Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဗာလတစ်သိုက် ဘယ်ဂုဏ်ဖြင့်မိုက်မတုန်း...

$
0
0
ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီတွေ ထိန်းချုပ်ရေးနဲ့ ရွေးကောက်ပွဲကိစ္စတွေအတွက် အာဏာကုန်ပေးထားတာ။ အဲဒီအာဏာလေးပြပြပြီး ခဏခဏလူမိုက်ထွက်ထွက်လုပ်ရတာလည်း သူ့မှာအမောသား။ တကယ်က သူ့သက်တမ်းကကုန်နေပြီ။ လာမယ့်ရွေးကောက်ပွဲမှာ လူရိုသေရှင်ရိုသေကော်မရှင်ဖွဲ့ဖို့ သူ့ကိုထွက်ပေးဖို့ပြောတော့လည်း နားထိုင်းတို့ရွာကသူကြီးပုံစံဖမ်းနေပြန်ရဲ့။

ရွေးကောက်ပွဲက ဘယ်ဆီမှန်းမသိ အခြေခံမဲစာရင်းနဲ့တင် ပြဿနာတွေကပေါ်နေပြီ။ နိုင်ငံရေးပါတီကို ရန်စကားပြောလိုပြော၊ ဟိုအဝေးကြီးနိုင်ငံက လွှတ်တော်အမတ်ကိုတောင်မချန် ကြုံးဝါးလိုက်ပြန်သေး။ အရင်ဆုံးသူလုပ်တက်တာကတော့ ဗာလတို့ထုံးစံအတိုင်း ကိုယ့်အပြစ်ကို NLD အပေါ်ပုံချဖို့ကြိုးစားလိုက်တာပဲ။

ခုလာမယ့်ရွေးကောက်ပွဲက အရင်ရွေးကောက်ပွဲတွေလို ကြိုတင်မဲတွေနဲ့ လုပ်စားလို့မရတော့တဲ့အချိန်၊ ဖောင်းပွလူဦးရေစာရင်းတွေနဲ့ မနိုင်မချင်းဖြည့်ပေးမယ့်မဲတွေနဲ့ လုပ်စားလို့မရနိုင်တော့တဲ့အချိန်မှာ မကြံအပ်မစည်ရာဆိုပေမယ့် မတက်သာတဲ့အဆုံး နောက်ဆုံးပေါ်နည်းတွေနဲ့ ယုတ်ယုတ်မာမာကြံစည်လာပါတယ်။

•ပုံစံ-၆၆/၆ နဲ့ မဲစာရင်းပြုစုတယ်။

•အခြေခံမဲစာရင်းပြုစုသူတွေဟာ ဆယ်အိမ်ခေါင်းတွေဖြစ်တယ်။

•ကော်မရှင်အဖွဲ့တွေထဲမှာ စစ်တပ်ထဲက စံမမီ သေတဲ့တိုင်ရာထူးမတိုးတော့မယ့်သူတွေ အသက်လွန်တွေကိုခန့်တယ်။

ပုံစံ-၆၆/၆ အတိုင်းအခြေခံမယ်ဆိုပေမယ့် ဒီအတိုင်းလုပ်ထားတာမဟုတ်ပါဘူး။ မွေးသက္ကရာဇ်နေရာမှာ ခရစ်နှစ်နဲ့သာ ထည့်ရအောင်လုပ်ထားပြီး မသိတဲ့ရက်၊ လတွေကို သူတို့ကြိုက်သလိုဖြည့်ထားပြီး ပြဿနာတွေဖြစ်အောင်လုပ်ထားတာဖြစ်တယ်။ တကယ်က သူ့အတိုင်းဖြည့်ရုံပဲလုပ်သင့်တာ။ အဲဒီအမှားတွေပြောတဲ့ NLD ကို Confrontation လုပ်နေတယ်ဆိုတဲ့အထိ သူ့တပည့်ဗာလတွေက တိုက်ခိုက်နေတာ။

နောက်တစ်ခု အခြေခံမဲစာရင်းတွေကို ဆယ်အိမ်ခေါင်းတွေကပြုစုတာဆိုတော့ သူမကြည်တဲ့သူ၊ ကြံ့ဖွတ်ကလွဲလို့ ဘယ်ပါတီကိုထောက်ခံမဲ့သူဖြစ်ဖြစ် ချန်ခဲ့တာတို့၊ အချက်အလက်အလွဲလေးတစ်ခုလောက် (ဥပမာ မှတ်ပုံတင်နံပါတ်ဂဏန်းကိုရှေ့နောက်လွဲပေးလိုက်တာတို့) လုပ်ပေးလိုက်တာနဲ့ အဲဒီသူဟာ မဲဆန္ဒပေးမယ့်နေ့ကျရင် မဲရုံမှုးက အချက်အလက်လွဲလို့ဆိုပြီး သူ့ရဲ့မဲဆန္ဒပေးခွင့်ကို ငြင်းဆန်လိုက်နိုင်တယ်။ အဲဒီလိုငြင်းဆန်နိုင်တဲ့အကြောင်းကိုပြောပြမယ်။ ကော်မရှင်ဥက္ကဋ္ဌက အောက်ခြေအဆင့်ဆင့်ကိုမှာထားပုံက တစ်ခါမှမကြားဖူးတဲ့ ဥပဒေနဲ့အညီလုပ် ဥပဒေနဲ့အညီလုပ်ဆိုပြီ ဆီမန်းမန်းသလို တဖွဖွမှာနေတာဖြစ်တယ်။ ပိုပြီးထင်ရှားတာက စစ်တပ်ထဲက အဆင့်မမီ စံမမီသူတွေကို မြို့နယ်အဆင့်ကော်မရှင်တွေအထိ ထိုးထည့်ခန့်ထားပြီး အမိန့်နာခံနေအောင် စီစဉ်ထားတာတွေက ခိုင်လုံအောင်သက်သေပြနေပြီဖြစ်တယ်။

ရှင်းရှင်းပြောရရင် အခုလာမယ့်ရွေးကောက်ပွဲဟာ ၉၀ ရွေးကောက်ပွဲလိုလည်း လွှတ်ပေးလို့မရ၊ ၂၀၁၀ ရွေးကောက်ပွဲလိုလည်း ကိုယ်ထင်တိုင်းလုပ်မရ၊ ၂၀၁၂ ကြားဖြတ်လိုလည်း လွှတ်တော်ခုံအများစုကိုနေရာဦးပြီးသားမို့ မသဒ္ဒါရေစာစွန့်ကြဲတဲ့ပုံမျိုးလည်း ဖမ်းမရတော့ တစ်လျှောက်လုံး ပြည်သူ့ဆန္ဒအမှန်ကို တည့်တည့်တစ်မျိုး မသိမသာတစ်ဖုံဆန့်ကျင်ပြီးနေခဲ့ရာက ခုချိန်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘဲ ကော်မရှင်ဥက္ကဋ္ဌအနေနဲ့ မပြောသင့်တဲ့စကားတွေပြော၊ ဟိုပါတီရန်လုပ်၊ ဟိုလူ့ရန်လုပ်နဲ့ လုပ်နေတာတွေအပြင် နောက်ဆုံးကြံရာမရဖြစ်ပြီး ဘကြီးသားဗာလတစ်သိုက်ကိုပါဆွဲထည့်လာပြီး မိုက်ဇာတ်ခင်းလို့ ၂၀၁၅ ရွေးကောက်ပွဲကို တစ်နည်းနည်းနဲ့ယုတ်မာတော့မှာဖြစ်ပါတယ်။

ခုလိုမဲစာရင်းတွေမှားတယ်၊ မှားတယ်နဲ့ တစ်နိုင်ငံလုံးဆူပွတ်ထလာတဲ့အခါမှာတော့ ကော်မရှင်က အော်ချက်တစ်ခုထုတ်လာပါတော့တယ်။ ဒါကတော့ မြို့နယ်နဲ့ တိုင်းတွေမှာ စာရင်းပြုစုတဲ့လူအင်အားမလုံလောက်တာတို့၊ ကွန်ပြူတာမလုံလောက်တာတို့ကြောင့် ကြန့်ကြာတာ မှားယွင်းတာတို့ဖြစ်နေရပါတယ်ဆိုပြီး လုပ်လာပြန်ပါတယ်။ တကယ်တော့ ဒီအကြောင်းပြချက်တွေက ခိုင်လုံတဲ့အကြောင်းပြချက်တွေမဟုတ်ပါ။ သူယုတ်မာထားတာကို ဖုံးကွယ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုတောင်းခံထားတဲ့ ကျပ်သိန်းပေါင်းများစွာကြောင့် လွှတ်တော်မှာ အခြေအတင်ပြောကြရတဲ့အထိဖြစ်ခဲ့ပေမယ့် ထုံးစံအတိုင်း ကြံ့ဖွတ်လွှမ်းမိုးတဲ့လွှတ်တော်က အတည်ပြုပေးခဲ့ပြီးဖြစ်တယ်။ ဆိုလိုချင်တာက သူတောင်းထားတဲ့ငွေရရင် သူလုပ်ရမယ့်အလုပ်ကိုလုပ်နိုင်ရမယ်။ မလုပ်နိုင်ရင်ထွက်ပေါ့။ ခုလိုပေကပ်ကပ် ဂျစ်တစ်တစ်စကားတွေနဲ့ ရန်လုပ်နေစရာမလိုပါဘူး။ ခုတော့ဖြစ်နေပုံက တမင်ရည်ရွယ်ချက်နဲ့ ပြဿနာဖြစ်အောင်မှားထားတဲ့ မဲစာရင်းတွေဟာ လူ/စက် မလုံလောက်လို့မှားရတာလို့ပြောပြီး ဆင်ခြေကန်နေပုံကိုမြင်နေရတာဖြစ်ပါတယ်။

ချုပ်ပြီးပြောရမယ်ဆိုရင် ကော်မရှင်ဥက္ကဋ္ဌလုပ်နေပုံတွေဟာ စစ်အာဏာရှင်သက်ဆိုးရှည်ရာရှည်ကြောင်း၊ သူတို့ရဲ့အာစရိယအဘယုတ်ကြီးကို ကာကွယ်ပေးဖို့၊ အရင်တုန်းကလည်း အဖေကြီးနေဝင်းကို ကာကွယ်ပေးဖို့လုပ်သလိုလုပ်နေပုံမျိုးဖြစ်တယ်။ ခုခါကတော့ နေဝင်းတစ်ယောက်ထဲကို စစ်တပ်တစ်တပ်လုံးက ကာကွယ်ပေးနေပုံမျိုးမဟုတ်ဘဲ လက်တစ်ဆုပ်စာ ဗာလဆယ်ယောက်လောက်ကို ကာကွယ်ပေးနေတဲ့အထိ အာဏာရူးအသိုက်အမြုံဟာ ၈၈ ကထက် အနည်းဆုံးဆယ်ဆလောက် ကြီးထွားလာခဲ့ပြီဆိုတာကို ကာချုပ်ဆိုတဲ့ စစ်ထိပ်သီးရဲ့ အင်တာဗျူးကိုတွေ့လိုက်ရတဲ့အတွက် ပိုမိုထင်ရှားသွားပါတယ်။

ခုကိုပဲ ကာချုပ်ဆိုတဲ့လူက ဂျပန် Mainichi သတင်းစာနဲ့အင်တာဗျူးမှာ သွားလေသူအာဏာရှင်သန်းရွှေဟာ သူ့ကျေးဇူးရှင်ဖြစ်ပါတယ်တို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ပတ်သက်လို့ကိုတော့ သူ့အနေနဲ့ ဘာမှမပြောတက်ဘူးလို့ဖြေသွားပုံတွေဟာလည်း တစ်ကျောင်းတည်းထွက် တစ်အိုးတည်းစားတွေဆိုတဲ့အတိုင်း သူယုတ်မာအဘကြီးအပေါ်သစ္စာရှိပြနေတဲ့ ဗာလတစ်သိုက်ဆိုတာထင်ရှားနေပါတယ်။

ဒီဗာလတစ်သိုက်ကို ရှင်းနိုင်မယ့်၊ မရှင်းနိုင်သေးလည်း လည်ပင်းကိုညှစ်နိုင်မယ့်အကြောင်းတရားဟာ ၂၀၁၅ ရွေးကောက်ပွဲအပေါ်မှာ မူတည်နေတယ်ဆိုတာကို ပြည်သူတွေကပြတ်ပြတ်သားသားသိနေဖို့လိုပါတယ်။ သူတို့ဒီလောက်ထိ ရွေးကောက်ပွဲအပေါ်မှာ ယုတ်ယုတ်မာမာကြံစည်နေပုံကိုထောက်ရင်၊ အရင်ရွေးကောက်ပွဲတွေတုန်းက မကြုံခဲ့ဖူးတဲ့ပြဿနာတွေနဲ့ အစလုပ်နေတာကိုကြည့်ရင် သိသာလွန်းနေတာမို့ ပြည်သူတွေမအကြဖို့အထူးလိုအပ်ပါတယ်။ အသေမသတ်နိုင်တောင် သူတို့လည်ပင်းကိုညှစ်နိုင်မယ့်အကြောင်းမို့ ပြည်သူတွေဟာ ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲဆန္ဒပေးခွင့်ရအောင် ကြိုးပမ်းကြရတော့မှာဖြစ်တယ်။ သူတို့က မဲဆန္ဒမပေးနိုင်အောင်လုပ်လေ ကိုယ်က အခွင့်အရေးကိုရအောင်ယူရမှာဖြစ်တယ်။ သူတို့ကလည်း သူတို့အသက်ရှည်ရာ အသက်ဆက်ရာဖြစ်မယ့် အကြောင်းကိုလုပ်မှာပဲ။ တစ်ခုပဲတွေးကြည့်ပေါ့။ ၅၉(စ)၊ ၄၃၆ တို့လို အရေးကြီးတဲ့ပုဒ်မတွေအပါအဝင် နောက်ဆုံးနာဂစ်ဖွဲ့စည်းပုံကြီး ဒီအတိုင်းပဲရှိနေဦး လွှတ်တော်ထဲမှာ အခုကြံ့ဖွတ်တွေအုပ်စည်းထားသလိုမျိုး NLD လွှတ်တော်အမတ်တွေရောက်လာပါပြီတဲ့။ သမ္မတက ဒေါ်အောင်ဆန်းစုကြည် မဖြစ်နဲ့ဦး NLD က တစ်ယောက်ယောက်ဖြစ်နေပါပြီတဲ့။ အစိုးရဝန်ကြီးအဖွဲ့အားလုံးက NLD ကဖြစ်နေပါပြီတဲ့။ တိုင်းပြည်ဟာ ဘယ်လိုအခြေအနေမျိုး ရောက်သွားပြီလဲဆိုတာ စိတ်ကူးကြည့်လိုက်ပါ။

ကိုယ့်ရဲ့ကြမ္မာကို စစ်တပ်လက်ထဲထည့်မထားကြပါနဲ့။ အနည်းဆုံးတော့ မဲစာရင်းထဲမှာ ကိုယ့်ရဲ့နာမည်ပါမပါသွားကြည့်ရမယ့်အလုပ်ဟာ ဒီနေ့ပြည်သူပြည်သားတွေ စစ်ကျွန်ဘဝကရုန်းထွက်ဖို့အတွက် ထမ်းဆောင်ရမယ့် အနည်းဆုံးတာဝန်တစ်ရပ်ပါပဲ။
**********************************

လေးစားစွာဖြင့်

Ko Soe Win
ကိုယ့်ရဲ့ကြမ္မာကို စစ်တပ်လက်ထဲထည့်မထားကြပါနဲ့။ အနည်းဆုံးတော့ မဲစာရင်းထဲမှာ ကိုယ့်ရဲ့နာမည်ပါမပါသွားကြည့်ရမယ့်အလုပ်ဟာ ဒီနေ့ပြည်သူပြည်သားတွေ စစ်ကျွန်ဘဝကရုန်းထွက်ဖို့အတွက် ထမ်းဆောင်ရမယ့် အနည်းဆုံးတာဝန်တစ်ရပ်ပါပဲ။

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>