Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တရားရုံးကို ဖိအားမပေးရန် ထင်လင်းဦး တောင်းဆို ...

$
0
0
သာသာနာညိုးနွမ်းစေမှုစွဲချက်ဖြင့် ထိန်းသိမ်းခံနေရသော စာရေးဆရာ ထင်လင်းဦး (Wisdom Villa) က မျှတသည့် တရားစီရင်မှု ရရှိရေးအတွက် တရားရုံးတွင် ပြင်ပဖိအား မပါရှိဘဲ ကြားနာစစ်ဆေးမှု ခံယူလိုသည်ဟု ယနေ့ နံနက်ပိုင်းတွင် ပြောဆိုလိုက်ကြောင်း သိရသည်။

ရန်ကုန်မှ မိသားစုက မုံရွာထောင်သို့ ထောင်ဝင်စာသွားရောက် တွေ့ဆုံစဉ် ထိုသို့ အမှာစကားပါးလိုက်ခြင်းဖြစ်သည်။

မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် တရားရုံး ဒီဇင်ဘာ ၁၇ ရက်နေ့ ပထမအကြိမ် ကြားနာမှု ကာလအတွင်း အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ (မဘသ) မှ သံဃာတချို့ တရားရုံးအနီးသို့ ရောက်ရှိလာပြီး “ဘာလုပ်နေကြသလဲ။ မဖမ်းကြသေးဘူးလားဗျ” ဟု အော်ဟစ် ဖိအားပေးခဲ့ကြသည်။

ယနေ့ ထောင်ဝင်စာ ၁၅ မိနစ်ခန့် တွေ့ဆုံခဲ့သော မစန္ဒာက ကိုထင်လင်းဦး ကျန်းကျန်းမာမာ ရှိကြောင်း၊ ဖြစ်ခဲ့သည့် ကိစ္စအတွက် စိတ်မကောင်းဖြစ်နေကြောင်း ပြောဆိုသည်။

“ဘယ်သူ့ကိုမှ သူအာဃာတ မရှိဘူးလို့ ပြောတယ်။ ၀ဋ်ရှိလို့ ခံရတာ တဲ့။ ပါးရိုက်လို့ နားကိုက်မယ်ဆိုတဲ့စိတ်လည်း မရှိဘူး၊ ဗုဒ္ဓဘာသာစစ်စစ်ပါလို့ ပြောတယ်” ဟု မစန္ဒာက ပြောသည်။

ကိုထင်လင်းဦးက သာသနာသန့်ရှင်းရေးအတွက် ရည်ရွယ်၍ ဟောပြောခဲ့ခြင်းသာဖြစ်ကြောင်း၊ စကားလုံးတချို့ ကြမ်းတမ်းခြင်းကလွဲ၍ သာသနာအား စော်ကားလိုစိတ် အလျင်းမရှိကြောင်း မစန္ဒာက ပြောသည်။

လာမည့်ဗုဒ္ဓဟူးနေ့တွင် အမှုကို ချောင်းဦးတရားရုံးတွင် ထပ်မံ စစ်ဆေးမည် ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဌာနချုပ်ပြန်ကြားရေးအဖွဲ့တွင် တာဝန်ယူခဲ့ပြီး ရန်ကုန်တွင် ကျူရှင်ဆရာ၊ စာရေးဆရာအဖြစ် အသက်မွေးသူ ကိုထင်လင်းဦးသည် အောက်တိုဘာလ ချောင်းဦးမြို့ စာပေဟောပြောပွဲတွင် ဟောပြောစဉ် ဗုဒ္ဓက ရှည်တိုလတ် သုံးရပ်ခန္ဓာ မေတ္တာထားရမည်ဟု သွန်သင် ဆုံးမထားသော်လည်း မွတ်ဆလင်များနှင့် လူမျိုးခြားများကို မုန်းတီးစေသော ပြောဆိုချက်များ သံဃာတချို့ထံမှ ထွက်ပေါ်နေကြောင်း စွပ်စွဲ ဟောပြောခဲ့သည်။

ထို့ပြင် သူ၏ အငြင်းပွားဖွယ် ဟောပြောချက်ထဲတွင် ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းကို မုဆိုးက သင်္ကန်းအကာအကွယ်ဖြင့် လုပ်ကြံခဲ့သကဲ့သို့ ယခုအချိန်တွင်လည်း သင်္ကန်းအကာအကွယ်ဖြင့် ဗုဒ္ဓဘာသာကို ဖျက်ဆီးမှုများ ရှိနေသည်ဟူသော အချက်လည်း ပါဝင်သည်။

၎င်း၏ ဟောပြောချက်မှာ ၁ နာရီ မိနစ် ၄၀ ကြာမြင့်သော်လည်း အငြင်းပွားဖွယ် စကားစုများပါဝင်သည့် နေရာကိုသာ ထုတ်ယူထားသော ၁၀ မိနစ်စာ ရုပ်သံဖိုင်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိသူများ ရှိနေသည်ဟု မစန္ဓာက ထောက်ပြသည်။

အာဏာပိုင်တို့က သူ့ကို ထောင်ဒဏ် အများဆုံး ၂ နှစ် အထိ ချမှတ်နိုင်သော ပုဒ်မ - ၂၉၅/က၊ အများဆုံး ၁ နှစ်အထိ ချမှတ်နိုင်သော ပုဒ်မ - ၂၉၈ တို့ဖြင့် စွဲချက်တင်ခဲ့သည်။

မီဒီယာ\
Maung Karluu

Viewing all articles
Browse latest Browse all 32865

Trending Articles