Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မိမိ၏ပိုင်ဆိုင်မှုအားသိရှိလိုပါက ဥပဒေကြောင်းအရတောင်းဆိုနိုင်ကြောင်း လွှတ်တော်၌ကတိသစ္စာပြုပြီးနောက် ပြန်ကြားရေးပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ပြောကြား

$
0
0
မိမိ၏ပိုင်ဆိုင်မှုအားသိရှိလိုပါက ဥပဒေကြောင်းအရတောင်းဆိုနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၂ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုဝန်ကြီးအဖြစ် လာရောက်ကတိသစ္စာပြုပြီးနောက် သတင်းထောက်များအား ဦးရဲထွဋ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်တို့ အစိုးရဘတ်ဂျက်ကိစ္စများအပေါ် အမြင်အမျိုးမျိုးပြောဆိုနေကြခြင်းနှင့်ပတ်သက်၍ ဦးရဲထွဋ်အား သတင်းထောက်များမှ မေးမြန်းရာ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က "အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး ဦးခင်အောင်မြင့်ဆိုတာ ကျွန်တော်တို့လေးစားရတဲ့ ဆရာသမားတစ်ယောက်ပါပဲ။ တပ်မတော်ထဲမှာဆိုရင် မြင်ဆရာပေါ့။ သူ့အောက်မှာတော့ တိုက်ရိုက်မထမ်းဆောင်ခဲ့ရဘူး။ သို့သော် ဒီနေရာမှာတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးအနေနဲ့ ကျွန်တော်တို့ကို ဝေဖန်ထောက်ပြချင်တယ်ဆိုတာ မှန်ပါတယ်။ သို့သော် ဝေဖန်ထောက်ပြတယ်ဆိုတာ ကျွန်တော်တို့ကပိုပြီး တိတိကျကျပြောရင် ကောင်းတာပေါ့။ ကျွန်တော်သိသလောက်ဆိုရင် ၂၀၁၃-၂၀၁၄ မှာ ကျန်းမာရေးဝန်ကြီးဌာနကနေ လုပ်ငန်းပေါင်းက တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေကို အပ်ပေးခဲ့တဲ့လုပ်ငန်း၊ သူတို့ဟာ သူတို့လုပ်တဲ့လုပ်ငန်းပေါင်းက ၅၀၀ ကျော်လောက်ရှိတယ်။ အဲဒီ ၅၀၀ ကျော်ထဲမှာ ဘယ်နှခုကလေလွင့်နေသလဲ။ ဘယ်နှခုက complain တက်သလဲ။ ဒီလိုမျိုးနဲ့ပြောရင်တော့ ပိုကောင်းတာပေါ့။ လေး၊ ငါး၊ ခြောက်ခုလောက် တိုင်စာတက်ရုံနဲ့ အားလုံးကို ခြုံပြောလိုက်ရင်တော့ မှန်မှန်ကန်ကန်လုပ်နေတဲ့ ၀န်ထမ်းတွေရော၊ မှန်မှန်ကန်ကန်ဆောင်ရွက်နေတဲ့ ၀န်ထမ်းတွေရော စိတ်မကောင်းစရာဖြစ်တာပေါ့။ အစိုးရတစ်ဖွဲ့လုံးကိုပြောမယ်ဆိုရင်လည်း ၀န်ကြီးဌာနနဲ့ ကိန်းဂဏန်းနဲ့ပြောရင် ပိုပြီးကောင်းတာပေါ့။ ဒါက ကျွန်တော်ဘာကြောင့်ပြောရတယ်ဆိုတဲ့ကိစ္စပါ။ ကျန်တဲ့ပုဂ္ဂိုလ်ရေး ကိစ္စမဟုတ်ပါဘူး။ အုပ်ချုပ်ရေးမဏ္ဍိုင်ဘက်ကသဘောထားကို ပြန်ပြောတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က တိတိကျကျရရင် အရေးယူဖို့အသင့်ပဲလေ။ အရေးယူတာတွေလည်း ရှိပါတယ်။

နောက်တစ်ခုက ခင်ဗျားတို့ရေးတဲ့ဆောင်းပါး။ ကိုမာန်သူရှိန်ထင်ပါတယ်။ သူက ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုတွေကို ထုတ်ဖော်ပေးပါလို့ပြောတယ်။ ကျွန်တော်တို့ရဲ့ဥပဒေအရ ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုကိုသိချင်ရင် ဥပဒေကြောင်းအရ တောင်းဆိုမှပဲရမယ်။ ဆိုပါတော့ ခင်ဗျားတို့အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ခင်ဗျားတို့အထောက်အထားရှိရင် တိုင်။ ဒါမှမဟုတ် ကျွန်တော်အဂတိလိုက်စားတယ်ထင်ရင် Eleven အနေနဲ့ ဖွင့်ချပြီးရေး။ အဲဒီအခါကျရင် ကျွန်တော်ဥပဒေဘက်ကနေ ရင်ဆိုင်ဖို့အသင့်ပဲ။ ဥပဒေအရမဟုတ်ဘဲ ကျွန်တော်ကလည်း ဆောင်းပါးတစ်ပုဒ်ရေးပြီးတော့မှ Eleven Media အုပ်စုထဲမှာ အစုရှယ်ယာတွေ ဘယ်သူပါသလဲ။ နေ့စဉ်အရှုံးခံပြီးထုတ်နိုင်အောင် ဘယ်လိုများရပ်တည်နေပါသလဲလို့ရေးရင် ဘယ်တရားမလဲ။ ဒါကခင်ဗျားတို့ရဲ့လုပ်ပိုင်ခွင့်ပဲကို။ တစ်စုံတစ်ခုကြောင့် ဥပဒေနဲ့ပတ်သက်လာရင်သာ တရားရုံးတို့၊ ဥပဒေကြောင်းအရတောင်းဆိုမှ တရားမှာပေါ့။ ဒါကြောင့်မို့ ကျွန်တော်တောင်းဆိုလည်းမတရားဘူး။ ခင်ဗျားတို့လည်း အဲလိုရေးနေမယ့်အစား ကျွန်တော့်ပစ္စည်းတွေကိုထုတ်ပြဖို့လိုအပ်တဲ့ အကြောင်းအခြင်းအရာတွေရှိရင် အဂတိလိုက်စားမှုကော်မတီကိုလည်း တိုင်နိုင်ပါတယ်။ ဒါမှမဟုတ် ခင်ဗျားတို့က စုံစမ်းထောက်လှမ်းတဲ့ စာနယ်ဇင်းအတတ်ပညာနဲ့ ကျွန်တော့်ကိုရေးနိုင်ပါတယ်။ မှန်ရင်လည်း ကျွန်တော်ခံသွားမှာပေါ့။ မမှန်ရင်လည်း ကျွန်တော့်ဟာ ကျွန်တော်ဥပဒေအကာအကွယ်ယူပြီးတော့ ပြန်လည်ကာကွယ်မှာပေါ့။ ကျွန်တော်ဘာမှ ကြောက်စရာအကြောင်းမရှိပါဘူး။ ကျွန်တော်က အများကြိုက်အောင်လည်း ပြောစရာအကြောင်းမရှိဘူး။ တစ်စုံတစ်ယောက်ကိုလည်း ကြောက်ပြီးတော့ တွန့်ဆုတ်စရာအကြောင်းမရှိပါဘူး။ ကျွန်တော်ဒီတာဝန်ယူတဲ့အခါမှာ ကျွန်တော်ဝန်ကြီးဌာနအတွက် နိုင်ငံတော်က ချမှတ်ပေးထားတဲ့မူဝါဒတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အသင့်မြတ်ဆုံးဖြစ်မယ်ဆိုတဲ့နည်းလမ်းကို ကျင့်သုံးမှာပဲ။ မီဒီယာလောကကြီး ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တယ်လို့ ပြောဖို့လိုတယ်လို့ထင်တဲ့စကားကို ကျွန်တော်ပြောမှာပဲ။ အဲဒီစကားတွေပြောခြင်းရဲ့အကျိုးရလဒ်ကို ကျွန်တော့်ရင်ဆိုင်ဖို့အသင့်ပဲ။ ကျွန်တော့်မူဝါဒတွေရဲ့ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကို ကျွန်တော်ခံယူဖို့လည်းအသင့်ပဲ။ ကျွန်တော်မှာ ၂၀၁၆ အလွန်ကျရင် ဘာဖြစ်ရကောင်းစေဆိုတဲ့ စိတ်လည်းမရှိဘူး။ ကျွန်တော်ထမ်းဆောင်ရတဲ့ကာလအတွင်းမှာ ကိုယ့်တာဝန်ကိုယ်ထမ်းဆောင်ဖို့ပဲ ကျွန်တော်ဆုံးဖြတ်ထားတယ်။ အခုအချိန်အထိ ၀န်ကြီးအိမ်တောင်ကျွန်တော်ပြောင်းမနေသေးဘူး။ ၀န်ကြီးအိမ်လည်း ကျွန်တော်ပြောင်းနေမှာမဟုတ်ဘူး။ ညွှန်ချုပ်တုန်းကဆောက်ထားတဲ့အိမ်လေးရှိတယ်။ အိမ်သေးသေးလေးတစ်လုံးရှိတယ်။ အဲဒီကိုပဲ ကျွန်တော်ပြောင်းပြီးနေမှာ။ အဲဒါလည်း ကျွန်တော့်ပိုင်ဆိုင်မှုတစ်ခုပေါ့ဗျာ" ဟု ပြောကြားသည်။

ဆက်လက်၍ ဦးရဲထွဋ်က "ကျွန်တော်တို့စာနယ်ဇင်းကောင်စီကို နှစ်ကြိမ်အကြောင်းကြားပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်လက်ထက်မှာတစ်ကြိမ် အကြောင်းကြားတယ်။ ဖြေရှင်းပေးဖို့ဆိုပြီးတော့။ စာနယ်ဇင်းကောင်စီက Eleven ကိုဖိတ်တော့ သူတို့မလာဘူးထင်တယ်။ ဒါတော့ အသေးစိတ်မသိဘူး။ ကျွန်တော်ပြည်ထောင်စုဝန်ကြီးဖြစ်တော့လည်း ဒါကို ဥပဒေကြောင်းကို နောက်ဆုံးနည်းနဲ့မှ ကျွန်တော်လုပ်ချင်ပါတယ်။ ဒီအချက်အလက်မှားတာကို ပြင်ပေးပါဆိုပြီးတော့ ထပ်ပြီးအကြောင်းကြားပါတယ်။ အဲဒီအခါမှာလည်း Eleven က ပြင်မပေးနိုင်ဘူးဆိုပြီး စာနယ်ဇင်းကောင်စီကို အကြောင်းပြန်တယ်လို့ပြောပါတယ်။ အဲတော့ သမ္မတကြီးပြောထားသလို စာနယ်ဇင်းကောင်စီကအလိုရှိတဲ့အတိုင်း စာနယ်ဇင်းကောင်စီရဲ့တိုင်ကြားမှု ဖြေရှင်းရေးလုပ်ငန်းစဉ်ကနေ လုပ်ရမယ့်ဟာတွေအားလုံးကို လုပ်ပြီးသွားပြီပေါ့။ ဒါပေမဲ့ကျွန်တော်တို့ အမှားပြင်ဆင်ချက်မရဘူး။ မရတဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ဥပဒေရဲ့အကာအကွယ်ကိုယူဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီလိုဆုံးဖြတ်ရခြင်းက စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့လည်းမဆိုင်ပါဘူး။ အစိုးရသစ်လက်ထက်မှာ ပုံနှိပ်စက်တွေဝယ်ခဲ့တဲ့အထဲမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ၀န်ထမ်းအားလုံး၊ သတင်းနဲ့စာနယ်ဇင်းရဲ့ဂုဏ်သိက္ခာ၊ ၀င်ပြိုင်တဲ့ကုမ္ပဏီတွေနဲ့ ပြည်သူအားလုံးရဲ့ဂုဏ်သိက္ခာကို အကာအကွယ်ပေးဖို့ တာဝန်ရှိတယ်လို့ ခံယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ဆန္ဒအလျောက်အနားယူသွားတဲ့အချိန်မှာ လူတွေကရေးကြတယ်။ ပုံနှိပ်စက်များကြောင့်လားပေါ့။ တကယ်တော့ ကျွန်တော်တို့ အရင်လုပ်နေတဲ့ ၀ယ်ယူရေးစနစ်တွေကို ပိုပြီးတော့မှ ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ခဲ့တာက ဦးအောင်ကြည်ပေါ့။ သူတောင်မှ အဲလိုအပြောခံရရင် တော်တော်စိတ်မကောင်းဘူး။ ကျွန်တော်တို့က တတ်နိုင်သမျှတော့ စာနယ်ဇင်းကောင်စီရဲ့ တိုင်ကြားမှုဖြေရှင်းရေးလုပ်ငန်းစဉ်ထဲက ကျွန်တော်က ဖြေရှင်းချင်တယ်။ အထူးသဖြင့် ကျွန်တော်ပေါ့ဗျာ။ ကျွန်တော်ဆိုရင် Eleven Media နဲ့ ထိပ်တိုက်ပြောရမယ့်ကိစ္စတွေမလိုလားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကယ်တော့ ပြန်ကြားရေးဝန်ကြီးဌာနကို ပြောင်းလာပြီးတဲ့အခါမှာ ရဲထွဋ်နာမည်နဲ့ နိုင်ငံတကာဆောင်းပါးတွေကိုရေးခဲ့တာ ၂၀၁၂ ဖေဖော်ဝါရီလောက်အထိပဲ။ အဲဒီအချိန်မှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးခြင်းခံရတော့ ကျွန်တော်က မီဒီယာတွေကို ပြောဖို့လိုလာတဲ့အတွက်ကြောင့် အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခဖြစ်မှာစိုးလို့ ရပ်ဆိုင်းလိုက်တာ။ ဆိုလိုတာက ကျွန်တော့်ကို ကလောင်နာမည်တင်ပေးတဲ့အထဲမှာ Eleven Media ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အကြောင်းအမျိုးအမျိုးကြောင့် Eleven Media ကတော့ ကျွန်တော့်ကို ဘယ်လိုသဘောထားလဲမသိဘူးပေါ့။ ကျွန်တော်ကတော့ ဒါတွေကိုလုပ်တဲ့အခါမှာ တတ်နိုင်သမျှ ပဋိပက္ခမဖြစ်ချင်ဘူး။ သို့သော်မရလို့ရှိရင်တော့လည်း ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး။ ကျန်တဲ့သူတွေ သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းကြီးရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့သာ ဆက်ပြီးဆောင်ရွက်ရမှာ။ လက်ရှိအခြေအနေကတော့ ဒီအတိုင်းပါပဲ။ သံတော်ဆင့်နဲ့ပတ်သက်ပြီးတော့လည်း ဒီအတိုင်းပါပဲ" ဟု ပြောကြားသည်။

http://www.news-eleven.com/

Viewing all articles
Browse latest Browse all 32865


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>