တနင်္လာနေ့ည နှင့် အင်္ဂါနေ့ မနက် မိုးမသောက်မီ ရန်ကုန်တွင် အရေးယူ သိမ်းဆည်းခံထားရသော ပြိုင်ကား နှင့် ပါဝါအိပ်ဇောတပ်မော်တော်ယာဉ် ၉ စီး (ဓာတ်ပုံ - ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့)
ရန်ကုန်မြို့၏ ညဥ့်နက်သန်းခေါင်ယံအချိန် အသံဆူညံစေသည့် "စည်းကမ်းမဲ့ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ်မော်တော်ယာဉ်များ"ကို နှိမ်နင်းလျက်ရှိရာ လေးညအတွင်း မော်တော်ယာဉ်ပေါင်း ၆၁ စီး သိမ်းဆည်း အရေးယူထားသည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် သတင်းထုတ်ပြန်သည်။
"စည်းကမ်းမဲ့စွာ မောင်းနှင်မှုကြောင့် အသံများဆူညံစေပြီး အများပြည်သူ၏ စိတ်နှလုံးကိုထိခိုက်စေသဖြင့် ထိရောက်စွာ အရေးယူနိုင်ရန်" စီမံချက်ချမှတ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
အရေးယူခံရသည့် ယာဉ်များထဲတွင် တက္ကစီ၊ ကုန်တင်ယာဉ်ငယ်တို့လည်း ပါဝင်သည်ကို တွေ့ရသည်။
ရက်အကန့်အသတ်မရှိ စစ်ဆေး ဖမ်းဆီးသွားမည်ဖြစ်ပြီး ဥပဒေချိုးဖောက်သော မော်တော်ယာဉ်များကို ထိထိရောက်ရောက် အရေးယူမည် ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက သတင်းထောက်များကို တနင်္လာနေ့က ပြောသည်။
ဗိုလ်မှူးကြီး တင်ဝင်းက ဒီဇင်ဘာ ၈ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်း လွှတ်တော် အထူးအစည်းအဝေး ပြီးဆုံးချိန် သတင်းထောက်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
ဤအတောအတွင်း ပြိုင်ကားမောင်းသူ အများအပြားက အင်တာနက် စာမျက်နှာတွင် မကျေနပ်ချက်များ ရင်ဖွင့်လျက် ရှိရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတွင် ရိုက်ကူးထားသည်ဟူသော ကြော်ငြာဘုတ် ဓာတ်ပုံတစ်ပုံကိုလည်း အွန်လိုင်းတင်ပြီး ဝေဖန်လျက် ရှိသည်။
ကြော်ငြာဘုတ်တွင် နံပါတ်တချို့ ရေးထားပြီး "အိမ်တော်ကြီးမှကား" "လိုအပ်သော အကူအညီပေးရန်" ဟူသော မှတ်ချက်များ ရေးထားသည်ကိုလည်း တွေ့ရသည်။
ရန်ကုန်ရှိ ယာဉ်ထိန်းရဲတချို့သည် ရန်ပြုမှုများနှင့် ကြုံတွေ့ရသည်ဟူသော သတင်းများလည်း ယခင်က ထွက်ပေါ်ခဲ့ဖူးသည်။
ထိုသတင်းများထဲတွင် ၂၀၁၃ မတ်လက အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်၏ မော်တော်ကား မီးပွိုင့်တစ်ခုသို့ ရောက်ရှိစဉ် ယဉ်ထိန်းရဲတပ်သား စံသိန်းထွေး ဆိုသူကို ကိုယ်ထိလက်ရောက် စော်ကားခဲ့သည့် ဖြစ်ရပ်က အထင်ရှားဆုံးဖြစ်သည်။
ဗညားမန်း
http://ygnglobe.com/mm