ကြေးနီ စီမံကိန်း ခြံစည်းရိုး ခတ်မှုကို တားဆီးစဉ် လုံခြုံရေး တပ်ဖွဲ့ ဝင်များ ပစ်ခတ်မှုကြောင့် သေနတ် ကျည်ထိ မှန်ကာ သေဆုံးသွား ခဲ့သည့် ဒေါ်ခင်ဝင်း အတွက် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ ကရုဏာကြေး ကျပ်သိန်း (၂၀၀) ထောက်ပံ့ ပေးရန် စီစဉ်နေ မှုကို လက်မခံကြောင်း ဒေါ်ခင်ဝင်း၏ သမီးကြီး ဖြစ်သူက ပြောသည်။ ဒေါ်ခင်ဝင်းသည် မိုးကြိုးပြင် အလယ် ကျေးရွာတွင် နေထိုင်ပြီး ကြေးနီ စီမံကိန်းကြီး အတွင်း လယ် (၁၂) ဧကကျော် ဆုံးရှုံးခဲ့ရ သဖြင့် လုံ/ထိန်း တပ်ဖွဲ့ ဝင်များနှင့် ဒေသခံများ အခင်း ဖြစ်ပွားရာသို့ သွားရောက်စဉ် လုံ/ထိန်း တပ်ဖွဲ့ မှ ပစ်ခတ်သည့် ကျည်ထိမှန်၍ သေဆုံး သွားခဲ့ခြင်း ဖြစ်သည်။ လုံးဝကို လက်မခံပါဘူး။ ၀မ်ပေါင်လို့ ကြားရင် လူသတ်ကောင်တွေ၊ ယုတ်ညံ့တဲ့ ကောင်တွေလို့ မြင်မိတယ်။ လူ တစ်ယောက်ကို ရက်ရက်စက်စက် သတ်ပြီး အခုလို စကားကို သူတို့မို့ ပြောရက်တယ်။ ဘာငွေမှ မလိုပါဘူး။ ကျေးဇူးလည်း အတင်မခံနိုင် ပါဘူး ဟု သေဆုံးသူ၏ သမီးကြီး ဖြစ်သူ မ၀င်းခိုင်က The Messenger Media သို့ ပြောသည်။
အဆိုပါ ထောက်ပံ့ငွေသည် မြန်မာ ၀မ်ပေါင် မိုင်းနင်းကောပါး လီမိတက်က သီးသန့် ထောက်ပံ့မည့် အစီအစဉ် ဖြစ်ပြီး CSD အဖွဲ့ များမှ တစ်ဆင့် ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။ သေဆုံးသွား ခဲ့တဲ့ အတွက် စိတ်မကောင်းပါဘူး။ စီမံကိန်းကြီး အတွက် ဒေသခံ တစ်ဦး ဆုံးရှုံး သွားခဲ့ ရတာကို အင်မတန်မှ ၀မ်းနည်း မိပါတယ်။ ဒေါ်ခင်ဝင်း အတွက် ကရုဏာကြေး ကျပ်သိန်း (၂၀၀) ထောက်ပံ့သွား မှာပါ။ ၀မ်ပေါင် ကုမ္ပဏီ CSD အဖွဲ့ တွေက သွားရောက် ဆွေးနွေးသွား မှာပါ ဟု ကြေးနီ စီမံကိန်း (မုံရွာ) တာဝန်ခံ ဦးလှစိန်က The Messenger Media သို့ ပြောသည်။ သေဆုံး သွားသည့် ဒေါ်ခင်ဝင်း အတွက် မြန်မာဝမ်ပေါင် ကုမ္ပဏီက ထောက်ပံ့မှု အပြင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ ကလည်း ထောက်ပံ့ငွေ ပေးအပ်ရန် ဆွေးနွေး ညှိနှိုင်းလျက် ရှိကြောင်း အစိုးရ အဖွဲ့ ထံမှ သိရသည်။
လင်းလင်းမောင် ( မုံရွာ )
Messenger Journal