Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လက်ပံတောင်းတောင် ပဋိပက္ခ ပိုမိုကြီးထွားလာ၊ မြန်မာဝမ်ပေါင်နှင့် ရဲတပ်ဖွဲ့က ဒုတိယနေ့ ထပ်မံဖြိုခွင်းရာ ဒေသခံနှစ်ဦး ဒဏ်ရာရ

$
0
0
သီးနှံစိုက်ခင်းများ ဖျက်ဆီးခံရသဖြင့် ငိုကြွေးနေသော ဒေသခံများ
ဆည်တည်းကျေးရွာ အနီးတွင် ခြံစည်းရိုးခတ်ရန် ကြိုးပမ်းနေသည့် တရုတ်နိုင်ငံသား ၀န်ထမ်းများကို တွေ့ရစဉ်.
တရုတ်နိုင်ငံသားများ ခြံစည်းရိုးခတ်နေစဉ်
ဆည်တည်းရွာအား မီးရှို့မည်ဆိုသည့် သတင်းကြောင့် ရွှေ့ပြောင်းနေကြသည်ကို တွေ့ရစဉ်
သေဆုံးသူ ဒေါ်ခင်ဝင်း၏သမီး မ၀င်းခိုင်အား ဒီဇင်ဘာ ၂၃ ရက်က တွေ့ရစဉ်
လက်ပံတောင်း နယ်မြေအတွင်း ခြံစည်းရိုး တိုးချဲ့ခတ်ခြင်းကို ဒီဇင်ဘာ ၂၃ ရက်တွင် ဝမ်ပေါင်ကုမ္ပဏီက တရုတ်နိုင်ငံသားများဖြင့် ဆက်လက်လုပ်ဆောင်နေကာ ဟန့်တားသူ ဒေသခံများအား ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ပြီး တရုတ်လုံခြုံရေး ဝန်ထမ်းများကလည်း အကြမ်းဖက် ဖြိုခွင်းခဲ့မှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၂ ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် သတ္တုတူးဖော်ခွင့် ရရှိထားသည့် ဝမ်ပေါင်ကုမ္ပဏီ၏ စီမံကိန်းနယ်မြေအဖြစ် ခြံစည်းရိုးများ တိုးချဲ့ခတ်နေမှုအပေါ် ဒေသခံများက ဟန့်တားရာမှ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားရာ မိုးကြိုးပြင် အလယ်ရွာမှ အသက် ၅ဝ ကျော်အရွယ် အမျိုးသမီးတစ်ဦး ရဲတပ်ဖွဲ့၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် သေဆုံးခဲ့ပြီးနောက် ဒီဇင်ဘာ ၂၃ ရက်တွင်လည်း ထိပ်တိုက်တွေ့ဆုံမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုး တိုးချဲ့ခတ်ခြင်းများအား ဒီဇင်ဘာ ၂၃ ရက် နံနက်အစောပိုင်းမှ စတင်ကာ ဆည်တည်း၊ တုံ၊ ရွှေလှေ အစရှိသည့် ကျေးရွာများ အနီးတွင် ပြုလုပ်ခဲ့ပြီး ဆည်တည်းရွာအနောက်ဘက် တစ်လျှောက်နှင့် ရွာမြောက်ဘက်တွင် ဒီဇင်ဘာ ၂၃ ရက် နံနက် ၆ နာရီမှစ၍ ခြံစည်းရိုးခတ်ရာ၌ ရွာသားများ တားဆီးကြရာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ရာဘာကျည်နှင့် ပစ်ခတ် လူစုခွဲခြင်းကြောင့် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

ခြံစည်းရိုး တိုးချဲ့ခတ်ရာတွင် ဒေသခံများနှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ မွန်းလွဲ ၃ နာရီခန့်တွင် တုံကျေးရွာအနီး၌ ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား နှစ်ဖက်ထိပ်တိုက် တွေ့ဆုံမှုများ ရှိခဲ့သော်လည်း ရွှေညဝါဆရာတော် အပါအဝင် ဆရာတော်အချို့က တားဆီးခဲ့ခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပွားမှု မရှိခဲ့ကြောင်း သိရသည်။ ခြံစည်းရိုးတိုးချဲ့ခတ်မှုအား ညနေပိုင်းအချိန်အထိ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁ဝဝ ခန့်နှင့်အတူ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆည်တည်းရွာ၏ အနောက်ဘက် မိုးကြိုးပြင်ရွာ ထွက်လမ်းနှင့် ရွာအရှေ့ဘက်တုံရွာသို့ အထွက်လမ်းကို သံဆန်ခါဖြင့် ခြံစည်းရိုးခတ်ရာတွင် စက်ကြီးများ၊ လုပ်ငန်းသုံးယာဉ်နှင့် တရုတ်အလုပ်သမား များစွာကို အသုံးပြုခဲ့ပြီး ရွာဝင်ပေါက်လမ်းများကို ပိတ်ဆို့ထားခြင်းကြောင့် ရွာတောင်ဘက်ရှိ ဇီးတော၊ ကျောက်ဖြူ တိုင်ရွာဘက်မှသာ ဆည်တည်းရွာသို့ ဝင်ထွက်နိုင်တော့ကြောင်း သိရသည်။

လက်ရှိ ခြံစည်းရိုး တိုးချဲ့ခတ်နေသည့် မြေနေရာများမှာ ဒေသခံတောင်သူများ အနေဖြင့် မြေယာနှင့် သီးနှံလျော်ကြေးများ တစ်စုံတစ်ရာ ရယူထားခြင်း မရှိသေးသည့်အတွက် ယခုကဲ့သို့ ဒေသခံများဘက်မှ တားဆီးနေခြင်းဖြစ်ပြီး ဒေသအာဏာပိုင်များနှင့် ကုမ္ပဏီဘက်မှ လက်ခံခြင်းမရှိဘဲ စိုက်ပျိုးထားသည့် သီးနှံခင်းများအတွင်း ဇွတ်အတင်း ဝင်ရောက်ကာ ဆောင်ရွက်နေကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။ ယင်းသို့ ခြံစည်းရိုး တိုးချဲ့ခတ်ထားရာတွင် ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် သီးနှံခင်းများအတွင်းမှ ဖြတ်သန်းပြုလုပ်ခြင်း သီးနှံခင်းများအား စက်ယန္တရားများဖြင့် ထိုးခြေဖျက်ဆီး၍ ခြံစည်းရိုး တိုးချဲ့ခတ်ခြင်း ယာခင်းများအား အတင်းအဓမ္မ သိမ်းယူ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ဒေသခံ တောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား နှစ်ဖက်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် ဆည်တည်းကျေးရွာမှ ဒေသခံများမှ ကျေးရွာအတွင်း မနေထိုင်ရဲသောကြောင့် နီးစပ်ရာ ဆွေမျိုးများထံ ပြောင်းရွှေ့နေထိုင်ရမှုများ ရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ယင်းအပြင် ကျေးရွာအား မီးရှို့ဖျက်ဆီးမည်ဟု သက်ဆိုင်ရာက ပြောဆိုခဲ့ခြင်းကြောင့် ဒေသခံများမှာ ကြောက်လန့်၍ နီးစပ်ရာ ဆွေမျိုးများထံသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

“သူတို့ ခြံစည်းရိုး လာခတ်တာကို ကျွန်တော်တို့က သွားတားမလို့ ပြင်နေတုန်းမှာ ပစ်လိုက်တာ။ ဘာမှပြောချိန်ကို မရလိုက်ဘူး။ ကျွန်တော့်ကို မှန်သွားတာကို နောက်ကျမှ သိလိုက်တာ။ ကျွန်တော်တို့က အမျိုးသမီးတွေကို သေနတ်ထပ်မှန်သွားမှာစိုးလို့ ရှေ့ကနေ ကာကွယ်တဲ့ သဘောမျိုးနဲ့ သွားတာပါ။ ရဲတွေက အဝေးကနေ လှမ်းပစ်လိုက်တာ။ ၁ဝ ချက် ၁၅ ချက်ကျော်လောက် ရှိတယ်။ ကျွန်တော်တို့ ရွာကိုလည်း မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်ထားတော့ အားလုံးက ကြောက်နေရတဲ့အပြင် မနေရဲလို့ တခြားကို ရွှေ့နေရတယ်” ဟု ဆည်တည်းကျေးရွာ အနီးတွင် ကြေးနီစီမံကိန်းအတွက် ခြံစည်းရိုးကာရံရန် လာရောက်မှုကို တားဆီးရန် ပြင်ဆင်ခဲ့မှုအား ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုခံခဲ့ရမှုကြောင့် မျက်နှာ၌ သေနတ်ဒဏ်ရာ ရရှိခဲ့သည့် ဒေသခံ တောင်သူတစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက မိုးကြိုးပြင် အလယ်ရွာမှ အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်းအား လုံခြုံရေးရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီးနောက်တွင် မိုးကြိုးပြင်ကျေးရွာမှ ဝမ်ပေါင်ကုမ္ပဏီ၏ လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေသူများ အလုပ်ဆင်းခြင်း မရှိတော့ကြောင်း သိရပြီး ကုမ္ပဏီဘက်မှလည်း မြန်မာအလုပ်သမားများကို ဝင်ခွင့်မပေးကြောင်း သိရသည်။

“သေဆုံးသူ ဒေါ်ခင်ဝင်းရဲ့ နာရေးကို မနက်ဖြန် ဒီဇင်ဘာ ၂၄ ရက်မှာ ပြုလုပ်သွားမှာပါ။ မုံရွာပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသခံနေရတဲ့ လူနာကိုးယောက်မှာ နှစ်ယောက်က ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပြီး အားလုံး ဆေးရုံက ဆင်းလာပါပြီ” ဟု မိုးကြိုးပြင်ကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ပံတောင်းတောင် စီမံကိန်းဒေသတွင် ပဋိပက္ခများ ဖြစ်ပွားနေဆဲ ဖြစ်သော်လည်း စီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများ ၂ဝ၁၅ ခုနှစ်တွင် အပြီးသတ်၍ ၂ဝ၁၆ ခုနှစ်တွင် ကြေးနီစတင် ထုတ်လုပ်နိုင်ရန် ခြံစည်းရိုး ဆက်လက်ခတ်နေရခြင်းဖြစ်ကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ Admin Manager Mr.Dong Yunfei က ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။

“၂ဝ၁၅ ခုနှစ်မှာ တည်ဆောက်ရေးလုပ်ငန်းတွေ အပြီးသတ်ပြီးရင် ၂ဝ၁၆ မှာ ကြေးနီစတင် ထုတ်နိုင်ပြီ။ အခုလက်ရှိမှာ ကျွန်တော်တို့ ခြံစည်းရိုးတွေ ဆက်ခတ်နေတယ်” ဟု ၎င်းက ပြောကြားသည်။

ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်များတွင် ဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့ဆုံမှုများတွင် ရဲတပ်ဖွဲ့ဝင်များအပြင် တရုတ်နိုင်ငံသား လုံခြုံရေးဝန်ထမ်းများကပါ ခြံစည်းရိုးတိုးချဲ့ခတ်ရာ၌ တားဆီးဟန့်တားသူများကို အကြမ်းဖက် ဖြိုခွင်းသည်ဟူသော သတင်းများနှင့် ပတ်သက်ပြီး Mr.Dong Yunfei က ငြင်းပယ်ခဲ့သည်။

“ကျွန်တော်တို့ဆီမှာ တရုတ်လုံခြုံရေး မရှိပါဘူး။ ကျွန်တော်တို့ရဲ့ လုံခြုံရေးကို ဒေသခံအာဏာပိုင် ရဲတပ်ဖွဲ့က တာဝန်ယူထားပါတယ်။ ကျွန်တော့် ဝန်ထမ်းတွေ ခြံစည်းရိုးခတ်ချိန်မှာ ခြံစည်းရိုးခတ်ဖို့အတွက် ပစ္စည်းတွေပဲ ပါပါတယ်။ သူတို့ရဲ့ လုံခြုံရေးအတွက် လုံခြုံရေးဝတ်စုံပြည့်နဲ့ အကာအရံ ဒိုင်းပါ,ပါတယ်။ ကျွန်တော့်ဝန်ထမ်းတွေ စတင်တိုက်ခိုက်မှု မရှိသလို တရုတ်လက်ဖြောင့်တပ်သားက ပစ်ခတ်တယ်ဆိုတာလည်း မဟုတ်ပါဘူး” ဟု Dong Yunfei က ဆိုသည်။

ပဋိပက္ခကြောင့် သေဆုံးခဲ့သူ မိုးကြိုးပြင်အလယ်ရွာမှ ဒေါ်ခင်ဝင်းအတွက် ဝမ်ပေါင်အနေဖြင့် လူမှုရေး ကူညီမှုများ ပေးအပ်လိုပြီး ခြံစည်းရိုး တိုးမြှင့်ခတ်ခြင်းမှာ ဒေသခံ ၇၁ ရာခိုင်နှုန်း၏ သဘောတူညီမှုကြောင့် ဖြစ်ကြောင်း Doung Yunfei က ဆိုသည်။

လက်ရှိအချိန်တွင် ခြံစည်းရိုး တိုးမြှင့်ခတ်နေသည့် အနီးတွင် ကျေးရွာသားများ ရှိနေသော်လည်း ယမန်နေ့ကကဲ့သို့ တိုက်ခိုက်မှုများ မဖြစ်ပေါ်ကြောင်း Dong Yunfei က ဆိုသည်။

လက်ပံတောင်း ပဋိပက္ခနှင့် ပတ်သက်၍ ပြောစကားများ

“လူတွေ မျက်နှာမသစ်ရသေးခင် အချိန်မှာ ၀မ်ပေါင်ကုမ္ပဏီနဲ့ ရဲလုံခြုံရေးတွေ ရောက်လာပြီး ရွာသားတွေရဲ့ ရိတ်သိမ်းခါနီး အသီးအပင်တွေကို ဘူဒိုဇာတွေနဲ့ အတင်းထိုးဖျက်ပြီး ခြံစည်းရိုး အတင်းခတ်တယ်။ တားဆီးဖို့ ကြိုးစားတဲ့ ရွာသားတွေကို ရဲတွေက သေနတ်နဲ့ ပစ်တားတယ်။ ရွာသားတွေက ဘာလက်နက်မှ မပါဘူး။ အနားကပ်လို့ မရအောင် အချက်ပေါင်းများစွာ ပစ်တယ်။ ရော်ဘာကျည်ဆန် မျက်နှာမှန်သူတစ်ယောက် အပါအ၀င် သုံးယောက် ထိခိုက်ဒဏ်ရာရတယ်။ အရင်ရက်က တရုတ်အလုပ်သမားတွေနဲ့ ရွာကအမျိုးသမီးတွေ လုံးထွေးသတ်ပုတ်တဲ့အထိ ပဋိပက္ခဖြစ်ခဲ့တာ တရုတ်တွေကိုင်တဲ့တူနဲ့ အထုခံရလို့ မိန်းကလေးနှစ်ဦးမှာ တစ်ဦးက အသက်ရှူရခက်ခဲပြီး နောက်တစ်ဦးက လမ်းကောင်းကောင်း မလျှောက်နိုင်ဘူး”
ဇီးတောရွာ စန်းမြ၀တီကျောင်းတိုက် ဆရာတော်ဦး အာလောက

“ဒီလို အကြမ်းဖက် ဖြေရှင်းလိုက်တာဟာ ၂၀၁၅ ကို သွားနေတဲ့ လမ်းခရီးမှာ ပြည်သူတွေရော ရဟန်းရှင်လူတွေရောကို ခြိမ်းခြောက်လိုက်တာ ဖြစ်တယ်။ ခြိမ်းခြောက်ရုံတင် မကဘဲ ၂၀၁၅ အခင်းအကျင်းမှာ ဒီလို သတ်ပြမယ် ဖမ်းပြမယ်၊ ဒဏ်ရာတွေရအောင် လုပ်ပြမယ်ဆိုပြီး ပြည်သူတွေနဲ့ ရဟန်းရှင်လူတွေကို အကြောက်တရားတွေနဲ့ ဆက်ပြီးသွားဖို့၊ လွှမ်းမိုးပြီး အနိုင်ကျင့် ဗိုလ်ကျချင်တဲ့ စနစ်နဲ့ အုပ်ချုပ်ချင်လို့ ဒါမျိုး ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ ထင်တယ်။ အဲဒီလို ပုံစံတွေလည်း တွေ့မြင်နေရတယ်”
ရွှေည၀ါဆရာတော်

“မနက် ၁၁ နာရီလောက်မှာ ရွာအရှေ့ထိပ်ကို ပိတ်ခတ်လိုက်တဲ့အတွက် ရွာအ၀င်အထွက်ကို ကျောက်ဖြူတိုင်ဘက်ကသာ သွားနိုင်တော့မယ်။ ရဲတွေသာကမဘူး ၀မ်ပေါင်လုံခြုံရေးတွေကပါ နံပါတ်တုတ်တွေ သုံးတယ်။ ရွာသားတွေတင် မကဘူး။ ဦးဇင်းကိုပါ လိုက်ရိုက်လို့ လွတ်အောင်ရှောင်ပြီး လေးဖက်ကုန်း ထွက်ပြေးရတယ်”
ဦးဇင်း စန္ဒာသီရိ

“အမေ့ကို မန္တလေးမှာရှိတဲ့ သမီးတွေနဲ့ လာနေဖို့ ကျွန်မတို့ ညီအစ်မက ခေါ်တယ်။ အမေက သူ့ဒေသမှာ သူပျော်တယ်။ အမေပိုင်တဲ့ယာ ခုနစ်ဧကလောက် အသိမ်းခံရတယ်။ မိုးကြိုးပြင်ရွာက သူ့အိမ်လေးမှာ တစ်ယောက်တည်း နေတယ်။ သူ့မောင်ရယ် တူမတွေရယ်က လာစောင့်ရှောက်တယ်။ အရင်က ပြဿနာဖြစ်တဲ့ နေရာတွေကို မလိုက်ဖူးဘူး။ အခု သေနတ်နဲ့ အပစ်ခံရမယ့် အခေါက်မှ သူ့ယာခင်းလေးဘက် သွားကြည့်ရင်း အပစ်ခံရတာ။ အမေက ခါးနာနေတော့ ဘယ်မှ သိပ်မထွက်ဘူး။ အခုတော့ အမေ သေနတ်ဒဏ်ရာနဲ့ သေခဲ့ပြီ။ မွန်းလွဲ ၂ နာရီ ကျော်ကျော်လောက်မှာ ဖြစ်တယ်လို့ သိရပြီး ဖုန်းနဲ့ အကြောင်းကြားတော့ မုံရွာဆေးရုံမှာလိုလို ပြောပြီး ရောက်တော့မှ အဲဒီနေရာတင် သေနတ်နဲ့ အပစ်ခံရတာလို့ သိရတာ”
သေဆုံးသူ ဒေါ်ခင်ဝင်း၏သမီး မ၀င်းခိုင်

“ကျွန်မတို့ကို မတရား အလုပ်ခံခဲ့ရတာပါ။ ဥပဒေအရ ပြန်ပြီး တရားစွဲချင်ပါတယ်။ ကျွန်မတို့မှာ ဘာမှမလုပ်ရဘဲ ခံစားရတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ လာရောက်တာလည်း မရှိသေးပါဘူး။ အစ်မက မိသားစုဝင်ထဲမှာ အကြီးဆုံးပါ။ သူက ခါးနာနေတာကြောင့် ကောင်းကောင်း မသွားနိုင်ပါဘူး။ အိမ်မှာပဲ တစ်ယောက်တည်း အနေများပါတယ်။ အဲဒီနေ့က သူက ဘေးကနေ ထိုင်နေခဲ့တာ။ မတရား လုပ်ခံလိုက်ရတာပါ”
သေဆုံးသူ ဒေါ်ခင်ဝင်း၏ ညီမဖြစ်သူ ဒေါ်သန်းနု

“ကျွန်မတို့ ဆည်တည်းရွာကို တရုတ်တွေက မမြင်ချင်ဘူး။ လုံခြုံရေးတွေက မီးနဲ့ရှို့မယ် သတင်းရလို့ ညကလည်း တစ်ညလုံး မအိပ်ရဘူး။ ရွာမှာ သီးနှံတင်း (၁၀၀) (၂၀၀) ထွက်တဲ့ သူတွေရှိတော့ မီးရှို့ခံရရင်တောင် စားစရာကျန်အောင် မနေ့ကတည်းက အသီးအနှံတွေကို ပွဲရုံပို့သူပို့၊ နီးစပ်ရာရွာတွေဆီ ပို့သူ ပို့ကြရတယ်။ ရွာမှာ ဂျပန်ခေတ် ပြန်ရောက်သလို ဖြစ်နေတယ်။ ဂျပန်မကြောက်ရ ကိုယ့်လူမျိုး ကိုပြန်ကြောက်နေရတယ်။ လက်နက်အားကိုးနဲ့ ပြည်သူတွေရဲ့ လယ်ယာမြေတွေကို ဓားပြတိုက်ယူနေတယ်။ ရွာသားတွေက နည်းနည်းလေး ရှိတာ။ အကူအညီပေးမယ့်သူ မရှိဘူး။ ရဲတွေ တရုတ်တွေက အလုံးအရင်းနဲ့ သိမ်းခါနီး သီးနှံတွေကို ဖျက်ဆီးပစ်တယ်။ ပါးစပ်ပေါက် ရောက်ခါနီးမှ ပုတ်ချတယ်။ ပဲစင်းငုံ၊ နွားစာပြောင်း၊ နေကြာခင်းတွေကို ဘူဒိုဇာတွေနဲ့ ထိုးဖျက်တယ်။ လူစာမရှိ နွားစာမရှိ ဖြစ်ကုန်ပြီ”
ဆည်တည်းရွာသူ တစ်ဦး

Eleven Media Group

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>