အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) အနေဖြင့် လက်ရှိအချိန်ထိ ပြည်သူများအပေါ် မတည်နိုင်သော ကတိများပေး၍ မဲဆွယ်စည်းရုံးခြင်းမျိုး မပြုလုပ်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၃၀ ရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။
တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးတို့မှာ NLD ၏ မူဝါဒသာ ဖြစ်ပြီး မူအရ ကတိပေးခြင်းမျိုး မဟုတ်ကြောင်း ပြောကြားသည်။
““နိုင်ငံရေးသမားတွေ ကတိက၀တ် ပေးတာနဲ့ ပတ်သက်ပြီး ပြည်သူကို ပေးတယ်ဆိုရင် ကတိတည်ရမယ်။ မတည်နိုင်ဘူး ဆိုရင် မပေးဖို့ပဲ၊ မူအရ ကတိမပေးဘူး။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်အရွေးခံ ပြီးတည်းက ပြောခဲ့တယ်။ ကတိက၀တ်တွေ မပေးဘူး။ ပေးခဲ့တာ တစ်ခုပဲ ရှိတယ်။ အတတ်နိုင်ဆုံး ကြိုးစားမယ် ဆိုတာပဲ။ တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စေရမယ်လို့ ဘယ်တုန်းကမှ ကတိမပေးခဲ့ဘူး။ အဖွဲ့ချုပ်ရဲ့ မူဝါဒ အဖြစ်နဲ့ပဲ ချပြခဲ့တယ်။ ရွေးကောက်ပွဲကို ဒီလမ်းစဉ် မူဝါဒ အတိုင်းပဲ အခြေခံပြီး ယှဉ်ပြိုင်ပါမယ်ဆိုပြီး ပြောခဲ့တာပဲရှိတယ်။ အဲဒီတုန်းက ၀င်အရွေးခံတာ ၄၄ ယောက် အားလုံးနိုင်လို့ ရှိရင်တောင် လွှတ်တော်ထဲမှာ လူနည်းစုပဲ ဖြစ်နေမှာစိုးလို့ ဒီရည်ရွယ်ချက်တွေကို လွှတ်တော် အတွင်းမှာ အကောင်အထည် ဖော်ပေးနိုင်ဖို့ ဆိုတာဟာ လက်တွေ့ မကျဘူးဆိုတာ ကျွန်မတို့ ရှင်းပြခဲ့တယ်။ ပြည်သူကို မတည်နိုင်တဲ့ ကတိတွေပေးပြီး မဲရအောင် ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။ ဦးသိန်းစိန်အစိုးရက ပြည်သူ တွေကို ဘာကတိက၀တ်တွေ ပေးခဲ့လဲ။ ပေးခဲ့တဲ့ ကတိအတိုင်း လုပ်ခဲ့လား၊ မလုပ်ခဲ့ဘူးလား ဆိုတာတော့ ပြည်သူ တွေကပဲ ဆုံးဖြတ်ပါလိမ့်မယ်””ဟု NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို တရားဝင် ကြေညာမှသာ NLD ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည်၊ မယှဉ်ပြိုင်မည်ကို ကြေညာ မည် ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲတွင် လွတ်လပ် တရားမျှတ ပွင့်လင်းမြင်သာစွာ ကျင်းပနိုင်ရန် အားလုံးလက်တွဲ ဆောင်ရွက်ရ မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
““ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာ တရားဝင် မကြေညာသေးတော့ ပြောလို့မရသေးပါဘူး။ ကျွန်မအနေနဲ့က ၂၀၁၅ ရွေးကောက်ပွဲမှ မဟုတ်ပါဘူး။ ဘယ်တော့မဆို အဓိက စိုးရိမ်တာက ပြည်သူလူထုတွေ ဆုံးဖြတ်ချက် မှားမှာကိုပါပဲ။ ပြည်သူလူထုက ဆုံးဖြတ်ချက် မှန်မယ်ဆိုရင် ဘာကိုမှ စိုးရိမ်စရာ မရှိပါဘူး။ မတူတဲ့ အတွေး အခေါ်တွေ အမြင်တွေရှိတာ အရေးမကြီးပါဘူး။ ဒီဟာတွေကို ပြေလည်အောင် ဖြေရှင်းတတ်ဖို့ပဲ အရေးကြီး ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေ ဆုံးဖြတ်ချက် မှားမှာကိုပဲ စိုးရိမ်ပါတယ်””ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
လက်ရှိအချိန်တွင် ၀န်ထမ်းများ လစာတိုးရေး ကိစ္စကို အစိုးရက စစ်တမ်း ကောက်ယူ နေသော်လည်း တစ်နိုင်ငံလုံးအတွက် အရေးကြီးသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး စစ်တမ်း မကောက်ယူမှု အပေါ် ဒေါ်အောင်ဆန်းစုကြည်က ““စစ်တမ်း ကောက်တဲ့အခါမှာ ကောက်ချင်တဲ့ ကိစ္စကျတော့ ကောက်ပြီး မကောက်ချင်တဲ့ ကိစ္စကျတော့ မကောက်ထားဘူး။ အဲဒါတော့ ကျွန်မက သဘောမကျဘူး။ ဒီလစာတိုးရေး ကိစ္စကို စစ်တမ်းကောက်ရင် ဘာဖြစ်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စကို စစ်တမ်းမကောက်လဲ။ တကယ် တစ်တိုင်းပြည်လုံးအတွက် အရေးကြီးတဲ့ ကိစ္စကျတော့ ဘာဖြစ်လို့ စစ်တမ်း မကောက်လဲဆိုတာ ကျွန်မက မေးချင်တယ်။ စစ်တမ်းကောက်ပြီးတော့ ဘာလုပ်ဖို့ ရည်ရွယ်ချက် ရှိလဲဆိုတာ စစ်တမ်း ကောက်တဲ့ အထဲမှာ မထည့်ထားဘူးလား””ဟု ပြောကြားသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူလူထု၏ ဆန္ဒလက်မှတ်ပေါင်း ၅ သန်း ကောက်ယူ ရရှိထားသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ ၏ ပြည်သူလူထုမှာ နိုင်ငံရေး စိတ်ဓာတ်ရှိပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အမှန်တကယ် လိုလားသည်ဟု ယူဆနိုင်ကြောင်း ရရှိထားသော လက်မှတ် ၅ သန်းမှာ ကမ္ဘာ့အဆင့်နှင့် ယှဉ်လျှင် နည်းသည်ဟု မယူဆနိုင်ကြောင်း ၎င်းက ပြောကြားသည်။
၂၀၁၄ ခုနှစ်အတွင်း နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ““လွှတ်တော် လုပ်ငန်းကတော့ အတိုင်းအတာ တစ်ခုထိ အောင်မြင်တယ်လို့ ထင်တယ်။ အတိုက်အခံ အနေနဲ့ ပြောတာပါ။ လွှတ်တော် အတွင်းမှာ NLD က တကယ့်ကို လူနည်းစုလေး ဖြစ်နေတယ်။ လူနည်းစုဖြစ်ပေမယ့် လုံးဝ အလုပ်မဖြစ်တာ မျိုးတော့ မဟုတ်ပါဘူး။ ကျွန်မတို့ ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ အဆိုမှာ အောင်မြင်ခဲ့တာတွေ ရှိတယ်။ အခြားပါတီတွေရဲ့ ပူးပေါင်း ဆောင်ရွက် မှုကြောင့်လည်း ဖြစ်တယ်။ အောင်မြင်မှု တစ်ခုအနေနဲ့ ဘာဖြစ်လို့ သတ်မှတ်ရလဲဆိုရင် အတိုက်အခံ ပါတီတွေ အချင်းချင်း နိုင်ငံ့အကျိုးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အလေ့ အထလေးတွေ ပေါ်လာပြီဆိုတာ ပြလို့ အောင်မြင်တယ်လို့ ပြောလို့ရတာပါ။ လုံးဝဥဿုံ ပြည့်စုံတာမျိုး တော့ မဟုတ်သေးပါဘူး””ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
အစိုးရ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍မူ မည်သည့်အရာ အောင်မြင်သည် ဆိုသည်မှာ ၎င်းအနေနှင့် ပြောစရာ မရှိကြောင်း ပြောကြားခဲ့သည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald