်ပြေးမယ်လုပ်လို့ ပူးပေါင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးရာမှာ တဦးသေ၊ တဦးဒဏ်ရာ ရရှိပြီး မြဝတီဆေးရုံ အရေးပေါ်ဌာနမှာ ဆေးကုသမှုခံယူနေတယ်" လို့ ပြောပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒီကေဘီအေ ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်က အခုလိုတုန့်ပြန်ပြောဆိုခဲ့ပါ တယ်။
"ကျနော်တို့တပ်ဖွဲ့ဝင် ညကသေဆုံးရတဲ့ကိစ္စကို တာဝန်ရှိသူတွေ အမြန်ဆုံးဖြေရှင်းပေးရမယ်။ ကျနော်တို့ဘက်ကမှားပေမဲ့ အဲလိုပစ်သတ်ပိုင်ခွင့်မရှိဘူး။ အခုဟာက အုပ်စုဖွဲ့ပြီး အပစ်ခံရတာဖြစ်တယ်။ လက်ရှိအခြေအနေက အောက်ခြေတပ်ဖွဲ့ဝင်တွေကို ထိန်းချုပ်ဘို့ခက်နေတယ်။ အကောင်းဆုံးကတော့ ကျနော်တို့လူကိုပစ်သတ်တဲ့လူကို ဒီကေဘီအေလက်ထဲအပ်ရမှာဖြစ်တယ်။ အဲလိုမှမဟုတ်ရင် ဆိုးကျိုးတွေဘဲဆက်ဖြစ်လာမယ်။
"အရင်ကမြိုင်ကြီးငူမှာ BGF တပ်ဖွဲ့ဝင်တဦးကို ဒီကေဘီအေတပ်ဖွဲ့ဝင်တဦးက ပစ်သတ်တဲ့အတွက် အဲဒီရဲဘော်ကို သူတို့ဆီကျနော်တို့လွှဲပေးလိုက်တယ်။ အခုကိစ္စမှာလည်း အဲဒီလူကို ဒီကေဘီအေဆီ လွှဲပေးရမှာဖြစ်တယ်။
"အခုဖြစ်တာက သူတို့ဘက်က ပစ်သတ်တာဖြစ်တယ်။ ကျနော်တို့လူတွေ သူတို့ကိုလုံးဝမပစ်ဘူး။ အမှားရှိတဲ့လူကို ဒီလိုဘဲ ပစ်သတ်ရလား။ ဒီပစ်မိန့်ကို တပ်ရင်း (၂၇၅)က ပေးတာဖြစ်တယ်။
"ဒီကိစ္စကို ကျနော်တို့ တောင်းဆိုတဲ့အတိုင်း မဆောင်ရွက်ပေးဘူးဆိုရင်တော့ အောက်ခြေတပ်တွေကို ဘယ်လိုမှထိန်းလို့ရမှာမဟုတ်ဘူး" ဆိုပြီး သူတို့ရဲ့သဘောထားကို ဒီမနက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြဝတီအာဏာပိုင်တွေက တစုံတရာထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
ကရင်အမျိုးသား- မီဒီယာ