

Video..Burma vj medianetwork
myitmakhamediagroup
ယနေ့နံနက် ၁၁ နာရီ ၅ မိနစ်အချိန် လှည်းတန်းမီးပွိုင့် ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်ရှိ အများပြည်သူသုံးသန့်စင်ခန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးမှာဒဏ်ရာအကြီးအကျယ် ရရှိခဲ့ကြောင်း သိရသည်။
`၀ုန်းဆိုပြီး အသံကြားလိုက်ရတယ်။ ပထမတော့ ဘာဖြစ်မှန်း မသိဘူး။ နောက်တော့မှ ဗုံးပေါက်တာမှန်းသိတာ။ အမျိုးသမီးတစ်ဦးတော့ သေတယ်ကြားတယ်´ ဟု လှည်းတန်းမီးပွိုင့်အနီးတွင် ရှိနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ အများပြည်သူသုံးသန့်စင်ခန်းအတွင်း ဗုံးနှစ်လုံးထောင်ထားခြင်းဖြစ်ပြီး ကျန်ရှိနေသော ဗုံးတစ်လုံးအား အင်ဂျင်နီယာတပ် GE မှလာရောက်ရှင်းလင်းသွားပြီဖြစ်ကြောင်း သိရှိရသည်။
`လောလောဆယ် ကျန်တဲ့ဗုံးကို တာဝန်ရှိသူတွေ လာရောက်ရှင်းလင်းနေတယ်။ ဒဏ်ရာရတဲ့ အမျိုးသမီးကို တော့ ဆေးရုံကိုခေါ်သွားပါပြီ´ ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဒဏ်ရာပြင်းထန်စွာရရှိသော အမျိုးသမီးတစ်ဦးမှ စိုးရိမ်ဖွယ်အခြေအနေရှိပြီး သေဆုံးသည့် အမျိုးသမီးတစ်ဦး၏ လက်အပိုင်းအစများနှင့် အသားစများမှာ အများသုံးသန့်စင်ခန်းနှင့် အပြင်ဘက် ကတ္တရာလမ်းပေါ်တွင် ပြန့်ကျဲ လျက်ရှိကြောင်း တွေ့ရသည်။
ဗုံးပေါက်ကွဲရာနေရာသို့ မီးသတ်ကားများ ဆေးရုံကားများ၊ ဗုံးရှာဖွေရေးအဖွဲ့များနှင့်အတူ လုံခြုံရေး တင်းကျပ် စွာချထားကြောင်း တွေ့ရသည်။
7Day News Journal
လှည်းတန်းလမ်းဆုံတွင် မကြာသေးမီကမှ ဖွင့်လှစ်ထားသည့် အများသုံး သန့်စင်ခန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသမီး ၂ ဦးသေဆုံးပြီး သန့်ရှင်းရေးဝန်ထမ်းတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိထားကြောင်းသတင်းရရှိသည်။
ပေါက်ကွဲမှုမှာ ၁၁ နာရီဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ပြီး ယင်းအရှိန်ကြောင့် အဆောက်အဦ၏ အမိုးနှင့် မျက်နှာစာအချို့ပွင့်ထွက်ခဲ့သည်။ လက်ရှိအခြေအနေတွင် ကျန်ရှိဗုံးတစ်လုံးအား ထပ်မံရှာဖွေလျက်ရှိကြောင်း ယင်းအနီးတ၀ိုက်တွင် ရှိနေသည့် တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးကပြောသည်။
“ရဲတွေကတော့ ဒဏ်ရာရထားတဲ့တစ်ယောက်က ရှင်ဖို့သိပ်မသေချာဘူးလို့ပြောတယ်။ လှည်းတန်းမှာ အခု ကြက်ခြေနီတွေ အရန်မီးသတ်တွေ၊ အင်ဂျင်နီယာ တပ်ရင်းကလူတွေ အင်အား ၁၀၀ လောက်ရောက်နေတယ်။ အခုလူတွေကို ရှင်းနေတာတွေ့ရတယ်”ဟု 7Day News သတင်းထောက်မှ သတင်းပေးပို့သည်။
ဒဏ်ရာရရှိခဲ့သော သန့်ရှင်းရေးဝန်ထမ်းအမျိုးသားတစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်းလည်း သတင်းရရှိသည်။
အဆိုပါ သန့်စင်ခန်းမှာ တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ ရန်ကုန်တက္ကသိုလ်ဧရိယာအတွင်း မကြာသေးမီက ဖွင့်လှစ်ထားခြင်းဖြစ်သည်။
Messenger News Journal
ရန်ကုန်မြို့ ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာ လမ်းထောင့်ရှိ အများသုံးအိမ်သာတွင် ယနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး၊ အမျိုးသမီး တစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။ ယခုအချိန်တွင် ထိခိုက် ဒဏ်ရာရသူ စာရင်း အတည်ပြုနိုင်ခြင်း မရှိသေးဘဲ လှည်းတန်းလမ်း၊ ပြည်လမ်းနှင့် အင်းစိန်လမ်းတို့ကို ခတ္တပိတ်ပြီး စုံစမ်းရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။