(၁)
ဒီဇင်ဘာ ၁၆ ရက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက သတိပေးသလိုနဲ့ ခြိမ်းခြောက်စကား ပြောလိုက်ပါတယ်။
လွှတ်တော်ထဲမှာ စစ်တပ် ၂၅ ရာခိုင်နှုန်း ပါနေတာက အာဏာ ပြန်မသိမ်းဖို့ ဖြစ်ပေမဲ့ တိုင်းပြည် မတည်ငြိမ်၊ မအေးချမ်းဘူးဆိုရင် စစ်တပ်က အာဏာသိမ်းရမယ်လို့ ပြောခဲ့တာပါ။
ဦးတင်အေးရဲ့ စကားတွေကို ပြန်ကြည့်တဲ့အခါ စစ်အာဏာရှင်စနစ် လိုလားသူတွေရဲ့ အတွင်းစိတ်ကို တွေ့လိုက်ရပါတယ်။
၁၉၈၈ ခုနှစ်မှာ အုပ်ချုပ်မှုစနစ် မရှိတော့ဘူး၊ တရားဥပဒေ စိုးမိုးမှု မရှိတော့ဘူး၊ တပ်မတော်ကို ထိပါးလာတယ်၊ ဒါကြောင့် မလွှဲမရှောင်သာ အာဏာ သိမ်းခဲ့ရတယ်လို့ ဦးတင်အေးက ဆိုပါတယ်။
၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နိုင်တာ မှန်ပေမဲ့ “အာဃာတ တရား ရှေ့ထားတဲ့အခါ အာဏာလွှဲလို့ မရခဲ့ဘူး” လို့ သူက ဆက် ပြောခဲ့ပါတယ်။
အဲဒီ အချိန်က အာဏာလွှဲဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မရှိဘူး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆွဲဖို့ အမျိုးသား ညီလာခံကို ၁၉၉၃ ခုနှစ်မှာ ခေါ်တယ်၊ ၁၉၉၆ ခုနှစ်မှာ ပျက်တယ်၊ ၂ဝဝ၆ ခုနှစ်မှာ ပြန်ခေါ်ပြီး ၂ဝဝ၈ ခုနှစ်မှာ လူထု ဆန္ဒခံယူပွဲ လုပ်တယ်၊ အာဏာ ပြန်မသိမ်းအောင် လွှတ်တော်ထဲ ဝင်ထိန်းဖို့ ဆိုတဲ့ သဘောနဲ့ စစ်တပ် ၂၅ ရာခိုင်နှုန်း ပါခဲ့ရတယ် ဆိုပြီး ဦးတင်အေးက ပြောပါတယ်။
သူ့ ပြောစကားတွေထဲမှာ အဆိုးဆုံးက “ဆူဆူပူပူ ဖြစ်လာရင် အာဏာ ပြန်သိမ်းမယ်” ဆိုတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။
ဦးတင်အေးဟာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌပါ။ ကော်မရှင် ဥက္ကဋ္ဌတစ်ဦး အနေနဲ့ သမာသမတ် ကျစွာ ကြားနေရမယ့် အစား ကိုယ်နဲ့ မဆိုင်တဲ့ စကားကို ပြောခဲ့ပါတယ်။ ဒီပြောစကားတွေ အတွက် ဦးတင်အေးမှာ တာဝန်ရှိပါတယ်။
ကိုယ်နဲ့ မဆိုင်တာ ဝင်ပြော၊ အသိပေးတာလည်း မဟုတ်၊ သတိပေးတာလည်း မဟုတ်၊ ခြိမ်းခြောက် စကားပြောပြီး အာဏာ ပြန်သိမ်းဖို့ လမ်းကြောင်း ရှာပေးခဲ့တဲ့ ဦးတင်အေးအနေနဲ့ တာဝန် ယူရပါမယ်။
စစ်သားဟောင်းကြီး တစ်ဦးဖြစ်တဲ့ ဦးတင်အေး အနေနဲ့ ဂုဏ်သိက္ခာ ရှိတဲ့ စစ်သားဟောင်း၊ ကိုယ့်စကားကို တာဝန်ယူ ရဲတဲ့ စစ်သားဟောင်း၊ ရပ်တည်ချက် ခိုင်မာပြီး သမာသမတ် ကျစွာ ကြားနေတတ်တဲ့ စစ်သားဟောင်းကြီး တစ်ဦး ဖြစ်တယ်ဆိုရင် အာဏာသိမ်းဖို့ အထိ ခြိမ်းခြောက် ပြောဆိုခဲ့တဲ့ စကားတွေ အတွက် ရာထူးက နှုတ်ထွက်သင့်ပါတယ်။
မဟုတ်ဘူးဆိုရင် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် ဦးတင်အေး တာဝန်ယူရပါမယ်။ ရွေးကောက်ပွဲမှာ ဘယ်လို ရလဒ် ထွက်သည် ဖြစ်စေ၊ ရွေးကောက်ပွဲကို ရွေ့ဆိုင်း လိုက်သည် ဖြစ်စေ၊ ရွေးကောက်ပွဲကြောင့် ဖြစ်လာတဲ့ သံသယ တစ်ခုခု ရှိလာပြီဆိုရင် ဒီစကားပြောခဲ့တဲ့ ဦးတင်အေးအပေါ် သံသယ အကျိုးခံစားခွင့် ရှိပါတယ်။
(၂)
စစ်တပ်က အာဏာ သိမ်းခဲ့လို့ တိုင်းပြည် မွဲတေခဲ့ရတာကို ဦးတင်အေး ကိုယ်တိုင် သွယ်ဝိုက်အားဖြင့် ဝန်ခံပြီးသားပါ။ ဒီဇင်ဘာ ၁၆ ရက်မှာပဲ ပြောတာပါ။ ကောင်းမယ်ထင်ပြီး လုပ်ခဲ့ပေမဲ့ တိုင်ပြည် ဆင်းရဲခဲ့တယ်လို့ ပြောပါတယ်။
“တိုင်းပြည်ကြီး ဆင်းရဲနေတယ်။ ဖွံ့ဖြိုး တိုးတက်မှုကြီး နောက်ကျနေတယ်။ သူများနိုင်ငံ သွားကြည့်မှ မျက်နှာ ငယ်ဖွယ် ရှိတယ်။ တော်တော်ကြီးကို ကျွန်တော်တို့ တိုင်းပြည်က နောက်ကျနေပြီ။ အဲဒီ အပြစ် တင်တာ ခင်ဗျားတို့ မပြောနဲ့ ကိုယ့်ကိုယ် ကိုယ်တောင် မကျေနပ်ဘူး” လို့ ဦးတင်အေး ပြောခဲ့ပါတယ်။
စစ်အာဏာ သိမ်းခဲ့ပြီး နောက်ပိုင်း တိုင်းပြည် ဆင်းရဲခဲ့တယ်။ ဦးတင်အေး ပြောတာ မှန်ပါတယ်။ တိုင်းပြည် ဆင်းရဲခဲ့တယ်။ ပြည်သူလူထု မွဲတေခဲ့တယ်။ ဒါပေမဲ့ ဦးတင်အေးတို့ ကြွယ်ဝ ချမ်းသာခဲ့ကြပါတယ်။
ဦးတင်အေးတို့မှ မဟုတ်ပါဘူး။ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုက အစပြုစပြီး ၁၉၈၉ ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)၊ ၁၉၉၇ ခုနှစ် နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နယက) အဖွဲ့ဝင် စစ်ခေါင်းဆောင်တွေ၊ ဝန်ကြီးတွေနဲ့ သူတို့ သားသမီး၊ မိသားစုတွေ အားလုံးကို ပြန်ကြည့်လိုက်ပါ။ အများကြီး မရှိပါဘူး။ လူ ၅ဝဝ ဦးလောက်ပဲ ရှိပါတယ်။ ပြည်သူတွေ ဆင်းရဲမွဲတေ ခဲ့ပေမဲ့ အဲဒီလူတွေရဲ့ ချမ်းသာ ကြွယ်ဝမှုက အဆမတန် ဖြစ်ခဲ့ပါတယ်။
အခု လောလောဆယ် ဦးတင်အေးနဲ့ ဦးတင်အေးရဲ့ မိသားစု ပိုင်ဆိုင်မှုတွေကိုပဲ ကြည့်လိုက်ပါ။ ဦးတင်အေး ကိုယ်တိုင်က တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်မှာ ဥက္ကဋ္ဌ တာဝန်ကို နှစ်ရှည်ယူခဲ့သူ မဟုတ်လား။
(၃)
ဦးတင်အေးမှာ သားသမီး သုံးဦးရှိတယ်။ သားနှစ်ဦးက ဦးဥက္ကာအေးနဲ့ ဦးဇော်မင်းအေးတို့ပါ။ သူတို့ကို စီးပွားရေး အသိုင်းအဝိုင်းမှာ မသိသူ မရှိပါဘူး။ သားသမီး သုံးဦးထဲက ဦးဇော်မင်းအေး တစ်ဦးတည်းတောင် မိုးဆမ်းပန်းအုပ်စု အပါအဝင် ကုမ္ပဏီလေးခုလောက် ဆက်စပ်ပတ်သက် လုပ်ကိုင်နိုင်တဲ့အထိ ကြွယ်ဝပါတယ်။ သင်္ကန်းကျွန်းမြို့နယ်ထဲက မြေကွက်ကျယ်ကြီးနဲ့ ပတ်သက်တဲ့ အကျိုးအမြတ်တစ်ချို့ အပေါ်မှာလည်း ဦးတင်အေးရဲ့ သားသမီးတစ်ချို့ ဆက်စပ် ပတ်သက်ခဲ့တယ်လို့ လုပ်ငန်းရှင် အသိုင်းအဝိုင်းမှာ ပြောဆိုနေကြပါတယ်။ လုံးချင်းတိုက် တစ်ချို့ကို အခြားလုပ်ငန်းရှင်တွေဆီ ပြန်ငှားစားထားတာ ကြည့်ရုံနဲ့တင် လုံးချင်းတိုက်တွေ ဘယ်လောက် ပိုင်တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။
ဦးတင်အေးတို့ မိသားစုအနေနဲ့ အမေရိကန်ဒေါ်လာ သန်းရာနဲ့ချီ ကြွယ်ဝချမ်းသာသူတွေ ဖြစ်တယ်လို့ စီးပွားရေး အသိုင်းအဝန်းက ခန့်မှန်းထားပါတယ်။ ခန့်မှန်းနေကြသလို ဟုတ်၊ မဟုတ် ဆိုတာ ဦးတင်အေးတို့ကိုယ်တိုင် အသိဆုံး ဖြစ်မှာပါ။
သေချာတာကတော့ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း အစိုးရ အဆက်ဆက် ဗိုလ်ချုပ်နဲ့ အထက်ဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှုက တိုင်းပြည်ဆင်းရဲခြင်းနဲ့ ဆန့်ကျင်ဘက် အဆမတန် ကြွယ်ဝချမ်းသာခဲ့ပါတယ်။
ဒါဟာ စစ်အာဏာသိမ်းခဲ့မှု မှန်သလား၊ မှားသလား ဆိုတာကို ပြန်ဆန်းစစ်ဖို့ ပေါ်လွင်စေပါတယ်။
ဒါနဲ့များ ဘာအတွက်ကြောင့် အာဏာ ထပ်သိမ်းချင်ရလဲ။ ဘယ်သူ့ အတွက်ကြောင့် အာဏာ သိမ်းမှာလဲ။
(၄)
ဒီနေ့အချိန်မှာ ပြည်သူလူထုက ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကို နောက်ရွေ့လိုက်မှာ၊ စစ်တပ်က အာဏာပြန်သိမ်းမှာ ဒါတွေကို စိုးရိမ်နေတာပါ။
ပြည်သူလူထုရဲ့ စိုးရိမ်မှုကို ဖြေဖျောက်ပေးနိုင်တာ သုံးဦးပဲ ရှိပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတ ဦးသိန်းစိန်၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး။ ဒီသုံးဦးမှာ တာဝန်ရှိပါတယ်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဘောထားက ရှင်းတယ်လို့ ယူဆပါတယ်။ အောက်တိုဘာ ၁၄ ရက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နဲ့ နေပြည်တော်မှာ တွေ့ခိုက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောခဲ့ပါတယ်။
တပ်မတော်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်ကို အခိုင်အမာ ရပ်တည်မယ်။ နောက်ကြောင်းပြန်လှည့်ဖို့ မရှိဘူး။ တပ်မတော်အနေနဲ့ အာဏာသိမ်းမှာ မဟုတ်ဘူး၊ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD နိုင်ခဲ့မယ် ဆိုရင်တောင် NLD နဲ့ အပြန်အလှန် လေးစားမှုနဲ့ ဆက်ဆံရေး ရှိလိမ့်မယ်လို့ ပြောတာပါ။ အခုအချိန်အတွက် လုံလောက်တဲ့ ပြောဆိုချက်ပါ။
၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ အလွန် ကာလတွေအတွက် ပိုခိုင်မာတဲ့ ကတိကဝတ်၊ အာမခံချက်ကို ထပ်မံပေးဖို့ လိုပါလိမ့်မယ်။ ရွေးကောက်ပွဲ ပြီးမြောက် အောင်မြင်နိုင်အောင် တပ်မတော်က ကူညီဆောင်ရွက် ပေးရပါလိမ့်မယ်။
သမ္မတ ဦးသိန်းစိန်က အရေးကြီးဆုံးပါပဲ။ ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို သတ်မှတ်ချိန် အတွင်း သန့်ရှင်းမျှတစွာ (In time, Free and Fair) ပြုလုပ်ပေးမယ်၊ နောက်တက်လာတဲ့ အစိုးရကို မုချ အာဏာလွှဲပေးပါမယ် ဆိုတဲ့ ယတိပြတ် ကတိစကားကို အခုထိ မပေးသေးပါဘူး။
သူ့ သူငယ်ချင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောသလိုပဲ နိုင်ငံရေး တည်တည်ငြိမ်ငြိမ် ရှိမှသာ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အောင်မြင်မယ်ဆိုတဲ့ သဘောတွေပဲ ပြောနေပါတယ်။
၂ဝ၁၄ ခုနှစ် အောက်တိုဘာလ သမ္မတ ဦးသိန်းစိန်ရဲ့ ရေဒီယိုမိန့်ခွန်းမှာ အဲဒီအချက်တွေ ထည့်ပြောခဲ့ပါတယ်။
နိုင်ငံရေး အင်အားစုအားလုံး သဘောထားကြီးမှု၊ စိတ်ရှည် သီးခံမှုနဲ့ အလေးအနက် ပါဝင်ကြိုးပမ်း အားထုတ်မှု အထူး လိုအပ်နေတဲ့ အချိန် ဖြစ်တယ်၊ တစ်နိုင်ငံလုံး အတိုင်း အတာအရ အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ် ရေးထိုးမှုကို အောင်မြင်အောင် လုပ်နိုင်မှ နိုင်ငံရေး ဆွေးနွေးပွဲတွေ စနိုင်မယ်၊ ဒီလို စတင်မှသာ ကြားကာလ နိုင်ငံရေး တည်ငြိမ်မှု၊ ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူး ပြောင်းမှုများကို ရေရာ သေချာစေမယ့် အကြောင်းကိုလည်း သတိပြုစေ လိုပါတယ်လို့ သမ္မတ ဦးသိန်းစိန်က အောက်တိုဘာမှာ ပြောခဲ့ပါတယ်။
သေချာတာကတော့ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း အစိုးရ အဆက်ဆက် ဗိုလ်ချုပ်နဲ့ အထက်ဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှုက တိုင်းပြည်ဆင်းရဲခြင်းနဲ့ ဆန့်ကျင်ဘက် အဆမတန် ကြွယ်ဝချမ်းသာခဲ့ပါတယ်။ ဒါဟာ စစ်အာဏာသိမ်းခဲ့မှု မှန်သလား၊ မှားသလား ဆိုတာကို ပြန်ဆန်းစစ်ဖို့ ပေါ်လွင်စေပါတယ်။ ဒါနဲ့များ ဘာအတွက်ကြောင့် အာဏာ ထပ်သိမ်းချင်ရလဲ။ ဘယ်သူ့ အတွက်ကြောင့် အာဏာ သိမ်းမှာလဲ . . . . .
နိုင်ငံရေး ဆွေးနွေးပွဲတွေ မစနိုင်ဘူး ဆိုရင် ကြားကာလ နိုင်ငံရေး မတည်ငြိမ်နိုင်ဘူး၊ ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မအောင်မြင်နိုင်ဘူး၊ နိုင်ငံရေး အသွင် ကူးပြောင်းမှုတွေ မရေရာ၊ မသေချာနိုင်ဘူးလို့ သမ္မတ ဦးသိန်းစိန်က ဆိုလိုချင်တာလား။
တစ်ဖက်မှာတော့ ဒီအချက်တွေကို ထိန်းညှိဖို့ အတွက် ခေါ်ယူတဲ့ လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်တွေကို သမ္မတ ဦးသိန်းစိန်က အခုချိန်ထိ ပယ်ချထားပါတယ်။
(၅)
ပြည်သူလူထု စိုးရိမ်နေတာလည်း ဒါပါပဲ။ ကတိကဝတ်တွေ တိကျပြတ်သားမှု မရှိဘူး။ သဘောထားတွေက အချိန်မရွေး ပြောင်းလဲနေတယ်။ နိုင်ငံ့ ရှေ့ခရီးအတွက် စိုးရိမ်စရာပါ။
သမိုင်းမှာ ဖြစ်ခဲ့တာတွေကို ပြည်သူတွေ မမေ့သေးပါဘူး။ စစ်အာဏာရှင်တွေ ကတိဖျက်ခဲ့တာ၊ စကားလိုရာဆွဲပြီး ဗြောင်လိမ်ခဲ့တာတွေကို ပြည်သူတွေ အခုချိန်အထိ မှတ်မိနေပါတယ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံဟာ ပြည်သူတွေ စည်းကမ်းမဲ့လို့ ဖြစ်လာတာ မဟုတ်ပါဘူး။ အာဏာရှင် ဦးနေဝင်းအောက်မှာ ၂၆ နှစ်ကြာ ပြားပြားဝပ်ခဲ့ကြရတယ်။ ဖိနှိပ် ခံခဲ့ရတယ်။ မခံနိုင်တော့တဲ့အဆုံး ဒီမိုကရေစီ အရေးတော်ပုံ ဖြစ်လာတယ်။
“စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တတ်တယ်။ နောင်ကို ဆူဆူပူပူလုပ်ရင် မသက်သာဘူး မှတ်ပေရော့” ဆိုတာ စစ်အာဏာရှင်ဟောင်း ဦးနေဝင်းက လက်နက်မဲ့ ပြည်သူတွေကို စိန်ခေါ်ခဲ့ပါတယ်။ ဦးတင်အေးလည်း ဒီအချိန်မှာ ဒီစကားမျိုး ပြောနေပြန်ပါပြီ။
ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ အမှန်တရားကို လိုလားတဲ့ ပြည်သူတွေက ၁၉၈၈ ခုနှစ်မှာ လမ်းပေါ်ထွက်ခဲ့ကြတယ်။ ဦးနေဝင်းရဲ့ စိန်ခေါ်မှု နှစ်လအကြာမှာ ဖြစ်ခဲ့တာပါ။
ဒါပေမဲ့ စစ်တပ်က အင်အားသုံး ဖြိုခွင်းတယ်။ မင်းမဲ့စရိုက် လွှမ်းမိုးပြီး ပရမ်းပတာဆန်တဲ့ အုံကြွမှုအဖြစ် အသက်သွင်း ပုံဖော်ခဲ့ပါတယ်။ ဒီလို ဖြစ်လာလို့ မလွှဲမရှောင်သာ အာဏာသိမ်းရပါတယ် ဆိုတာကို ဒီနေ့အထိ ပြောခဲ့ကြပါတယ်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်း အာဏာသိမ်းခေါင်းဆောင်တွေ အကြိမ်ကြိမ် ကတိဖျက်ခဲ့တာကိုလည်း ဆင်ခြေအမျိုးမျိုးပေးပြီး ဖုံးဖိပြန်ပါတယ်။
(၆)
၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာ စစ်အာဏာသိမ်း အစိုးရ အဖွဲ့သစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင်က သူတို့ဟာ “အာဏာကို မက်မောလိုချင်၍ မဟုတ်” ဆိုပြီး ပြောခဲ့ပါတယ်။
၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၃ ရက် တိုင်းပြည်သို့ မေတ္တာရပ်ခံချက်မှာ “မလွှဲမရှောင်သာတော့လို့သာ အာဏာကို ရယူခဲ့ခြင်း ဖြစ်တယ်။ အင်္ဂါရပ်နဲ့ ညီဖို့အတွက်သာ အစိုးရ တစ်ရပ်ကို ဖွဲ့စည်းထားတာ ဖြစ်တယ်။ လူနည်းနည်းနဲ့ ဖွဲ့ထားတာကိုက အာဏာရေရှည် ယူထားဖို့ မဟုတ်ကြောင်း ထင်ရှားစေတယ်။ ပါတီတွေ မှတ်ပုံတင်ဖို့သာ ပြင်ပါ။ တောင်းပွဲ တိုက်ပွဲတွေ ရပ်ပါ။ မိမိတို့ တာဝန်ယူရမယ့် ကာလဟာ တိုလွန်းတဲ့အတွက် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးတွေကို ထိုက်သင့်သလောက်သာ လုပ်သွားနိုင်မယ်။ ရေရှည်ကိုတော့ နောက်တက်လာမယ့် အစိုးရကသာ လုပ်ကြဖို့။ ကျွန်တော်တို့ တပ်မတော် အနေနဲ့ကတော့ ရွေးကောက်ပွဲမှာ တင်မြှောက်လိုက်တဲ့ အစိုးရထံ အာဏာ လွှဲပြီးသည်နှင့် မူလ တာဝန်ဖြစ်သော ကာကွယ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကိုသာ ဆောင်ရွက်သွားမယ်ဆိုတာ ထပ်မံ ကတိပေးလိုတယ်” လို့ ဗိုလ်ချုပ်ကြီး စောမောင်က ထပ်ပြောခဲ့ပါတယ်။
ဒါပေမဲ့ ၁၉၉ဝ ပြည့်နှစ် မေ ၂၇ ရက်မှာလုပ်တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ NLD နဲ့ မဟာမိတ်တွေ အပြတ်အသတ်နိုင်ပြီး နောက်ပိုင်း စစ်အာဏာရှင်တွေ ကတိဖျက်ခဲ့ကြပါတယ်။
တကယ်လို့ သမ္မတ ဦးသိန်းစိန် အနေနဲ့ ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကတိဖျက်ခဲ့မယ်ဆိုရင် ဦးနေဝင်း၊ ဗိုလ်ချုပ်ကြီး စောမောင်တို့နဲ့ နှိုင်းယှဉ်စရာ ဖြစ်လာပါလိမ့်မယ်။
(၇)
၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် ထွက်ချိန်မှာ စစ်အာဏာသိမ်း ခေါင်းဆောင်တွေ ရွှေပျောက်သလို၊ အတိတ်မေ့သလို ဖြစ်ခဲ့ပါတယ်။ NLD ကို အာဏာ လွှဲမပေးပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိသေးဘူးဆိုတဲ့ အကြောင်းပြချက် ပေးခဲ့တယ်။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲဟာ အာဏာလွှဲပေးဖို့ မဟုတ်ဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့သာ ဖြစ်တယ်ဆိုပြီး မျက်နှာပြောင်တိုက် ပြောခဲ့ကြပါတယ်။
၁၉၈၉ ခုနှစ် ရွေးကောက်ပွဲ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ စစ်အာဏာသိမ်း အစိုးရရဲ့ ၁/၉ဝ ကြေညာချက်ဟာ ဆန့်ကျင်ဘက်ပါပဲ။ ဒါကိုပဲ မျက်နှာပြောင် တိုက်ခဲ့ကြတာပါ။
၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲက တင်မြှောက်လိုက်တဲ့ အစိုးရကို အာဏာလွှဲပြီးတာနဲ့ စစ်တန်းလျား ပြန်မယ်ဆိုတဲ့ ဗိုလ်ချုပ်ကြီး စောမောင်ကိုယ်တိုင် သူပေးတဲ့ကတိ သူကိုယ်တိုင် ဖျက်ခဲ့ပါတယ်။
“ကျွန်တော့်ကို လူတွေ မေးတယ်။ စစ်တပ်က အာဏာ ဘယ်တော့ လွှဲပေးမလဲတဲ့။ ဒါတော့ ကျွန်တော် ဘယ်ပြောတတ်ပါ့မလဲ။ ဘယ်သူမှ မနက်ဖြန်ခါ ဘာဖြစ်မလဲဆိုတာ မသိတာ။ ဖြစ်လာတဲ့ အခြေအနေအရသာ လုပ်ရမှာပေါ့။ မနက်ဖြန်ကာ ကျွန်တော် ရေနစ်သေချင် သေမယ်။ အနာဂတ်ကို ဘယ်သူမှ ကြိုမသိနိုင်ဘူး။ ပုဂံခေတ် အနော်ရထာမင်း အရည်းကြီးဂိုဏ်းကို ဖြိုခွင်းသလို ကျွန်တော်လည်း ဒီနေ့ တာဝန်အရ လုပ်တာပဲ။ ဒါဟာ ငရဲကျချင်လည်း ကျမယ်။ ကျပါစေ။ လုပ်ရမှာပေါ့” လို့ ၁၉၉ဝ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက် ရေဒီယိုနဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီး စောမောင်က ပြောခဲ့ပါတယ်။
တကယ်တော့ ဗိုလ်ချုပ်မှူးကြီး စောမောင်ဆိုတာ ဝါဒဖြန့်ချိသူတစ်ချို့ ပြောသလို စစ်သားကောင်းကြီး မဟုတ်ခဲ့ပါဘူး။ ဦးနေဝင်းစကားကို နားမထောင်ဘဲ အာဏာလွှဲမပေးခဲ့တာ၊ ဦးသန်းရွှေကိုယ်စား လုပ်ခဲ့တယ်ဆိုတာလည်း မဟုတ်ပါဘူး။ သူကိုယ်တိုင် သူပေးတဲ့ ကတိကို ဖျက်ခဲ့တာပါ။ ဦးစောမောင် ဦးဆောင်ပြီး စစ်အာဏာရှင်တွေ တညီတညွတ်ထဲ ကတိဖျက်ခဲ့ကြတာပါ။
(၈)
ဗိုလ်ချုပ်ကြီး စောမောင်က သူပေးတဲ့ ကတိကို သူကိုယ်တိုင်ဖျက်ပြီး ရွှေပျောက်သလို အတိတ်မေ့သလို လုပ်ခဲ့တာပါ။ တာဝန် အရ လုပ်တာ။ ငရဲကျချင်လည်း ကျမယ်။ ကျပါစေ။ လုပ်ရမှာပေါ့။ ဆိုတဲ့ စကားကို ဒီနေ့မှာ ပြောချင်နေသူတွေ ရှိနေပါတယ်။ (ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေတောင် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် အရေးအခင်း နှိမ်နင်းမှုနဲ့ ပတ်သက်ပြီး ဒီလိုသဘော သက်ရောက်တဲ့ စကားမျိုး ပြောခဲ့ဖူးပါသေးတယ်)
ဦးတင်အေးကတော့ “ပစ်ခတ်ပြီး ထိန်းသိမ်းခဲ့တဲ့ တပ်မတော်က အာဏာ လွှဲပေးချင်လို့ ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းပြီး နှစ်နှစ် နီးပါးအကြာ ၁၉၉ဝ ပြည့်နှစ်မှာ ရွေးကောက်ပွဲ လုပ်ပေးခဲ့တယ်။ NLD နိုင်ပါတယ်။ အာဃာတရား ရှေ့ထားတဲ့ အခါကျတော့ ကျွန်တော်တို့က အာဏာလွှဲလို့ မရဘူး” လို့ ဆိုပါတယ်။
ဦးတင်အေးပြောတဲ့ “အာဃာတတရား ရှေ့ထား” ဆိုတဲ့ စကားက ဘာကိုဆိုလိုချင်တာလဲ။ ဘယ်သူတွေက အာဃာတ ထားခဲ့သလဲဆိုတာ ပြန်ဆန်းစစ်ဖို့ လိုပါတယ်။
နောက်ပြီး ဦးတင်အေးပြောတဲ့ အာဃာတဆိုတာ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲအပြီးမှာ NLD ဒုတိယဥက္ကဋ္ဌ ဦးကြည်မောင် ပြောခဲ့တဲ့ ‘နုရင်ဘတ် ခုံရုံး’ ဆိုတဲ့ အသုံးအနှုန်းကို ပြောချင်ပုံရပါတယ်။
အဲဒီ အချိန်တုန်းက Asia Week မဂ္ဂဇင်း ဂျာနယ်လစ် ဒေါမနစ်ဖော်လာနဲ့ အင်တာဗျူးမှာ ဦးကြည်မောင်က ‘နုရင်ဘတ် ခုံရုံး’ ဆိုတဲ့ စကားကို သုံးခဲ့ပါတယ်။
မေးခွန်းက ရွေးကောက်ပွဲအနိုင်ရ NLD က အစိုးရဖွဲ့ပြီးချိန်မှာ မြန်မာစစ်ခေါင်းဆောင်တွေကို တရားရုံးတင် စစ်ဆေးဖို့ အစီအစဉ် ရှိသလားလို့ မေးတာပါ။ ဒီမေးခွန်းကို ဦးကြည်မောင်က ပြန်ဖြေတဲ့အခါ “မြန်မာနိုင်ငံမှာ နုရင်ဘတ် ခုံရုံးလို ရုံးတင်စစ်ဆေးဖို့ အစီအစဉ် မရှိဘူး” လို့ ပြောခဲ့တာပါ။
(၉)
ဦးကြည်မောင်ဆိုတာ တပ်မတော်က လာခဲ့တဲ့ အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦး ဖြစ်ပါတယ်။ ဦးကြည်မောင်ရဲ့ ပြောစကားကို အာဏာသိမ်း စစ်ခေါင်းဆောင်တွေက သူတို့ကို နုရင်ဘတ် စစ်ခုံရုံး ပို့မယ်ဆိုတဲ့ အဓိပ္ပါယ် ယူခဲ့ပါတယ်။ ဒီလို ဖြစ်အောင်လည်း ဦးခင်ညွန့် (အငြိမ်းစားဗိုလ်ချုပ်ကြီး)က စစ်တပ်ထဲမှာ ဝါဒဖြန့်ချိ ခဲ့ပါတယ်။
ဦးခင်ညွန့်ရဲ့ ဝါဒဖြန့်ချိမှု အောင်မြင်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ သူတို့နောက်လိုက်တွေက NLD မှာ အာဃာတ ရှိနေတယ်၊ ဒါကြောင့် အာဏာလွှဲပေးစရာ မလိုဘူးဆိုတဲ့ ယူဆချက်ကို အခိုင်အမာ ဆုပ်ကိုင်ခဲ့ပါတယ်။
ဦးသန်းရွှေက အာဏာလွှဲတဲ့အခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အကြောင်းမဲ့ရွေးပြီး ကာကွယ်ရေး ဦးစီးချုပ်နေရာ ပေးခဲ့တာ မဟုတ်ပါဘူး။ သူ့အတိုင်း စစ်အစိုးရ လက်ထက်မှာ သူရဲ့ အဓိက ခိုင်းတာတွေ လုပ်တတ်တဲ့ သူရဦးရွှေမန်းကို လွှတ်တော် ဥက္ကဋ္ဌတာဝန် ပေးခဲ့တယ်။ ပျော့ပြောင်းမှုရှိတဲ့ ဦးသိန်းစိန်ကို နိုင်ငံတော် သမ္မတ တာဝန် ပေးခဲ့တယ်။ ဒီနှစ်ဦးကြားမှာ moderate (နိုင်ငံရေးအရ အစွန်းမရောက်သူ) ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကာကွယ်ရေး ဦးစီးချုပ်တာဝန် ပေးခဲ့တာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သဘောထား အရမ်းပျော့ပြောင်းသူလည်း မဟုတ်၊ သဘောထား တင်းမာလွန်းသူလည်း မဟုတ်ပါဘူး . . . . .
၁၉၉ဝ ပြည့်နှစ် အာဏာလွှဲမပေးခဲ့သူ စစ်ခေါင်းဆောင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဦးခင်ညွှန့် (ထိုစဉ်က ဗိုလ်ချုပ်ရာထူးဖြင့် အတွင်းရေးမှူး-၁ တာဝန် ထမ်းဆောင်) က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကြေညာချက် (၁/၉ဝ) ကို ၁၉၉ဝ ပြည့်နှစ် ဇူလိုင် ၂၇ ရက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။
၁/၉ဝ ထုတ်ပြီးနောက်ပိုင်း NLD ထိပ်ခေါင်းဆောင်တွေ အပါအဝင် လူအများအပြားကို ဂန္ဒီခန်းမမှာ လုပ်တဲ့ NLD ဗဟိုဦးစီး အဖွဲ့နဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပထမအကြိမ် ပဏာမ အစည်းအဝေးကိစ္စနဲ့ ဖမ်းဆီးလိုက်ပါတယ်။
အစောဆုံး ဖမ်းခံခဲ့ရသူတွေထဲမှာ NLD ဗဟိုဦးစီး အဖွဲ့ဝင် ၂၉ ဦးထဲက ၁/၉ဝ ကို လက်မခံသူ ခြောက်ဦး အပါအဝင် လူနှစ်ဆယ်ခန့် ပါခဲ့ပါတယ်။ အဲဒီအချိန် မတိုင်ခင်နဲ့ အဲဒီအချိန် နောက်ပိုင်းမှာလည်း NLD ခေါင်းဆောင်တွေ ဆက်တိုက် ဖမ်းဆီးပါတယ်။
(၁ဝ)
ဦးကြည်မောင်လည်း အဖမ်းခံခဲ့ရသူတွေထဲ ပါခဲ့ပါတယ်။ သူ့ကို ဖမ်းရတဲ့ အကြောင်းတွေထဲမှာ နုရင်ဘတ်ခုံရုံးကိစ္စ ပါခဲ့ပါတယ်။ သေချာတာက ဦးကြည်မောင်ဟာ စစ်အာဏာရှင်တွေကို အာဃာတထားပြီး ပြောခဲ့တာ မဟုတ်ပါဘူး။
ဒီအချက်ကို သေချာစေတဲ့ အချက်အလက်တွေကို The Voice of Hope စာအုပ်မှာ ပါခဲ့ပါတယ်။ အဲဒီ စာအုပ်မှာ ပါခဲ့တဲ့ အဲလန်ကလီမင့်နဲ့ ဦးကြည်မောင်တို့ အင်တာဗျူးမှာ ဦးကြည်မောင်က ရှင်းရှင်းလင်းလင်း ပြောခဲ့တာ ရှိပါတယ်။
“သူတို့က ကျွန်တော်တို့ကို မယုံဘူး။ ပြည်သူတွေက ခွင့်လွှတ်မယ် ဆိုတာလဲ သူတို့ မယုံဘူး။ ဒေါ်စုမှာ အဲလိုစိတ် ရှိတယ်ဆိုရင်တောင် ကျွန်တော် ပြင်ပေးလို့ ရပါတယ်။ ကဲ စု၊ အဲတာဟာ မြန်မာပြည်သူလူထုရဲ့ ကောင်းကျိုးပြုဖို့ ရည်ရွယ်ချက်ကို အကျိုးပြုမှာ မဟုတ်ဘူးဆိုပြီး။ ကျွန်တော်တို့က လက်စားချေရေး (ဒါမှမဟုတ်) အငြိုးအာဃာတ မူဝါဒကို ကျင့်သုံးမှာ မဟုတ်ဘူး။ ကျွန်တော်တို့ အမှန်တရားကို လိုချင်တယ်။ ရင်ကြားစေ့ရေးကို လိုချင်တယ်။ လိမ်ညာတာ၊ ညှင်းပန်းနှိပ်စက်တာ မလိုချင်ဘူး။ ခွင့်လွှတ်ခြင်းဟာ မြန်မာ့ဒီမိုကရေစီရဲ့ အခြေခံမူပဲ” လို့ ဦးကြည်မောင်က ပြောခဲ့ပါတယ်။
“ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သူတွေဟာ ပင်ကို သဘာဝကိုက သနားညှာတာတတ်ကြတယ်။ ပြည်သူတွေက သူတို့ကို ခွင့်လွှတ်ကြမှာပါ။ ဒါ ကျွန်တော့်ရဲ့ ယုံကြည်ချက်ပဲ။ ခွင့်လွှတ်ခြင်းအားဖြင့် အနိုင်ရမှာပါ။ ခွင့်လွှတ်ခြင်းဟာ ကျွန်တော်တို့ အမျိုးသားရေးကို အင်အားကြီးမားစေမှာပါ။ အားနည်းမသွားစေပါဘူး။ ဗိုလ်ချုပ်တွေ ဒါကို နားလည်ရမယ်။ သူတို့က ကျွန်တော်တို့နဲ့ စကားပြောချင်ရင် ကျွန်တော်တို့က အဆင်သင့်ပါပဲ” လို့လည်း ဦးကြည်မောင်က ပြောခဲ့ပါသေးတယ်။
ခွင့်လွှတ်ခြင်းကို လက်ကိုင်ထားဖို့၊ ခွင့်မလွှတ်သူတွေ ရှိနေရင်တောင် ခွင့်လွှတ်ဖို့ တိုက်တွန်းပေးချင်တဲ့ ဦးကြည်မောင်ရဲ့ ဆိုစကားတွေကို အာဏာသိမ်း စစ်ခေါင်းဆောင်တွေ မမြင်ခဲ့ပါဘူး။ NLD မှာ အာဃာတတွေ ရှိတယ်လို့ပဲ သူတို့ မြင်ခဲ့ပါတယ်။
အခုလည်း ဦးတင်အေးက NLD ကို အာဃာတတရား ထားတယ်လို့ ဆိုလာပြန်ပါတယ်။ ဦးတင်အေးရဲ့ ပြောစကားတွေ၊ တစ်ချိန်က ဦးခင်ညွန့်ရဲ့ စကားတွေ အတူတူပါပဲ။
(၁၁)
၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အဖြေက အခုချိန်မှာ လုံလောက်ပါတယ်။ ရေရှည်အတွက် ခိုင်မာတဲ့ကတိ ထပ်ပေးဖို့တော့ လိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပညာတတ် မိသားစုက မွေးဖွားပြီး ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ ကြီးပြင်းခဲ့သူဖြစ်လို့ စဉ်းစား ဆင်ခြင်ဉာဏ်မဲ့တဲ့ လုပ်ရပ်တွေ လုပ်မှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီလောက် မညံ့ဘူးလို့ ထင်ပါတယ်။
စစ်မှုထမ်း ကာလ အပါအဝင် သမိုင်းတစ်လျှောက်မှာ နာမည်ကောင်း ရှိခဲ့တဲ့ သမ္မတကို ကိုယ့်အကျိုးစီးပွား တစ်ခုတည်းကြည့်ပြီး လမ်းမှားရောက်အောင် ပို့နေကြတဲ့သူတွေ ဘယ်သူတွေလဲ ဆိုတာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သိမယ်ထင်ပါတယ်။
သမ္မတ ဦးသိန်းစိန်ကို လမ်းမှားရောက်အောင် ပို့နေကြသူတွေရဲ့ တပ်တွင်း သမိုင်းကြောင်း၊ မိသားစု အသိုင်းအဝိုင်းနဲ့ နာမည်ပျက်မှု၊ ကိုယ်ကျိုး ရှာမှုတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သိမှာပါ။ ရှည်ရှည်ဝေးဝေး ရှင်းပြနေစရာ လိုမယ် မထင်ပါဘူး။
ဒါပေမဲ့ ဦးတင်အေးတို့လို ခြိမ်းခြောက်စကား ပြောသူတွေ၊ သမ္မတ ဦးသိန်းစိန်ကို လမ်းမှားပို့ခဲ့သူတွေရဲ့ စကားကို နားယောင်ပြီး အာဏာသိမ်းမှု လုပ်ခဲ့မယ်ဆိုရင် ဒါတွေရဲ့ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံဟာ ဇင်ဘာဘွေပုံစံ ဖြစ်သွားပါလိမ့်မယ်။ ရှုံးရင်တော့ ကဒါဖီဘဝကို ရောက်ပါလိမ့်မယ်။ တိုင်းပြည်လည်း နိဂုံးချုပ်သွားပါလိမ့်မယ်။
ဦးသန်းရွှေက အာဏာလွှဲတဲ့အခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အကြောင်းမဲ့ရွေးပြီး ကာကွယ်ရေး ဦးစီးချုပ်နေရာ ပေးခဲ့တာ မဟုတ်ပါဘူး။ သူ့အတိုင်း စစ်အစိုးရ လက်ထက်မှာ သူရဲ့ အဓိက ခိုင်းတာတွေ လုပ်တတ်တဲ့ သူရဦးရွှေမန်းကို လွှတ်တော် ဥက္ကဋ္ဌတာဝန် ပေးခဲ့တယ်။ ပျော့ပြောင်းမှုရှိတဲ့ ဦးသိန်းစိန်ကို နိုင်ငံတော် သမ္မတ တာဝန် ပေးခဲ့တယ်။ ဒီနှစ်ဦးကြားမှာ moderate (နိုင်ငံရေးအရ အစွန်းမရောက်သူ) ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကာကွယ်ရေး ဦးစီးချုပ်တာဝန် ပေးခဲ့တာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သဘောထား အရမ်းပျော့ပြောင်းသူလည်း မဟုတ်၊ သဘောထား တင်းမာလွန်းသူလည်း မဟုတ်ပါဘူး။
ဒါကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းတို့ အကြား တင်းမာမှုတွေ ဖြစ်လာပြီ ဆိုပြီး ထိန်းထိန်းသိမ်းသိမ်း ညှိနှိုင်းပေးဖို့အပြင် နိုင်ငံရေး အတိုက်အခံ အင်အားစုတွေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အကြား ပြေလည်တဲ့ အခြေအနေတစ်ခု ဖြစ်လိမ့်မယ် ဆိုတာကိုပါ ဦးသန်းရွှေက ရည်ရွယ်ပါတယ်။
သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတို့ကို ဖိုခနောင့် ဆိုင်ထားခဲ့တာ ဒီရည်ရွယ်ချက် ဖြစ်ပါတယ်။
(၁၂)
အခုချိန်မှာ တိုင်းပြည်ကို မတည်မငြိမ် ဖြစ်စေနိုင်တဲ့ အချက် နှစ်ချက်ပဲ ရှိပါတယ်။ တစ်အချက် ရွေးကောက်ပွဲကို ညစ်မယ်ဆိုရင် မတည်မငြိမ် ဖြစ်ပါလိမ့်မယ်။ နှစ်အချက်က ရွေးကောက်ပွဲကို ရွေ့ဆိုင်းရင် မတည်မငြိမ် ဖြစ်ပါလိမ့်မယ်။ လူတွေကြားထဲမှာ စစ်တပ်က အာဏာပြန်သိမ်းတော့မလား၊ ရွေးကောက်ပွဲကို ရွေ့ဆိုင်းတော့မလားဆိုတဲ့ အသံတွေ ကျယ်လောင်စ ပြုနေပါပြီ။ ဒီလိုဖြစ်အောင် ဘယ်သူတွေ လုပ်နေတာလဲ။
တိုင်းပြည်တည်ငြိမ်ဖို့ဆိုရင် အပေါ်မှာ ပြောထားတဲ့ အချက်နှစ်ချက်အတွက် လုံလောက်တဲ့ ကတိကဝတ်တွေ လိုပါတယ်။
တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ရှိနေတယ်။ ဒေသတစ်ခုချင်းစီရဲ့ ပြဿနာပါ။ အဲဒီ တိုက်ပွဲတွေကြောင့် တိုင်းပြည် မတည်မငြိမ် မဖြစ်နိုင်ပါဘူး။ လူမျိုးရေး အကြောင်းပြု ဘာသာရေး ပဋိပက္ခတွေကြောင့်လည်း မတည်မငြိမ် မဖြစ်နိုင်ပါဘူး။ အဲဒီ ပဋိပက္ခတွေကို ဘယ်သူတွေ ဖန်တီးနေကြသလဲ ဆိုတာကို ပြည်သူတွေ ရိပ်မိနေပါပြီ။ အစ္စလာမ် မုန်းတီးရေးကို ဘယ်သူတွေ ဖန်တီးနေတာ။ ဘာသာရေး ပဋိပက္ခဖြစ်အောင် ဘယ်သူတွေ သွေးထိုးနေလဲ ဆိုတာကို ပြည်သူတွေ သိနေပြီမို့ ထောင်ချောက်ထဲ ဝင်တိုးမှာ မဟုတ်ပါဘူး။
ပြည်သူတွေရဲ့ စီးပွားရေး အဆင်မပြေမှုနဲ့ ဆင်းရဲမွဲတေမှု မြင့်မားနေတာ နိုင်ငံရေး ပြဿနာက အခြေခံပါတယ်။ နိုင်ငံရေး ပြဿ နာ ပြေလည်လာတာနဲ့ အမျှ ဆင်းရဲမွဲတေမှုတွေကလည်း အထိုက်အလျောက် လျော့ပါးလာမှာပါ။ ဆင်းရဲမွဲတေမှုကြောင့် ၁၉၈၈ ခုနှစ်ကလို လူထုအုံကြွမှု ဖြစ်မလာနိုင်ပါဘူး။
နိုင်ငံရေး ပြဿနာ ပြေလည်ဖို့ ပထမလမ်းစက ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ အချိန်အတွင်း သန့်ရှင်းမျှတစွာ လုပ်ပေးဖို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ညစ်မယ်၊ ရွှေ့ဆိုင်းမယ်ဆိုရင် ဒါဟာ လူထုရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်တာပါပဲ။ လူထုရဲ့ ခံပြင်းစိတ် ပိုကြီးလာပြီး လူထုအုံကြွမှု ဖြစ်လာမယ်။ ပြည်သူလူထုနဲ့ အစိုးရ ထိပ်တိုက်တိုး ရင်ဆိုင်မှု ဖြစ်လာမှာပါ။
ဒီလို မဖြစ်ဖြစ်အောင်လုပ်ပြီး အာဏာသိမ်းဖို့ ကြံစည်ထားတယ် ဆိုရင် အဲဒီ အကြံအစည်ကို စွန့်လွှတ်လိုက်ပါ။ အမှားကြီး မှားပါလိမ့်မယ်။ အဆုံးမသတ်နိုင်တဲ့ သံသရာဆိုးကြီးထဲ ပြန်ရောက် သွားပါလိမ့်မယ်။
(၁၃)
သမ္မတ ဦးသိန်းစိန်ကို ကျောထောက်နောက်ခံ ပြုနေတဲ့ တတိယအုပ်စုတွေ၊ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့ သတိချပ်ဖို့ အချိန်ရောက်ပါပြီ။
သမ္မတ ဦးသိန်းစိန် နောက်သက်တမ်းတစ်ခု ဝင်အရွေးခံရေး၊ မခံရေးက မီးထိုးပေးရမယ့် ကိစ္စ မဟုတ်တော့ပါဘူး။ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ အချိန်အတွင်း သန့်ရှင်းမျှတစွာ လုပ်ပေးဖို့က အဓိကကျတဲ့အချက် ဖြစ်လာပါပြီ။
၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲဟာ စစ်အာဏာရှင်တွေအောက်မှာ မွဲတေဆင်းရဲ၊ ဘဝပျက်ခဲ့ရတဲ့ ပြည်သူတွေအတွက် ဖြစ်သင့်ပါပြီ။ နိုင်ငံတကာကို အယုံသွင်းပြီး လိုရာပုံဖော်ရမယ့်အချိန် မဟုတ်တော့ပါဘူး။
အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒ အာရုံစိုက်မှုက မြန်မာ မဟုတ်တော့ပါဘူး။ ကျူးဘား ဖြစ်သွားပါပြီ။ သမ္မတ အိုဘားမားရဲ့ မိန့် ခွန်းတွေမှာ မြန်မာကို အကောင်းပြောဆိုမှု တဖြည်းဖြည်း လျော့ကျလာပါတော့မယ်။
အမေရိကန်ရဲ့ အာရုံစိုက်မှုမှာ ကျူးဘားက နံပါတ်တစ်၊ ဆီးရီးယား အောင်နိုင်မှုနဲ့ အစ္စလာမ်မစ် စစ်သွေးကြွ (IS) တွေကို အပြီးတိုင် ချေမှုန်းရေးက နံပါတ်နှစ်၊ ပါကစ္စတန် စာသင်ကျောင်း ကလေးငယ်တွေ သတ်ဖြတ်ခံရမှုနဲ့ တာလီဘန်တွေကို ချေမှုန်းရေးက နံပါတ်သုံး အရေးကြီးကိစ္စ ဖြစ်လာပါပြီ။
ဒါ့အပြင် ၂ဝ၁၆ ခုနှစ် အမေရိကန် ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်တွေ ပြင်ဆင်ရပါတော့မယ်။ ဒီမိုကရက်တစ်တွေရဲ့ အားနည်းချက်ကို ရှာဖွေနေတဲ့ ရီပတ်ပလစ်ကန်တွေလည်း အဆင်သင့် ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရက်တစ်တွေ အတွက် ပြလို့ကောင်းတဲ့ အောင်မြင်မှု မဖြစ်သေးပါဘူး။ ကျူးဘားက သူတို့ အတွက် ပိုအရေးကြီးပါတယ်။
၂ဝ၁၆ ခုနှစ်ဟာ ရီပတ်ပလစ်ကန်တွေရဲ့ နှစ်တစ်နှစ် မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ တကယ်လို့ ရီပတ်ပလစ်ကန်တွေ နိုင်ခဲ့မယ်ဆိုရင် သူတို့ရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားက ဒီမိုကရက်တစ်တွေလို့ ပျော့ပြောင်းမှုရှိမှာ မဟုတ်ပါဘူး။
ဒါကို မြန်မာနိုင်ငံနဲ့ နိုင်ငံတကာကြား လောဘီလုပ်နေသူတွေ သတိထားဖို့ လိုပါတယ်။ အမေရိကန် လော်ဘီလုပ်မှုတိုင်းကို တန်ပြန် လော်ဘီလုပ်နေသူတွေ ရှိနေပါတယ်။ ဒီမိုကရက်တစ်တွေကို ရီပတ်ပလစ်ကန်က စောင့်ကြည့်နေသလို ဒီမိုကရက်တစ်တွေ အချင်းချင်း ကြားမှာလည်း တန်ပြန်စောင့်ကြည့်မှုတွေ ရှိနေတာ သေချာပါတယ်။
(၁၄)
အမေရိကန်ရဲ့ အာရုံစိုက်မှု ပြောင်းတာကို ထည့်ပြောရတဲ့ အကြောင်းရင်းက ရှင်းပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရပဲ ဖြစ်စေ၊ တိုင်းပြည် မတည်ငြိမ်လို့ဆိုတဲ့ အကြောင်းပြချက်ကြောင့်ပဲ ဖြစ်စေ စစ်အာဏာ သိမ်းခဲ့ပြီဆိုရင် နိုင်ငံတကာက လက်ခံမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံက စစ်အာဏာရှင်စနစ် လိုလားသူတွေ အနေနဲ့ မြန်မာကို အီဂျစ်လို၊ ထိုင်းလို သဘောထားပြီး အမေရိကန်က လက်ခံလိမ့်မယ်လို့ မျှော်လင့်မနေပါနဲ့။
စစ်အာဏာသိမ်းမှုကို အမေရိကန် ဝင်မစွက်ခဲ့တဲ့ နိုင်ခဲ့တွေက အစ္စလာမ်တွေ အများဆုံး နေထိုင်ကြတဲ့ နိုင်ငံတွေပါ။
နိုင်ငံရေး ပြဿနာ ပြေလည်ဖို့ ပထမလမ်းစက ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ အချိန်အတွင်း သန့်ရှင်းမျှတစွာ လုပ်ပေးဖို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ညစ်မယ်၊ ရွှေ့ဆိုင်းမယ်ဆိုရင် ဒါဟာ လူထုရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်တာပါပဲ . . . . .
စစ်အာဏာရှင်စနစ် မြန်မာနိုင်ငံမှာ တကျော့ပြန်လာပြီ ဆိုတာနဲ့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေ ပြန်လာမှာပါပဲ။ အခု ရထားတွေ အားလုံး ‘သုည’ ပြန်ဖြစ်သွားပါလိမ့်မယ်။ ဦးအောင်သောင်းက အကောင်းဆုံး နမူနာပဲ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂ (EU) ဆိုတာ စီးပွားရေး အကျိုးအမြတ် တစ်ခုတည်းကိုပဲ ကြည့်တဲ့ နိုင်ငံပါ။ အမေရိကန်က စီးပွားရေး ပိတ်ဆို့ပြီ ဆိုတာနဲ့ EU လည်း မြန်မာနိုင်ငံက ချက်ချင်း ထွက်ခွာမှာပါ။ ကျန်တဲ့ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတွေလည်း ဒီအတိုင်းပါပဲ။ သူတို့ ထွက်ခွာသွားပြီ ဆိုတာနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ချက်ချင်း ပြိုကျသွားပါလိမ့်မယ်။
ရုရှက အကောင်းဆုံး ဥပမာပါပဲ။ အခုချိန်မှာ ရုရှရဲ့ ငွေတန်ဖိုး ဆိုးဆိုဝါးဝါး ကျဆင်းပြီး စီးပွားရေး ပြိုဆင်းနေပါပြီ။ အင်မတန် ခိုင်မာတောင့်တင်းပါတယ်ဆိုတဲ့ ရုရှက မြန်မာနိုင်ငံအတွက် နမူနာယူစရာ ကောင်းပါတယ်။
(၁၅)
အမေရိကန်ကို ဂရုစိုက်စရာ မလိုဘူး။ တရုတ်ကိုပဲ အားကိုးကြမယ်ဆိုပြီး တရုတ်နဲ့ အမေရိကန်၊ ဖဲချပ်နှစ်ချပ် ကိုင်ထားမယ်၊ ဒီမိုကရေစီ နောက်ပြန်သွားမယ်ဆိုတဲ့ စိတ်ကူးတော့ မထားပါနဲ့။ အကြီးအကျယ် မှားပါလိမ့်မယ်။
မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်တည်းက မချစ်ဘဲနဲ့ တီးခဲ့ကြတဲ့ မချစ်တီး နိုင်ငံတွေ (တရုတ်၊ စင်ကာပူနဲ့ အာဆီယံ နိုင်ငံတစ်ချို့) နဲ့ ဆက်သွားမယ်ဆိုရင် နောက်ထပ် နှစ် ၂ဝ ကြာတဲ့အချိန် မြန်မာနိုင်ငံမှာ ဘာမှရှိတော့မှာ မဟုတ်ပါဘူး။
၁၉၉ဝ ပြည့်နှစ်မှာ ကတိဖျက်ခဲ့သလို ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို အချိန်ရွေ့ဆိုင်းတာ၊ စစ်အာဏာသိမ်းတာမျိုး ထပ်လုပ်လို့ မရတော့ပါဘူး။
ဇင်ဘာဘွေနဲ့ ကဒါဖီ ဖြစ်ရပ်မျိုး မြန်မာနိုင်ငံမှာ ဖြစ်လာမှာပါ။ ဗိုလ်ချုပ်ကြီး စောမောင်လို၊ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို၊ အငြိမ်းစားဗိုလ်ချုပ်ကြီး ခင်ညွန့်တို့လို မဖြစ်အောင်လုပ်ဖို့ သမ္မတ ဦးသိန်းစိန်မှာ တာဝန်ရှိပါတယ်။
အခုချိန်ဟာ မြန်မာနိုင်ငံအတွက် နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ ဝင်သာ၊ ထွက်သာ ရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုး နောက်တစ်ကြိမ်ပြန်လာဖို့ ခဲယဉ်းနေပါပြီ။
ရွေးကောက်ပွဲ ညစ်ပတ်မှုနဲ့ ရွေးကောက်ပွဲ ရွေ့ဆိုင်းမှုတွေ လုပ်ရင် တိုင်းပြည် မတည်မငြိမ်ဖြစ်မှာ အမှန်ပါပဲ။ ဒါကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့အတွက် သမ္မတ ဦးသိန်းစိန်မှာ တာဝန်ရှိပါတယ်။
၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း (၂ဝ၁၅ ခုနှစ် အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာ) မှာ သန့်ရှင်းမျှတစွာ လုပ်ပေးပါမယ်၊ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရကို အာဏာ လွှဲပေးပါမယ်ဆိုတဲ့ ကတိကို ယတိပြတ် ပြောဖို့ သမ္မတ ဦးသိန်းစိန်အတွက် အချိန် ကျရောက်လာပါပြီ။
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကတိပေးတဲ့ အခါ ရွေးကောက်ပွဲလုပ်တဲ့ အချိန်ကာလ တစ်ခုတည်း အတွက်တင် မကပါဘူး။ ရွေးကောက်ပွဲ မလုပ်ခင် အချိန် ၁ဝ လအတွက်ပါ ကတိ ပေးရပါလိမ့်မယ်။ ဂျာနယ်လစ်တွေကို တရားစွဲဆို၊ ဖမ်းဆီး၊ ထောင်ချတာတွေ ရပ်ရ ပါလိမ့်မယ်။ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေကို ဖမ်းဆီး ထောင်ချတာတွေ ရပ်ရပါမယ်။ ဒါတွေက ရွေးကောက်ပွဲ သန့်ရှင်းမျှတမှု ရှိရေးအတွက် အရေးပါပါတယ်။
သမ္မတ ဦးသိန်းစိန် အနေနဲ့ ပေးခဲ့တဲ့ကတိတွေ ဖြစ်မလာသေးတာ၊ ကတိပျက် သလို ဖြစ်နေတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကတိကိုတော့ အခုချိန်မှာ ပေးဖို့လိုသလို အခိုင်အမာ စောင့်ထိန်းပေးဖို့လည်း လိုပါတယ်။ ဒါဆိုရင် ရှေ့ဆက်လို့ ရပါပြီ။ သမ္မတရဲ့ သမိုင်းလည်း လှပါပြီ။ မဟုတ်ရင်တော့ ဦးနေဝင်း၊ ဦးစောမောင်၊ ဦးသန်းရွှေတို့လို့ နောက်ထပ် တရားခံ တစ်ဦးပဲပေါ့။
အမေရိကန် အပါအဝင် နိုင်ငံတကာ အနေနဲ့လည်း သမ္မတ ဦးသိန်းစိန်ဆီက ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကတိကိုရဖို့ လိုအပ်နေပါပြီ။ သမ္မတ ဦးသိန်းစိန်ရဲ့ ကတိနဲ့ ကတိအတိုင်း လိုက်နာဆောင်ရွက် ရှိ၊ မရှိ ဆိုတာ မြန်မာနိုင်ငံ ရှေ့ခရီးအတွက် အဖြေတစ်ခုပါပဲ။ ပြည်သူတွေ စောင့်နေပါတယ်။ အဆိုးကျော့ သံသရာနဲ့ ပြည်သူတွေ မစောင့်နိုင်တော့တဲ့ နေ့တစ်နေ့ ပြန်ရောက်မလာအောင် သမ္မတ ဦးသိန်းစိန် အခိုင်အမာ ကတိပေးဖို့ လိုနေပါပြီ။
-
http://www.news-eleven.com