Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တာမွေဈေး မီးရှို့ခံရမည့်အရေး ဈေးသူ/ဈေးသားများ စိုးရိမ်မှုမြင့်တက်

$
0
0
မီးရှို့ခံရသည်ဟုသတင်းထွက်နေသော စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေး(ခေါ်) ဂွဈေး
Photo.. shwelone.com
တာမွေ(ယာယီ)ဈေး မပြောင်းရွှေ့ရရေးအတွက် ပါဝင်ပတ်သက်သူများ တွေ့ဆုံညှိနှိုင်းဆွေးနွေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားထားသော်လည်း ဆွေးနွေးခွင့် မရရှိသေးသည့်အတွက် အခြားဈေးများကဲ့သို့ မီးရှို့ခံရမည်ကို စိတ်မအေး ဖြစ်နေရကြောင်း ယင်းဈေးသူဈေးသား များ၏ ပြောကြားချက်အရ သိရသည်။

"အရှေ့မှာတခြားဈေးတွေ မီးရှို့ခံခဲ့ရတဲ့ သာဓကတွေရှိတယ်။ အခုလည်း တိုင်းဒေသကြီးအစိုးရက ဆွေးနွေးညှိနှိုင်းဖို့ စာထုတ် ထားတာတောင် ဆွေးနွေးခွင့် မရသေးဘူး။ ပြီးတော့ ကျွန်တော်တို့ဘက်ကလည်း ပြောင်းရွှေ့မပေးနိုင်ဘူး ပြောထားတဲ့အတွက် မီးရှို့ခံရဖို့က ကျိန်းသေသလောက် ရှိနေပြီ။ အဲဒါကြောင့် မီးဘေးလုံခြုံရေးအတွက် အရန်မီးသတ်တပ်ဖွဲ့ဝင် သုံးဦးကိုငှားရမ်းထားတယ် "ဟု တာမွေ (ယာယီ)ဈေး ဈေးသာယာရေး အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မတ်လ ၁၀ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည့်စာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြေပေါ်တွင် တာမွေမြို့နယ်၊ တာမွေယာယီဈေး ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ စီမံကိန်းပါ အစီအစဉ်ကို ဈေးသူဈေးသားများ၊ ရန်ကုန်မြို့တော် စည်ပင် နှင့် ဂမုန်းပွင့် ကုမ္ပဏီလီမိတက်တို့မှ အကောင်းဆုံးဖြေရှင်းညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားရန် ညွှန်ကြားထားသော်လည်း ယခုအချိန်အထိ ဆွေးနွေး ရန် ကမ်းလှမ်းမှုတစုံတရာ မရှိခြင်း၊ ပြောင်းရွှေ့လျှင် ဆောက်လုပ်မည့်ဈေးရုံသစ်ပုံစံ ဗီနိုင်းကားချပ်များကို ယခုအချိန်ထိ ဖြုတ်သိမ်းမှုမရှိခြင်း စသည်တို့ ကြောင့် မရွှေ့ပြောင်းရတော့ဟူသော စကားမှာမရေမရာဖြစ်နေကြောင်း ဈေးသူဈေးသားများက ဆိုသည်။

ဈေးအသစ် ပြန်တည်ဆောက်မည်ဟု သတင်းထွက်ပေါ်နေသော ဈေးများမီးလောင်မှု ဆက်တိုက်ဖြစ်ပွားခဲ့သည့်အတွက် ၎င်းတို့ဈေးမီးလောင်မှု မဖြစ်ပွားစေရန် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ဇွန်လမှစတင်ကာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဈေးသာယာရေးအဖွဲ့ဝင်များက ညဘက်တွင် စောင့်ကြပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

"ဈေးသူဈေးသားတွေသာ စိုးရိမ်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း တာမွေဈေး မီးရှို့ခံရမှာကို ကြောက်နေကြတယ်။ တကယ်လို့ မီးရှို့ ခံရ ပြီဆိုရင် မီးကကြီးလာပြီး ဈေးအပြင် ကျွန်တော်တို့တိုက်ဘက်ပါ မီးကူးလာမှာကို ကျွန်တော်တို့တိုက်မှာ နေတဲ့သူတွေအာလုံး လန့်နေကြတယ်။ ပြီးတော့ စမ်းချောင်း၊ ရှမ်းလမ်းဂွဈေး မီးလောင်တုန်းကဆိုရင် စမ်းချောင်းမီးသတ်နဲ့ ဂွဈေးဆိုတာ တကယ့်နီးနီးလေး၊ ဒါပေမယ့် အရင်ဆုံးရောက်လာတာက မရမ်းကုန်းမီးသတ်လို့ သိရတယ်။ ဒါကို ဘာလို့ထည့်ပြောရတာလဲဆိုတာ နားလည်သဘောပေါက်မှာပါ "ဟု တာမွေ(ယာယီ)ဈေး၏ ဘေးကပ်လျက်တွင် ရှိသည့် လျှပ်စစ်ပစ္စည်းဆိုင် အပေါ်ထပ်တွင် နေထိုင်သူတစ်ဦးကလည်း ၎င်း၏ သဘောထားကို လှစ်ဟပ်ပြသသည်။

"အခုလည်း ဈေးသာယာရေးအဖွဲ့ဝင်များ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များဆိုပြီး စာထွက်လာတယ်။ အဲဒီထဲမှာ ပါတဲ့အချက် တချို့ ကို သဘောမကျဘူး။ ကျွန်တော်တို့ကို ခြိမ်းခြောက်တဲ့သဘော သက်ရောက်နေတယ်။ နောက်တစ်ခုက ဒီစာမှာ ရုံးတံဆိပ်တွေ၊ ဌာနမှူး လက်မှတ်တွေ မပါ တဲ့အတွက် ဒါကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနက ထုတ်တယ်လို့ လက်မခံနိုင်ဘူး" ဟုအဆိုပါ ဈေးသာယာရေး အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

အဆိုပါ စာထဲတွင် ဈေးများ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ၌ ဝင်ရောက်စွက်ဖက်ခြင်း၊ ဟန့်တားခြင်းမပြုရန်၊ ဈေးများဌာန၏ ညွှန်ကြား ချက်အရ လုပ်ဆောင်နေသော ဈေးတာဝန်ခံ၏ လုပ်ငန်းများအပေါ်တွင် ဝင်ရောက်စွက်ဖက်ခြင်း၊ တားဆီးခြင်း၊ ဟန့်တားနှောင့်ယှက်ခြင်း မပြုရန်၊ ဈေး သာယာရေးအဖွဲ့အနေဖြင့် အထက်ပါ စည်းကမ်းချက်များအား လိုက်နာခြင်း မရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်း ခံရမည် စသည့်တို့အပါအဝင် အချက်ရှစ်ချက် ပါဝင်ကြောင်း သိရသည်။

ဈေးအသစ်ပြန်တည်ဆောက်မည်ဟု သတင်းထွက်ပေါ်နေသော ဈေးများဖြစ်ကြသည့် တောင်ဥက္ကလာပမြို့နယ် ငွေယမုံဈေး၊ (၁၀) ရပ်ကွက် ဈေးသည် ဧပြီလ ၉ ရက်နေ့တွင်လည်းကောင်း၊ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေး(ခေါ်) ဂွဈေးသည် မေလ ၁၈ ရက်နေ့တွင် လည်းကောင်း မီးလောင် ကျွမ်းခံခဲ့ရသည်။

Moe Z
transparencymyanmar2010



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...