Quantcast
Channel: dawnmanhon
Viewing all 32865 articles
Browse latest View live

NMSP တပ်ဖွဲ့ဝင်တွေကို တပ်စစ်ဆေးရေးဂိတ်က စစ်ဆေး

$
0
0


ဓါတ်ပုံ - မွန်ပြည်သစ်ပါတီ

ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာကျင်းပခဲ့တဲ့ မွန်အမျိုးသားနေ့ အခမ်းအနားကနေ ပြန်လာတဲ့ မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့ဝင်တွေကို ဘုရားသုံးဆူမှာရှိတဲ့ တပ်မတော်စစ်ဆေးရေးဂိတ်က ဒီနေ့ တားဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ NMSP ခရိုင်ဥက္ကဌ နိုင်ဧက က ပြောပါတယ်။

NMSP တပ်ဖွဲ့ဝင် ၆၀လောက်ကို စစ်ဆေးပြီး တွေ့ရှိတဲ့ ကျည်ဆံတချို့ကို သိမ်းယူသွားတယ်လို့ NMSP ခရိုင်ဥက္ကဌ နိုင်ဧက က ပြောပါတယ်။

"ခလရ ၂၈၃ လား ၂၈၄ လားမသိဘူး၊ သူတို့မှာ ဂိတ်ရှိတယ်လေ အဲ့ဒီ သုံးဆူဂိတ်ကို ကျနော်တို့လူက မွန်အမျိုးသားနေ့ အခမ်းအနား ပြီးတော့ ပြန်ကြတာပေါ့လေ ကား ၆ စီးစာပေါ့၊ လူက ၅၀ ၊ ၆၀ လောက် ရှိမှာပေါ့၊ အဲ့ဒီမှာ အပြန်ပေါ့ သူတို့က အဲ့ဒီ ဂိတ်မှာ သူတို့က စစ်ဆေးပြီးတော့ ကျနော်တို့ ကားကဘာမှ မပါဘူးလေ၊ သူတို့ စစ်ဆေးတဲ့အချိန်မှာကြတော့ ကျနော်တို့ အချိန် စောင့်ဆိုင်းလိုက်ရတာပေါ့။ အဲ့ဒီမှာ စစ်ဝတ်စုံတွေ သူတို့ စစ်ပြီးတော့ အဲ့ဒီ ကြားထဲမှာ ကျည်ဆံ ငါးလုံး ခြောက်လုံး ရှိတယ်ဆိုတော့ကာ စစ်ဆေးပြီးတော့ အဲ့ဒီ ကျည်ဆံ ငါးခြောက်တောင့်တော့ သိမ်းထားလိုက်တယ်။ အဲ့ဒီ စစ်ဝတ်စုံတွေ ဘာတွေ စစ်တာပေါ့ နောက် လက်နက်တွေပါလား ခဲယမ်းတွေပါလား အဲ့ဒါ စစ်ဆေးပြီးတော့ ကျည်ဆံခြောက်တောင့် ပါသွားတာ ပေါ့လေ ဒါပဲ။"

NMSP တပ်ဖွဲ့ဝင်တွေဟာ ဗဟိုဌာနချုပ်ရှိရာ ရေးချောင်းဖျားနဲ့ ဒေသအသီးသီးကို ပြန်လာကြ တာဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ ဗဟိုက ဦးဆောင်ကျင်းပခဲ့တဲ့ ဘုရားသုံးဆူမြို့ ဂျပန်ရေတွင်းကုန်းမှာ မနေ့က ကျရောက်တဲ့ မွန်အမျိုးသားနေ့ကို စစ်ရေးပြ အခမ်းအနားနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီအခမ်းအနားအပြီး နေရပ်ဒေသအသီးသီးကိုပြန်ကြသူတွေထဲမှာ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် MNLA က စစ်ရေးပြတပ်ဖွဲ့ဝင်တွေ အပါအ၀င် ဆေးတပ်ဖွဲ့၊ အမျိုးသမီးတပ်ဖွဲ့နဲ့ ဒေသခံတချို့ပါဝင်ပြီး အချိန်အတန်ကြာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ခရီးဆက်ခွင့်ပြုခဲ့တယ်လို့ နိုင်ဧက က ပြောပါတယ်။ မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့ဟာ ၁၉၉၅ ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘော တူညီမှု ရယူခဲ့ပြီး နယ်ခြားစောင့် တပ်ပြောင်းလဲဖွဲ့စည်းရေးကို လက်မခံခဲ့တာကြောင့် ၂၀၁၀ ခုနှစ် စက်တင်ဘာလကစပြီး အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်သွားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ မြန်မာပြည်အနှံ့ကျင်းပ

$
0
0


ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၂)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ( Myanmar State Counsellor Office)
ဒီကနေ့ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၂ နှစ်မြောက်မွေးနေ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရှမ်းပြည်နယ် တောင်ကြီးမှာ မိဘမဲ့ကလေးတွေ မူကြိုကလေးလေးတွေနဲ့အတူ ဆင်နွှဲခဲ့ပြီး မျိုးဆက်သစ်ကလေးတွေ နိုင်ငံ့အကျိုးပြုနိုင်ကြပါစေ လို့ ဒေါ်စုက ဆန္ဒပြုခဲ့ပါတယ်။ မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် ကလေးငယ်တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ အာဟာရဒါနပြုကျွေးမွေးလှူဒါန်းတာ အပါအဝင် မွေးနေ့ပွဲကို မြန်မာနိုင်ငံတဝှမ်း ကျင်းပခဲ့ကြပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ဆက်ပြောပြပါမယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့ မှာကျရောက်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၀၂) နှစ်မြောက်မွေးနေ့ ကို မြန်မာနိုင်ငံ ကလေးများနေ့ အဖြစ် အထိမ်းအမှတ်အခမ်းအနားတွေကို မြန်မာနိုင်ငံတဝှမ်း တိုင်းနဲ့ပြည်နယ်တွေမှာလည်း ကျင်းပခဲ့ကြပါတယ်။ ဒီနှစ်၂၀၁၇ခုနှစ် မှာတော့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဘုန်းတော်ကြီးသင်ကျောင်းတွေက ကလေးငယ်တွေ၊ မိဘမဲ့ ကလေးစောင့်ရှောက်ရေးကျောင်းက ကလေးငယ်တွေနဲ့ မူကြိုကျောင်းက ကလေး ၂၅၀ကျော်နဲ့အတူ ကျင်းပခဲ့ပါတယ်။

ပင်လုံပြည်ထောင်စုအခမ်းအနားအတွက် ရှမ်းပြည်ကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကျင်းပခဲ့တဲ့ ရှမ်းပြည်နယ် တောင်ကြီးက ဗိုလ်ချုပ်မွေးနေ့အခမ်းအနားနဲ့ပတ်သက်ပြီး ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့သူ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလိုပြောပြပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၁၀၂ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အတွက် သူက အလှူလုပ်တာပေါ့နော်၊ ဘယ်လိုအလှူလုပ်သလဲဆိုရင် အဲဒီမှာရှိတဲ့မိဘမဲကလေးတွေရယ်၊ မသန်စွမ်းကလေးတွေရယ် ၂၅၇ ဦးပေါ့နော် သူက ကျွေးမွေးတယ် ငွေလှူဒန်းတယ်ပေါ့နော်၊ သူက ဒီနေ့ ကလေးတွေနဲ့တွေ့တာကတော့ ကလေးတွေ ကျန်းမာပါစေ၊ ကျန်းကျန်းမာမာရှိဖို့တော့လိုတယ်၊ အဟာရပြည့်ဝဖို့တော့လိုတယ်၊ အဲဒီအတွက်ကို အားလုံးစောင့်ရှောက်ပေးဖို့နဲ့ ကလေးတွေနဲ့တွေ့တုန်းကပြောခဲ့တယ်လေ။”

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံမှာ မျိုးဆက်သစ် ကလေးငယ်လေးတွေကို ဗိုလ်ချုပ်အောင်ဆန်းလို တာဝန်ကျေပွန်တဲ့ နိုင်ငံသားကောင်းလေးတွေ ဖြစ်စေချင်သလို တိုင်းပြည်နဲ့လူမျိုးအတွက် ပေးဆပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအပေါ် မမေ့မလျော့အောင် လက်ဆင့်ကမ်း အသိပေးသင့်တယ်လို့လည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကလေးများနေ့ အပေါ် သူ့ရဲ့အမြင် အခုလိုပြောပြပါတယ်။

“ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို မြန်မာနိုင်ငံမှာ ကလေးများနေ့ ဆိုပြီးတော့ သတ်မှတ်လိုက်တယ်၊ သတ်မှတ်လိုက်ခြင်းက အင်မတန်ကို လျော်ကန်သင့်မြတ်တယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးဘ၀ဆိုတာက သူတို့ ဦးနှောက်ထဲမှာ မှန်ကန်တဲ့အတွေးအခေါ်အယူအဆလေးတွေ ရောက်ရှိသွားဖို့လိုတယ်။ ကြီးလာရင် ပြောဆိုရတာ သိပ်မလွယ်တော့ဘူး၊ ဒါကြောင့်ကလေးဘ၀မှာကတည်းက ကျနော်တို့အနေနဲ့ လွတ်လပ်ရေးရရှိအောင်ဆောင်ရွက်ပေးတဲ့ အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းကို သူ့မွေးနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရအောင်ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်။ ဒီလွတ်လပ်ရေးရအောင် ပြည်ထောင်စုစိတ်ဓါတ်ကိုအခြေခံပြီး တော့ ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ဒါကြောင့်မို့လို့လည်း ပြည်ထောင်စုနေ့ဟာ ဖေဖော်ဝါရီ၁၂ ရက်ဖြစ်ပြီးတော့ နောက်တရက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ ရက်၊ မှတ်ရလည်းလွယ်တယ် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်တယ်။ အရေးကြီးတာက ပြည်ထောင်စုစိတ်ဓါတ်ကို ကလေးငယ်ငယ်မှာကတည်းက ကိန်းအောင်သွားရင် အချင်းချင်းဘယ်လို ဆက်ဆံရမလဲ၊ ဖေးမကူညီရမယ်၊ အချင်းချင်း ဘယ်လိုနားလည်မှုရှိရမယ် ဆိုတာတွေကို ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးလိုက်လို့ရှိရင် နောင်ကျလို့ရှိရင် အခုဖြစ်နေတဲ့ ပြဿနာမျိုးပေါ့ ပဋိပက္ခ တွေ ၊ ငြိမ်းချမ်းမှုမရရှိအောင် အဟန့်အတား အနှောက်အယှက်ဖြစ်မှုတွေ မဖြစ်နိုင်တော့ပဲနဲ့ ငြိမ်းချမ်းရေး အတွက်ကို လက်ဆင့်ကမ်းသယ်မယ့်လူတွေက ကလေးတွေပဲဖြစ်တယ် ၊ အနာဂတ်မြန်မာနိုင်ငံအတွက် အလွန်ကိုအရေးကြီးတဲ့ ကိစ္စတခုဖြစ်တဲ့အတွက်ကြောင့် အားလုံးကနေပြီးတော့ ၀ိုင်းပြီးတော့ ဒီအသိလေးတွေကို ကလေးတွေဆီမှာရောက်အောင်ဆောင်ရွက်ပေးပါလို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။”

မွေးကင်းစမှစလို့ မူကြိုကလေးငယ်လေးတွေအထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ လူကယ်ပြန်ဝန်ကြီးဌာနက အစာအာဟာရ ပဲနို့ရည် တိုက်ကျွေးခဲ့သလို ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်တွေမှာလည်း ဗိုလ်ချုပ်အောင်ဆန်း ကြိုက်နှစ်သက်ခဲ့တဲ့ပဲပြုတ်၊ နံပြား အဟာရ မွေးနေ့အထိမ်းအမှတ် လှူဒါန်းကြပါတယ်။

မန္တလေးက အခမဲ့စာကြည့်တိုက်တွေထူထောင်သူ မောင်ဇော်ဇော်ကလည်း ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ရောက်တိုင်း အလေးဂါရဝပြုတဲ့အနေနဲ့ သူနေထိုင်တဲ့ ကျေးရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ မွေးနေ့ အထိမ်းအမှတ် ကျင်းပကြတဲ့အကြောင်း အခုလိုပြောပြပါတယ်။

“မန္တလေးတို့ ၊ ကျောက်ပန်းတောင်းတို့ ကျနော်တို့ အထွဋ်အထိပ်ထားတာပေါ့နော် ဘဘ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၂ နှစ်မြောက်မွေးနေ့ဆိုတာ့ ကျနော်တို့က ပြည်ထောင်စုနေ့နဲ့ ဘဘ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို နေ့ထူးနေ့မြတ် ကျနော်တို့ရွာတွေကို စာသင်ကျောင်းတွေမှာ မွေးနေ့ကျင်းပတယ်၊ ဘဘ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ ရွာဦးကျောင်းတွေမှာ ဆွမ်းကပ်တယ်။ လူငယ်လေးတွေ ကလေးလေးတွေကို ဘဘ ဗိုလ်ချုပ်အောင်ဆန်းလိုစိတ်ဓါတ်တွေမွေးနိုင်အောင် ဆရာဆရာမတွေကနေ သွန်သင် ဆုံးမတယ်၊ ပြီးရင်ကလေးတွေကို ကျနော်တို့ ရွာကလူတွေကနေပြီးတော့ ဆုပေးတာလေးတွေ ကလေးတွေကို ခွန်အားပေးတာလေးတွေ အမြဲလုပ်ပါတယ်ခင်ဗျ။”

ဒီကနေ့ကျရောက်တဲ့ မြန်မာနိုင်ငံကလေးများနေ့နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၂ နှစ်မြောက်မွေးနေ့ကို ရန်ကုန်အမေရိကန်သံရုံးကလည်း ဆင်နွှဲတဲ့အကြောင်း အမေရိကန်သံရုံးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြပါတယ်။ဒီလိုနေ့မျိုးမှာ မတူကွဲပြားခြင်း၊ အားလုံးပါဝင်ခြင်းနဲ့လွတ်လပ်ခြင်းတို့အတွက် ဖော်ဆောင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းရဲ့ မဆုတ်မနစ် ကြိုးပမ်းအားထုတ်ခဲ့မှုတွေကို မိမိတို့ကိုပြန်လည်အမှတ်ရမိစေကြောင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် မြန်မာကလေးများနေ့ကို မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာ ဘယ်လို ဆင်နွှဲကြသလဲဆိုတာ ပြောခဲ့ကြပါဦးဆိုပြီး ဖော်ပြထားတာဖြစ်ပါတယ်။

နေပြည်တော် တပ်ကုန်းမြို့ က စာကြည့်တိုက်မှာတော့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရ ဓာတ်ပုံ၊ ကာတွန်းစာအုပ်ပြပွဲကိုကျင်းပခဲ့ပြီးေ ပြခန်းမှာ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ သမိုင်းအဆက်ဆက် စာအုပ်များ၊ ဗိုလ်ချုပ်ရဲ့ဘ၀မှတ်တမ်းတွေ၊ မိသားစုသမိုင်းဝင်ဓာတ်ပုံတွေနဲ့ ဗိုလ်ချုပ်အမှတ်တရ ကာတွန်းရုပ်ပြတွေနဲ့ လက်ကမ်းစာစောင်တွေကို ဝေဌပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ပြသခဲ့ပါတယ်။

မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဗိုလ်ချုပ်ပုံနဲ့ တံဆိပ်ခေါင်း ထုတ်ဝေမည်

$
0
0

နိုင်ငံခြားရေးဝန်ကြီးဌာန နှစ် ၇၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ တံဆိပ်ခေါင်း ထုတ်ဝေသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ကြေညာလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပထမဆုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဟာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်တာကြောင့် ဗိုလ်ချုပ်ပုံနဲ့ထုတ်ဝေတာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇေယျ က ပြောပါတယ်။

" နှစ် ၇၀ ပေါ့နော်၊ တံဆိပ်ခေါင်းလေး စလုပ်ဖို့ရှိပါတယ်၊ ဗိုလ်ချုပ်ပုံနဲ့ပေါ့၊ နိုင်ငံခြားရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ စ,တည်ကာစမှာ ပထမဆုံးနိုင်ငံခြားရေးဝန်ကြီးက ဗိုလ်ချုပ်အောင်ဆန်းပါခင်ဗျ၊ အဲဒါကြောင့်မို့ ဗိုလ်ချုပ်ပုံနဲ့ တံဆိပ်ခေါင်းထုတ်ဖို့ရှိပါတယ်။ "

အဲဒီတံဆိပ်ခေါင်းကို နှစ် ၇၀ ပြည့်မြောက်တဲ့ လာမယ့် မတ်လ ၁၇ ရက်နေ့မှာ စတင်ထုတ်ဝေမှာ ဖြစ်ပြီး အမြို့မြို့အနယ်နယ်က ဆက်သွယ်ရေး စာတိုက်စခန်းတွေမှာ ငွေကျပ် ၅၀၀ နဲ့ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန နှစ် ၇၀ ခရီးဆိုတဲ့ စာအုပ်ကိုလည်း ဒီနှစ်အတွင်းမှာ ထုတ်ဝေသွားဖို့ စီစဉ်နေတယ်လို့လည်း ဦးကျော်ဇေယျ က ပြောပါတယ်။

အရင်နှစ်တွေက ၀န်ကြီးဌာန နှစ်ပတ်လည်နေ့တွေမှာ ဆွမ်းကပ်လှူတာတွေ၊ မိတ်ဆုံစားပွဲပြုလုပ်တာ တွေရှိခဲ့ပြီး ဒီနှစ်မှာတော့ ၀န်ထမ်းတွေအတွက် စကားရည်လုပွဲပုံစံမျိုး ပြုလုပ်သွားဖို့ အစီအစဉ်ရှိတယ် လို့လည်း ပြောပါ တယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနကို ၁၉၄၇ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုလို ဝန်ကြီးဌာန နှစ်ပတ်လည်အတွက် တံဆိပ်ခေါင်းထုတ်ဝေတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်နဲ့ နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကလေးတွေကို မနက်စာ အာဟာရ ကုသိုလ်ပြု

$
0
0


ရှမ်းပြည်နယ် တောင်ကြီးမြို့တဝိုက်က မိဘမဲ့ကလေးတွေကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် အာဟာရကုသိုလ်ပြုစဉ်။ Photo: Htet Arker/ RFA
ဒီနေ့ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ၁၀၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေနဲ့ သမီးဖြစ်သူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရှမ်းပြည်နယ် တောင်ကြီးမြို့တ၀ိုက်မှာရှိတဲ့ ပရဟိတကျောင်းတွေ က မိဘမဲ့ကလေးတွေကို မနက်စာအာဟာရကုသိုလ်ပြုခဲ့ပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့တော်ခန်းမမှာ တောင်ကြီးမြို့တ၀ိုက်က ပရဟိတကျောင်း ၁၂ ကျောင်းမှာရှိတဲ့ မိဘမဲ့ကလေး ၂၄၀ ကို မနက်အာဟာရ ကုသိုလ်ပြုခဲ့ပြီး ကလေးတွေနဲ့အတူ ထမင်းစားကာ အားပေးစကားတွေ ပြောခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ကလေးတွေ ကျန်းမာဖို့ အစားများများ စားကြဖို့ မှာကြားခဲ့ပါတယ်။

အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ ပြည်ထောင်စု အစိုးရ၀န်ကြီးတချို့နဲ့ ဒေါက်တာတင်မျိုးဝင်းလည်း တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပရဟိတကျောင်းတွေကို ငွေကျပ် ၂၇ သိန်း ၆ သောင်း လှူဒါန်းခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်တွေ၊ စာရေးကရိယာတွေ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ အင်္ဂလိပ်-မြန်မာ နှစ်မျိုးပါတဲ့ စာအုပ်တွေလည်း လှူဒါန်းခဲ့ပါတယ်။

အလားတူ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ နေရာပြန်ချထားရေးဝန်ကြီးဌာနကလည်း ဆန်အိတ် ၁၃၅ အိတ်၊ ဆီ ၆၆၅ ပိဿာ၊ ဆား၂၇ ပိဿာ လှူဒါန်းခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ပင်လုံမြို့မှာ ကျင်းပခဲ့တဲ့ နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပြီး တိုင်းရင်းသားကိုယ်စားလှယ် ၁၂ ဦးနဲ့ ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ တောင်ကြီးမြို့ကတဆင့် အင်းလေး ဖောင်တော်ဦး ဘုရားကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့ ဒီနေ့ကို မြန်မာနိုင်ငံကလေးများနေ့ အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး ကလေးများနေ့ အခမ်းအနားတွေကို တိုင်းနဲ့ ပြည်နယ် အတော်များများမှာ ကျင်းပကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

လူမျိုးစွဲလေးတွေလျှော့စေချင်သည် -- သရ၀ဏ်(ပြည်)

$
0
0

ဗိုလ်ချုပ်အောင်ဆန်း ကျောက်ရုပ်ကိုမြို့တစ်မြို့တွင်စိုက်ထူမည်ပြုရာ ထိုမြို့ထိုနယ် မှ အချို့သောပုဂ္ဂိုလ်များကကန့် ကွက်ကြပါသတဲ့ ။ သူတို့ ၏အကြောင်းပြချက်ကား ဗိုလ်ချုပ်အောင်ဆန်းသည် သူတို့ လူမျိုးတို့ ၏ခေါင်းဆောင်မဟုတ်ဟူသော သဘောဖြင့် ကန့် ကွက်ကြခြင်းဖြစ်သည် ။ အခြားမြို့တစ်မြို့ကလည်း ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ်ရုပ်တု စိုက်ထူလိုသူများကို ဗိုလ်ချုပ်အောင်ဆန်း ပေးထာသောကတိက၀တ်များကို တိုင်းရင်းသားများအကုန်အစင် မရသေးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု သူတို့ မြို့တွင် မတည်ရှိသင့်သေးသလိုလိုပြောကြသည် ။ မြစ်ကူးတံတားတစ်ခု၏အမည်ကိုလည်း ဗိုလ်ချုပ်အောင်ဆန်းတံတားဟုအမည်ပေးဖို့ပြည်နယ်အစိုးရကစီစဉ်သည်ကိုပြည်နယ်သားအချို့ကကန့် ကွက်ကြသည်ဟုကြားသိရပါသည် ။ ဤကိစ္စအားလုံးအတွက် စိတ်မကောင်းဖြစ်ရုံမျှသာမက နိုင်ငံတော်အနာဂါတ်အတွက်လည်းရင်လေးမိပါသည် ။

လူမျိုးစွဲဒေသစွဲစိတ်သည် အတိုင်းအတာတစ်ခုအထိကောင်းပါသည် ။လိုအပ်ပါသည် ။ ကိုယ့်ဒေသ ကိုယ့်လူမျိုးကိုတိုးတက်စေချင်သောစိတ်ဓာတ်ဖြင့် အပြိုင်အဆိုင်ကြိုးစားကြခြင်းကား ကောင်းမြတ်ပေ၏ ။ သို့ သော် ကိုယ့်ဒေသ ကိုယ့်လူမျိုးမှလွဲလျှင် အခြားဒေသအခြား လူမျိုးများအပေါ်လုံးလုံးမုဒိတာမထားနိုင်သော စိတ်မျိုး ၊ မရှုဆိတ်နိုင်သောစိတ်မျိုးကား အစွန်းရောက်စိတ်ဓာတ်များဖြစ်သည် ။ ကျွန်တော်တို့သည် ဗိုလ်ချုပ်အောင်ဆန်းကိုလေးစားကြခြင်းမှာ ဗမာလူမျိုးတစ်ယောက်ဖြစ်နေ၍လေးစားခြင်းမဟုတ် ။ မကွေးတိုင်း နတ်မောက်တွင်မွေးဖွားခြင်းကြောင့်ခေါင်းဆောင်အဖြစ်သတ်မှတ်ကြခြင်းမဟုတ် ။ သူ၏ စိတ်ဓာတ်နှင့် နိုင်ငံရေးခံယူချက်ကြောင့် ၊ အရည်အချင်းကြောင့်၊ ကိုယ်ကျိုးစွန့် မှုများကြောင့်သာ နိုင်ငံတော်၏မမေ့အပ်သောခေါင်းဆောင်များအဖြစ်အသိအမှတ်ပြုနေကြခြင်း ဖြစ်သည် ။ လူမျိုးစွဲဖြင့်မျက်စေ့စုံမှိတ်ထောက်ခံနေခြင်းမဟုတ်ပါပေ ။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာဖြစ်စေ ၊ရှမ်းဖြစ်စေ ၊မွန်ဖြစ်စေ ၊ရခိုင်ဖြစ်စေ ၊ ကချင်ဖြစ်စေ ကျွန်တော်တို့ကချစ်နေ လေးစားနေ ကြည်ညိုနေကြမည်သာဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်း တစ်ဘ၀လုံးကိုပေးဆပ်၍ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ခြင်းသည်လည်း ဗမာလူမျိုးဖြစ်၍ ဗမာများကောင်းစားအောင်လုပ်မည်ဆိုသောစိတ်ဓာတ်စိုးစေ့မျှမရှိကြောင်း ပြည်ထောင်စုတစ်ခုလုံး ၊တိုင်းရင်းသားအားလုံး လွတ်လပ်စေလိုသော ဆန္ဒ ၊ကောင်းစားစေလိုသောဆန္ဒဖြင့်သာရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်းကို အတိတ်က တိုင်းရင်းသားခေါင်းဆောင်များ ဗိုလ်ချုပ်အောင်ဆန်းနှင့် တသွေးတည်းတသားတည်းရပ်တည်ခဲ့ခြင်းကိုကြည့်၍သိနိုင်ပါသည် ။ ဗိုလ်ချုပ်အောင်ဆန်းအင်္ဂလန်သို့ လွတ်လပ်ရေးဆွေးနွေးရန် အင်္ဂလန်နိုင်ငံလန်ဒန်မြို့ သို့ ရောက်နေစဉ် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာတို့ ၏ခေါင်းဆောင်သာဖြစ်ပြီး တိုင်းရင်းသားတို့ ၏ ခေါင်းဆောင်ကိုယ်စားလှယ်မဟုတ်ကြောင်း ရှမ်းစော်ဘွားအချို့က အင်္ဂလန်သို့ သံကြိုးစာပို့ ၍ ပွဲဖျက်ခဲ့ဖူးသည် ။ သို့ သော် တိုးတက်သောရှမ်းခေါင်းဆောင်အချို့နှင့် ရှမ်းပြည်သူလူထုက ဗိုလ်ချုပ်အောင်ဆန်းကိုထောက်ခံကြောင်း ထောက်ခံဆန္ဒပြပွဲတွေခြိမ့်ခြိမ့်သဲသဲလုပ်ကာ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားတို့၏ခေါင်းဆောင်ဖြစ်ကြောင်း သံကြိုးထပ်ဆင့်ပို့ သောအခါမှထိုကဖျက်ကယက်လုပ်ရပ်မှာ ကင်းလွတ်သွားဖူးပါသည် ။

ကျွန်တော်တို့သည် ပြည်ထောင်စုကြီးတွင်နေလျှင် ပြည်ထောင်စုစိတ်ဓာတ်မွေးနိုင်ရမည်ဖြစ်သည် ။သူ့ ခေါင်းဆောင် ၊ သူ့ လူမျိုး ၊ငါ့ခေါင်းဆောင် ငါ့လူမျိုးစသည်ဖြင့်ကျဉ်းမြောင်းသောလူမျိုးရေးစိတ်ဓာတ်နှင့်ချဉ်းကပ်နေလျှင်ရှေ့ ကိုရောက်နိုင်မည်မဟုတ်ပါ ။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာလူမျိုးဖြစ်သော်လည်း တိုင်းပြည်ကောင်းအောင်လုပ်သွားသော ခေါင်းဆောင်တစ်ယောက်အဖြစ် အားလုံးကလက်သင့်ခံနိုင်သောစိတ်ဓာတ်ရှိရပါမည် ။ မိုင်းပွန်စော်ဘွားကြီးစ၀်စံထွန်းသည် ရှမ်းတိုင်းရင်းသားတစ်ယောက်ဖြစ်သော်လည်း ပြည်ထောင်စုအပေါ်ကျေးဇူးရှိသဖြင့်အားလုံးကလေးစားကြသည်သာဖြစ်သည် ။ ဆမားဒူးဝါးဆင်ဝါးနောင်ကို ဗမာအပါအ၀င် တိုင်းရင်းသားအားလုံးက လေးစားကြရမည်သာဖြစ်သည် ။ ဦးရာဇာတ်ကို မူဆလင်များသာမက ဗုဒ္စဘာသာဝင်များ ၊ခရစ်ယန်များကလည်း သူ့ အရည်အချင်းအတွက်လေးစားရမည်သာဖြစ်သည် ။ ဦးအောင်ဇံဝေကိုရခိုင်များသာမက အားလုံးကလေးစားသင့်သည်သာဖြစ်သည် ။ စောစံဖိုးသင်၊စောဘဦးကြီး ကို ကရင်များသာမက အခြားတိုင်းရင်းသားတို့ကလည်းလေးစားသင့်သည်သာဖြစ်သည် ။ ဘာလူမျိုးညာလူမျိုး ဘာဘာသာ ညာဘာသာ ဆိုသည်မှာ အပေါ်ယံတွင်ကပ်ထားသော တံဆိပ်များဖြစ်သည် ။ ထိုတံဆိပ်များကိုကြည့်၍ ဆုံးဖြတ်လျှင်အပေါ်ယံကြောအမှန်တရားကိုပဲရမည် ။ ထိုတံဆိပ်များထက်အရေးကြီးသည်မှာ တိုင်းပြည်အတွက် ဘာတွေလုပ်ခဲ့သလဲ ၊ဘယ်လောက်အလုပ်လုပ်ခဲ့သလဲ ၊ဘယ်သူ့ ဘက်ကရပ်တည်ခဲ့သလဲဆိုတာသည်သာ အလေးထားထိုက်သောအနှစ်အသားဖြစ်သည် ။ ဗမာအပါဝင် ၁၃၅ မျိုးသော ပြည်ထောင်စုနိုင်ငံသားလူမျိုးစုအားလုံးသည် ၀ါးလုံးခေါင်းထဲတွင်လသာမနေပဲ ပြည်ထောင်စုစိတ်ဓာတ်မွေးကာ အမြင်ကျယ်ကျယ်ဖြင့် ကမ္ဘာကိုကြည့်ဖို့  ၊ ပြည်ထောင်စုကြီးကိုကြည့်ဖို့ အချိန်တန်ပြီဖြစ်ပါကြောင်း ။

သရ၀ဏ်(ပြည်)

လစ်လပ်မဲဆန္ဒနယ်က မဲဆန္ဒ ရှင်တွေ ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်စားမှု နည်းနေကြောင်း PACE အဖွဲ့ ထုတ်ပြန်

$
0
0
PACE အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်
PACE အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: Thiha Tun/ RFA

လစ်လပ်မဲဆန္ဒနယ်တွေက မဲဆန္ဒရှင် အများစုဟာ ကြားဖြတ်ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိတာကို တွေ့ရှိရကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်တဲ့ PACE အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းကစပြီး ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် ပြည်နယ်နဲ့တိုင်းဒေသ ၈ ခု က လစ်လပ်မဲဆန္ဒနယ်မြေတွေမှာ မဲဆန္ဒရှင်စာရင်း လိုက်လံကောက်ယူရင်း တွေ့ရှိရတာဖြစ်တယ်လို့ PACE အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့် က ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာကို မြို့ပြက မဲဆန္ဒရှင်တွေရဲ့ ဖြေဆိုသူ ၆၀ ရာခိုင်နှုန်း ကျော်လောက်ကသာ သိရှိကြပြီး ကျေးလက်ဒေသမှာတော့ ၅၄ ရာခိုင်နှုန်းလောက်သာ သိရှိကြတယ်လို့ ပြောပါတယ်။

လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ်မြေ ၁၉ ခုမှာ ကျင်းပမှာဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ ၂ သန်းရှိတယ်လို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ကြေညာထားပါတယ်။

မဲဆန္ဒရှင်စာရင်းတွေကိုလည်း ထုတ်ပြန်ကြေညာထားပြီးဖြစ်ပေမယ့် လာရောက်ကြည့်ရှုကြသူတွေ မရှိ သလောက် နည်းနေတယ်လို့လည်း PACE အဖွဲ့က ပြော ပါတယ်။
RFA

ဦးကိုနီလုပ်ကြံမှု အစိုးရ သတင်းထုတ်ပြန်မှု အားနည်းနေသေး

$
0
0

NLD ဥပဒေအကြံပေး ဦးကိုနီ။ ဇန်န၀ါရီ ၁၃။ ၂၀၁၆။
NLD ဥပဒေအကြံပေး ဦးကိုနီ။ ဇန်န၀ါရီ ၁၃။ ၂၀၁၆။
ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ သေနတ်ပစ် လုပ်ကြံခံရတဲ့ NLD ပါတီဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီအမှုနဲ့ပတ်သက်လို့ အစိုးရနဲ့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့က ခုချိန်ထိ သတင်းထုတ်ပြန်မှု အားနည်းနေသေးတယ်လို့ သတင်းသမားတွေက ဝေဖန်လိုက်ကြ ပါတယ်။ ဦးကိုနီ လုပ်ကြံခံရတာ ၂ ပတ်ပြည့်လာတဲ့ အချိန်ထိ ပြည်သူတွေ သိသင့်သိထိုက်တဲ့ နောက်ဆက်တွဲ သတင်းအချက်လက်တွေ ထုတ်ပြန်တာမျိုး မတွေ့ရသေးဘူးလို့ ထောက်ပြကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

ဇန်န၀ါရီ ၂၉ ရက်နေ့က ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တာ အခုဆို ၂ ပတ်ပြည့်လာပြီဖြစ်ပါတယ်။ လုပ်ကြံမှုအပြီး အချိန်ပိုင်းအတွင်းမှာပဲ သေနတ်သမား ဦးကြည်လင်းကို လေဆိပ်ပိုင်နက်မှာ ဖမ်းမိခဲ့ပြီး၊ အခု ၂ ပတ်ကြာလာတဲ့အချိန်အတွင်း လုပ်ကြံမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ဦးအောင်ဝင်းဇော်ကို ဇန်နဝါရီလ ၃၀ ရက် မနက် ၄နာရီကျော် ဘာအံမြို့က သံလွင်တံတားမှာ ဖမ်းမိခဲ့တယ် ဆိုတဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ ဖေဖေါ်ဝါရီလ ၃ ရက် သတင်းထုတ်ပြန်ချက်ကလွဲလို့ အခြားသတင်းအချက်အလက်တွေကို အစိုးရပိုင်းကရော ဒီအမှုကို ကိုယ်တွယ်စစ်ဆေးနေတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကပါ သေချာ ထုတ်ပြန်ပေးတာမျိုး မရှိသေးဘူးလို့ သတင်းသမားတွေဖက်က ဝေဖန်နေတာ ဖြစ်ပါတယ်။ ဒါဟာ သက်ဆိုင်ရာက သတင်းထိန်ချန်ချင်တဲ့ သဘောများလားလို့ သံသယဝင်မိကြောင်း ဦးကိုနီ လုပ်ကြံခံရမှုကို စုံစမ်းဖေါ်ထုတ် ရေးသားဖို့ကြိုးစားနေတဲ့ Myanmar Now သတင်းဌာန အယ်တီတာချုပ် ကိုဆွေဝင်းက ပြောပါတယ်။

“ဒီအခြေအနေတခုလုံးက နိုင်ငံရေးနဲ့ဆက်နွယ်နေတယ်ဆိုတာ အားလုံးလည်းနားလည်ကြတယ်၊ ဒါကြောင့်မို့လို့ အစိုးရအနေနဲ့ ၊ အစိုးရဆိုတာထက် ကျနော်တို့ တိတိကျကျပြောရမယ်ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာန နဲ့ တပ်မတော်ပေါ့ဗျာ၊ စစ်တပ်ကနေပြီးတော့ ဒီသတင်းအချက်အလက်အပေါ်ကို သူတို့လိုသလို ကစားလို့ရအောင် သတင်းအမှောင်ချထားတာလို့ပဲ ကျနော်တို့ကနားလည်တယ်။ နောက်ပြီးသူတို့ပြောတဲ့ ကွင်းဆက်တရားခံတွေ မလွှတ်မြောက်သွားအောင် မထုတ်ပြန်သေးဘူးဆိုတာကလည်း လုံလောက်တဲ့ အကြောင်းပြချက်လည်းမဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ CCTV မှတ်တမ်းမှာရှိတဲ့ မသင်္ကာဖွယ်ရာ ဓါတ်ပုံတွေဆိုတာက ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့ ဖမ်းရတာ၊ ဒါက မြန်မာနိုင်ငံမှာတင်မဟုတ်ဘူး တကမ္ဘာလုံးမှာ ဒီလိုပဲ ဖမ်းကြရတာ၊ ၂၄ နာရီအတွင်းမှာ ထုတ်ပြန်တယ်၊ ပြီးတော့ ဒီလူတွေအားလုံး နယ်စပ်တွေမကျော်သွားအောင် ဆိုပြီးတော့ လုပ်နေကြတာ။ ဆိုတော့ အခု ၂ ပတ်ကြာလာပြီ ဒါနဲ့ပတ်သက်ပြီးတော့မှ ဘာမှ မထုတ်ပြန်ပေးဘူး ၊ နောက်ပြီးတော့ ပထမတရားခံကနေ ရရှိလာတဲ့ သတင်းအချက်အလက်တွေကို ပြည်သူလူထုကို ဘာမှ တိတိကျကျ မထုတ်ပြန်ပေးဘူးဆိုတာက လုံခြုံရေးအရ လိုအပ်လို့ လျှို့ဝှက်ထားတယ်ဆိုတာထက် သတင်းအမှောင်ချထားတယ်လို့ပဲ ကျနော်တို့က ပြောချင်ပါတယ်ခင်ဗျ။”

သေနတ်သမား ဦးကြည်လင်းရဲ့ထုတ်ဖေါ်ချက်အရ နောက်ဆက်တွဲ ဖမ်းဆီးထားတဲ့ ဦးအောင်ဝင်းဇော်ကို သူနောက်ဆုံးနေထိုင်ရာ ရန်ကုန် သာကေတ ထူပါရုံအရှေ့ ၁၆ လမ်းက နေအိမ်ကို လုံခြုံရေးတပ်ဖွဲ့နဲ့အတူ ခေါ်ဆောင်လာပြီး အိမ်ကိုဝင်ရှာခဲ့တဲ့ အကြောင်းတွေ ပြည်တွင်း သတင်းဌာနတချို့က ရေးသားခဲ့ကြပေမယ့် သူ့အိမ်ကို ဘာအတွက်ခေါ်လာပြီး ဘာပစ္စည်းတွေ သိမ်းဆည်းသွားတယ်၊ သူ့ရဲ့နောက်ကြောင်း ရာဇဝင်က ဘာတွေဖြစ်တယ် စတာတွေကို အစိုးရက ရှင်းလင်းဖေါ်ပြတာမျိုး ခုထိမရှိသေးပါဘူး။ ဒါတွေဟာ အစိုးရအနေနဲ့ သတင်းကို လိုသလို ထိန်းချုပ်နိုင်ဖို့ လုပ်နေတာများလားလို့ အတွေးဝင်မိကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။

“တကယ်တော့ ပြည်ထဲရေးက ဒီကိစ္စကို တိုက်ရိုက်ထုတ်ပြန်ရမှာပါ။ နိုင်ငံတော်သမ္မတရုံးနဲ့ ထုတ်ပြန်တာကတော့ သိပ်တော့မဆီလျော်ဘူးလို့ထင်တယ်။ ဆိုလိုချင်တာက Information ကို Control လုပ်ချင်လို့ လုပ်တဲ့သဘောမျိုးလို့ အဲလိုမျိုး ကောက်ချက်ချစရာဖြစ်နေတယ်။ တကယ်တမ်းကျတော့ ပြည်ထဲရေးက ရဲလုပ်ထုံးလုပ်နည်းလည်း သူတို့နားလည်ပါတယ်။ ဘယ်ဟာပြောလို့ရတယ်၊ မရဘူးဆိုတာ ။ဒီကိစ္စလည်း ပြောလို့ရတဲ့ဟာမျိုးတို့ ပြောဖို့၊ သူတို့ထုတ်ပြန်နိုင်တဲ့ဟာကို ရဲတွေက ထုတ်ပြန်ဖို့ ဒါက အစဉ်အလာဖြစ်စေချင်တယ် ။ ၂ ပတ်ကြာတဲ့အထိ အခြေအမြစ်ခိုင်ခိုင်မာမာမပြောနိုင်သေးတာ မဖော်ထုတ်နိုင်သေးတာကတော့ဖြင့် ခေါင်းဆောင်ရည်ညံ့တာလား ၊ ဒါမှမဟုတ် တခြားသော နိုင်ငံရေးအရ ဆက်နွယ်မှုတို့ကြောင့် ဖုံးဖိထားတာလား ဆိုတာမျိုး သံဿရဖြစ်စရာ ဖြစ်နေပါတယ်။”

ဒီလို ဝေဖန်မှုတွေနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်းသိရအောင် သမ္မတရုံးပြောခွင့်ရသူနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူတွေကို VOA က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားမှု မရှိပါဘူး။ ဦးကိုနီကို လူမြင်ကွင်းထဲ လုပ်ကြံခဲ့တာဟာ NLD အစိုးရလက်ထက် တိုင်းပြည်ဟာ ငြိမ်သက်မှုမရှိပဲ လုံခြုံရေးကင်းမဲ့နေပြီဆိုတဲ့ အမြင်မျိုးကို လုပ်ကြံသူတွေဘက်က ဖေါ်ဆောင်လိုတဲ့ဆန္ဒ ရှိကြောင်း သုံးသပ်သူ ကတော့ Myanmar Now အယ်တီတာချုပ် ကိုဆွေဝင်းဖြစ်ပါတယ်။

“ဦးကိုနီကို လုပ်ကြံတဲ့အခါမှာ လူမျိုးခြား၊ ဘာသာခြားဆိုတာကို ရွေးချယ်တာလည်းပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ တိုက်တိုက်တွန်းတွန်း ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တယောက်ကို လုပ်ကြံတယ်။ လုပ်ကြံတဲ့အခါမှာလည်း လူတွေ ထိန့်လန့်တုန်လှုပ်လောက်အောင် အထင်ကရ လေဆိပ်လိုမျိုးမှာ လုပ်ကြံတယ်ဆိုတာ ဒါတွေအားလုံးက ဒီအရပ်သားအစိုးရလက်ထပ်မှာဆိုရင် တိုင်းပြည်က မငြိမ်မသက် ဖြစ်တယ်ဆိုတာမျိုးကို ဖန်တီးချင်တယ်၊ ပြည်သူလူထုတွေအားလုံး လုံခြုံရေးအရ အယုံအကြည်ကင်းမဲ့ သွားတယ်ဆိုတဲ့ အခြေအနေကို ဖန်တီးချင်တဲ့ လူတစု၊ ဒါမှမဟုတ်ရင် လူပုဂ္ဂိုလ်တွေကနေပြီးတော့ ဖန်တီးတယ်လို့ ကျနော်တို့မြင်တယ်ခင်ဗျ။”

မြန်မာသမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကတော့ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်သူတွေကို စစ်မေးချက်တွေနဲ့ နောက်ဆက်တွဲ အခြေ အနေတွေကို ထုတ်မပြောနိုင်ရတာဟာ ဒီအမှုတွက် ဆက်စပ်တရားခံတွေ ဖေါ်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် အဟန့်အတား မဖြစ်ရအောင် ဆောင်ရွက်နေခြင်းသာ ဖြစ်တယ်လို့ သတင်းဌာနတွေကို အစောပိုင်းက ဖြေကြားခဲ့ဖူးပါတယ်။
VOA Burmese News

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က မိဘမဲ့ကလေးများကို အဟာရ လှူဒါန်း

$
0
0
ယနေ့ ဖေဖော်ဝါရီ ၁၃ရက်တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၂)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် မိဘမဲ့ကလေးများအား နေ့လည်စာ အဟာရ လှူဒါန်းသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင်ငွေကျပ် ၂၇သိန်း ၆သောင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး တောင်ကြီးမြို့ရှိ ပရဟိတဂေဟာများမှ ကလေးငယ် စုစုပေါင်း ၂၄၀ဦးအား အဟာရ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
“ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ။ အသက်(၁၀၀)ကျော်အောင် နေနိုင်ကြပါစေ။ နိုင်ငံ့ရဲ့အကျိုးကို အကျိုးပြုနိုင်ကြပါစေ” ဟု ဗိုလ်ချုပ်အောင်ဆန်း၏(၁၀၂)နှစ်ပြည့် အထိမ်းအမှတ် အဟာရကျွေးမွေးလှူဒါန်းခြင်း အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ကလေးငယ်များအား ဆုတောင်းပေးခဲ့သည်။

အခမ်းအနားတွင် ဓမ္မဝိဒူ လူငယ်ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းလူငယ်ဖွံ့ဖြိုးရေး၊ အမျိုးသမီးစတဲ့ ပရဟိဂေဟာများ၊ ဒေါ်ကြီးဒေါ်ငယ်၊ Open Door၊ အ၀ါရောင်မျိုးဆက်သစ် လူငယ်ပရဟိတ အသင်း၊ ဘုရားဖြူ(ခရစ်ယန်)မသန်စွမ်းဂေဟာ၊ စိတ္တသုခ၊ အောင်ချမ်းသာနဲ့ မိဘမေတ္တာ ပရဟိတဂေဟာတို့က ကလေးငယ် စုစုပေါင်း ၂၄၀ ဦး တက်ရောက်ခဲ့သည်။
===========
Mizzima - News in Burmese
http://www.mizzimaburmese.com/article/23503

ပြည်ဝင်ခွင့်ဗီဇာမရမှုကြောင့် ကုလသမဂ္ဂအစည်းအဝေး ကို ပါကစ္စတန် သပိတ်မှောက်

$
0
0

အစ္စလာမ္မာဘတ် ၊ ၁၄-၂-၂၀၁၇

နာမည်ကျော် အစ္စလာမ္မစ်နိုင်ငံရေးသမား ပါကစ္စတန် အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ၏ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ အချိန်မီ မရမှုကြောင့် ယမန်နေ့တွင် ကျင်းပသည့် ကုလသမဂ္ဂ အစည်းအဝေး တစ်ခုကို ပါကစ္စတန်နိုင်ငံ က သပိတ်မှောက် ခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။

ထိုသို့ ပါကစ္စတန် အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဗ္ဗဒူလ်ဂါး ဖော်လ်ဟိုင်ဒါရီ ၏ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ အချိန်မီ မရမှုနှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်  ၏ မွတ်စလင် ခုနစ်နိုင်ငံ လူဝင်မှု ပိတ်ပင်ရေး အမိန့် ညွှန်ကြားချက် တို့အကြား သက်ဆိုင်မှုရှိ၊ မရှိ မသိရ သေးကြောင်း သိရသည်။

ပါကစ္စတန် အစ္စလာမ္မစ် ပါတီတစ်ခု၏ ခေါင်းဆောင် ဖြစ်သော အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဟိုင်ဒါရီ သည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၄ ရက်ထိ ကျင်းပမည့် နိုင်ငံတကာ ပါလီမန်များ သမဂ္ဂ အစည်းအဝေး သို့ တက်ရောက်ရန် စီစဉ်ထားသည်။

သို့သော် ဟိုင်ဒါရီသည် နယူးယောက်မြို့ သို့ ထွက်ခွာရမည့် အချိန်ထိ အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ မရခဲ့ခြင်းကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရာ ၄င်းနှင့် လိုက်ပါမည့် ကိုယ်စားလှယ် အဖွဲ့ကလည်း ယင်း အစည်းအဝေးကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် ပါကစ္စတန် အထက်လွှတ်တော် ဥက္ကဋ္ဌ ၏ အမေရိကန် ပြည်ဝင်ခွင့် အချိန်မီမရမှုနှင့် ပတ်သက်၍ အစ္စလာမ္မာဘတ် အခြေစိုက် အမေရိကန် သံရုံးက တစ်စုံတစ်ရာ ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

ဆီးရီးယား မြို့တစ်မြို့ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များအား ထပ်မံဖျက်ဆီးရန် IS စစ်သွေးကြွအဖွဲ့ ကြိုးစားနေကြောင်း ရုရှားပြောကြား

$
0
0


IS စစ်သွေးကြွတို့၏ ဖျက်ဆီးခြင်းခံခဲ့ရသောPalmyraမြို့ ရှိ ရှေးဟောင်းအမွေအနှစ်များအားတွေ့ရစဉ် (ဆင်ဟွာ)
    မော်စကို၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

    ဆီးရီးယားနိုင်ငံ ၏ ရှေးဟောင်းမြို့တစ်မြို့ဖြစ်သည့် Palmyraမြို့တွင် ကျန်ရှိနေသော ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ပစ္စည်းများအား ဖျက်ဆီးရန် IS စစ်သွေးကြွအဖွဲ့ ကြိုးပမ်းနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာန က ဖေဖော်ဝါရီ ၁၃ ရက်တွင်ပြောကြားခဲ့သည်။

Palmyraမြို့တွင် IS စစ်သွေးကြွအဖွဲ့၏ လှုပ်ရှားမှုများ မြင့်တက်လာသည်ကို ရုရှား မောင်းသူမဲ့လေယာဉ်ဖြင့် ထောက်လှမ်းတွေ့ရှိခဲ့ပြီး ယင်းလှုပ်ရှားမှုများသည် IS တို့က ၎င်းတို့ မဆုတ်ခွာခင် ဗိသုကာလက်ရာများအား ထပ်မံဖောက်ခွဲဖျက်ဆီးပစ်ရန် ဖောက်ခွဲရေး ပစ္စည်းများအား သယ်ဆောင်နေခြင်းကို ညွှန်ပြနေကြောင်း သိရသည်။


အကြမ်းဖက်သမားများ သည် Palmyraမြို့အား ၂၀၁၅ခုနှစ်တွင် သိမ်းပိုက်ခဲ့ကတည်းက အဖိုးတန်ယဉ်ကျေးမှု အနုပညာရှေးဟောင်းပစ္စည်းအရေအတွက်များစွာကို ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ရုရှားစစ်လေယာဉ်များ ၏ အထောက်အကူဖြင့် Palmyraမြို့မှ ၂၀ကီလိုမီတာထက်နည်းသော အကွာအဝေးမှ အကြမ်းဖက်သမားများအား တိုက်ခိုက်နေသော ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်များသည် မြို့အနီးသို့ ပိုမိုချဉ်းကပ်ကာ တိုက်စစ်ဆင်လာ၍ IS တို့သည် ရှေးဟောင်းပစ္စည်းများအား ထပ်မံဖျက်ဆီးရန် ပြင်ဆင်နေကြကြောင်း သိရသည်။

၂၀၁၆ခုနှစ် မတ်လတွင် ရုရှားဂျက်လေယာဉ်များအား ကျောထောက်နောက်ခံပြုထားသည့် ဆီးရီးယားအစိုးရတပ်များသည် Palmyraမြို့ရှိ IS တို့အား တိုက်ထုတ်ခဲ့သော်လည်း ဒီဇင်ဘာလတွင် Palmyraမြို့အား ISတို့က ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com

ကျောက်စိမ်းအရိုင်းတုံးတွေ တရားမဝင် သယ်ဆောင်လာသူတွေကို ဖမ်းဆီးအမှုဖွင့်

$
0
0


( ဓါတ်ပုံ - ကျောက်စိမ်းအရိုင်းတုံးတွေကို တွေ့ရစဉ် )
ကချင်ပြည်နယ် ဖားကန့်ကနေ ကျောက်စိမ်းအရိုင်းတုံးတွေကို တရားမဝင် သယ်ဆောင်လာတဲ့ ယာဉ် ၉ စီးကို မိုးညှင်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး သယ်ဆောင်လာသူ ၂၀ ကျော်ကို ကျောက်မျက်ဥပဒေ ပုဒ်မ ၄၂ နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ကျောက်စိမ်းအရိုင်းတုံး အရွယ်အစားမျိုးစုံကို ကား ၉ စီး ရဲ့ အောက်ခင်းကြမ်းပြင်မှာ ဝှက်ပြီးသယ်ဆောင်ခဲ့သူတွေကို ဖမ်းမိထားတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံး က ဒုတိယရဲမှူးကြီး မျိုးသူရနောင် က အခုလိုပြောပါတယ်။

မိုးညှင်းနယ်မြေခံတပ်မတော်က နောက်ထပ်ဖမ်းမိတာတွေရှိတဲ့အတွက် လောလောဆယ်မှာ အရေအတွက် အတိအကျကိုအတည်မပြုနိုင်သေးကြောင်းနဲ့ ဖမ်းဆီးရမိပြီး စစ်ဆေးနေတဲ့ အခြေအနေတွေကိုသာ အတည်ပြုနိုင်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးဒီဆင်းရမ်က ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသကနေ တရားမဝင်ကျောက်စိမ်းသယ်ယူမှုကြောင့် မကြာခဏဖမ်းဆီးရမိမှုတွေရှိနေရာ အများစုဟာ တရုတ်ပြည်ဘက်ကို နည်းလမ်းမျိုးစုံနဲ့ တရားမ၀င် သယ်ထုတ်နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းကလည်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း ဝိုင်းမော်မြို့ကနေတဆင့် တရုတ်ပြည်ဘက် တရားမဝင်သယ်ဆောင်မဲ့ ကျောက်စိမ်းအရိုင်းတုံး တန်ချိန် လေးဆယ်ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

အင်ဒိုကျောင်းသားတွေ ဗယ်လင်တိုင်း မနွှဲရ

$
0
0


ချစ်သူများနေ့ကို ဆန္ဒပြ
အင်ဒိုနီးရှား နိုင်ငံ တချို့ ဒေသတွေမှာ အပျော်အပါး လွန်ကျူးမှု ဖြစ်စေတယ် ဆိုပြီး ကျောင်းသားတွေကို ဗယ်လင်တိုင်းနေ့ခေါ် ချစ်သူများနေ့ ဆင်နွှဲခွင့် ပိတ်ပင်ခဲ့ပါတယ်။

မက်ကာဆာ မြို့မှာ ရဲက စတိုးဆိုင်တွေကို ဝင်စီးပြီး ကွန်ဒုံးတွေကို သိမ်းဆည်းခဲ့ပါတယ်။

ဈေးဝယ်သူတွေက တိုင်ကြလို့ ကွန်ဒုံးတွေကို သိမ်းရတာလို့ မက်ကာဆာ မြို့တော်ဝန်က ဘီဘီစီကို ပြောပါတယ်။

ဆက်လက် ရောင်းချမှုကိုတော့ ခွင့်ပြုမယ်လို့ သူက ဆိုပါတယ်။

အင်ဒိုနီးရှားရဲ့ ဒုတိယ အကြီးဆုံး ဆူရာဘာယာ မြို့မှာတော့ ချစ်သူများနေ့ဟာ ယဉ်ကျေးမှု နဲ့ လူမှုရေး စံနှုန်းတွေနဲ့ မလျော်ညီလို့ ဆိုပြီး ကျောင်းသား တွေကို မဆင်နွှဲဖို့ အာဏာပိုင်တွေက တားမြစ် ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

ရုရှနဲ့ ဆက်သွယ်ခဲ့တဲ့ ထရမ့်ရဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေး ရာထူးက နှုတ်ထွက်

$
0
0


ရုရှနဲ့ ဆက်သွယ်ခဲ့တဲ့ ထရမ့်ရဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေး ရာထူးက နှုတ်ထွက်
အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေး တဦး ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုက်ကယ်ဖလင်း ရာထူးက နှုတ်ထွက်သွားကြောင်း အိမ်ဖြူတော် သမ္မတရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒေါ်နယ်ထရမ့် သမ္မတ ရာထူး မယူမီ မိုက်ကယ်ဖလင်းဟာ ရုရှ သံအမတ်ကြီးနဲ့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ စပ်လျဉ်းပြီး တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အစွပ်စွဲခံခဲ့ရပါတယ်။

အမေရိကန်နိုင်ငံမှာ သာမန် ပြည်သူပြည်သားတွေဟာ အစိုးရရဲ့ သံတမန်ရေးရာတွေကို ဝင်ရောက် ဆောင်ရွက်ခွင့် မရှိပါဘူး။ ဖလင်းရဲ့ ရုရှ သံတမန်နဲ့ စကားပြောဆိုမှုဟာ သူ အကြံပေး ရာထူး မရခင် မနှစ် နှောင်းပိုင်း က ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ ဖလင်းဟာ ဒီလို စကားပြောခဲ့မှုနဲ့ ပတ်သက်ပြီး အစိုးရ တာဝန်ရှိသူတွေကို ဖြေရှင်းရာမှာ မှားယွင်းတဲ့ သတင်းအချက်အလက်တွေကို ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

အရင်လကုန်ပိုင်းလောက်မှာ ဖလင်းရဲ့ ရုရှနဲ့ ဆက်သွယ်ခဲ့မှုတွေ အကြောင်းကို အစိုးရ တရားရေးဌာနက အိမ်ဖြူတော်ရုံးကို သတိပေးခဲ့တယ်လို့ အမေရိကစာနယ်ဇင်းတွေက ရေးသားကြပါတယ်။ ဒါ့အပြင် ဖလင်းဟာ ရုရှရဲ့ အကျပ်ကိုင်ခံရနိုင်တဲ့ အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်။

ပြိုင်ဘက် ဒီမိုကရက်တစ် အကြီးတန်း အမတ် တချို့ကလည်း မိုက်ကယ်ဖလင်းကို သမ္မတ အကြံပေး ရာထူးက ထုတ်ပစ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ကနဦးတုန်းကတော့ မိုက်ကယ်ဖလင်းဟာ ရုရှနဲ့ အရေးယူပိတ်ဆို့မှုတွေ အကြောင်း ဆွေးနွေးမှု မရှိခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ဒုသမ္မတ မိုက်ပန့်စ်ကလည်း သူ့ကိုယ်စား စွပ်စွဲမှုတွေကို လူသိရှင်ကြား ငြင်းဆန်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ တနင်္လနေ့မှာတော့ အမေရိကန် မီဒီယာတွေက သူ့ရဲ့ ဖုန်းခေါ်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဖွင့်ချ ခဲ့ရာမှာ ဖလင်းအတွက် ဖိအားတွေ ပိုမို ဖြစ်လာခဲ့ပါတယ်။

မိုက်ကယ်ဖလင်းဟာ ရုရှနဲ့ နီးစပ်သူ အဖြစ် အစကတည်းက မေးခွန်းထုတ်ခြင်း ခံခဲ့ရသူပါ။ ၂၀၁၅ ဒီဇင်ဘာ တုန်းက ပွဲတခုမှာ သူနဲ့ ရုရှ ဗလာဒီမီယာပူတင် တို့ တစားပွဲတည်း ထိုင်ပြီး ညစာစားနေတဲ့ ဓာတ်ပုံ မှတ်တမ်း ရှိခဲ့ပါတယ်။

သမ္မတ အိုဘားမား လက်ထက် တပ်မတော် ထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲ ရာထူးက ထုတ်ပယ်ခံရဖူးတဲ့ ဖလင်းဟာ သမ္မတသစ် ထရမ့်ကို မဲဆွယ်ကာလတွေကတည်းက တစိုက်မတ်မတ် ထောက်ခံ အားပေးလာခဲ့ တဦးပါ။

အမေရိကန်နိုင်ငံမှာ နိုင်ငံတကာရေးရာတွေနဲ့ ကာကွယ်ရေးကဏ္ဍ အတွက် နိုင်ငံတော် လုံခြုံရေး အကြံပေး ရာထူးကို သမ္မတက တိုက်ရိုက်ခန့်အပ် ရပါတယ်။

အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ သမ္မတထရမ့် ရာထူးလွှဲပြောင်းရေး အဖွဲ့က ကာကွယ်ရေး ဆိုင်ရာ အကြီးအကဲ ဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး အငြိမ်းစား ကိကလော့ဂ်ကို သမ္မတရဲ့ ယာယီ နိုင်ငံတော်လုံခြုံရေး အကြံပေး အဖြစ် ခန့်အပ်လိုက်ကြောင်း ဖော်ပြထားပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/

ပလေးဘွိုင်က လုံးတီးပုံတွေ ပြန်သုံးမယ်

$
0
0


ပလေးဘွိုင် မဂ္ဂဇင်းရဲ့ အွန်လိုင်း ကွန်ရက် ကြော်ငြာ
နာမည်ကြီး အမေရိကန် လူမှုဘဝနဲ့ အမျိုးသား ဖျော်ဖြေရေး မဂ္ဂဇင်း ဖြစ်တဲ့ ပလေးဘွိုင် မဂ္ဂဇင်းက ကိုယ်လုံးတီး ဓာတ်ပုံတွေ ပြန်လည်ပြီးတော့ အသုံးပြုမယ်လို့ ဆိုလိုက်ပါတယ်။ ဒါဟာ မနှစ်က ပြုလုပ်ခဲ့တဲ့ ဝတ်လစ်စလစ် ဓာတ်ပုံတွေ အသုံးမပြုတော့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြန် ပြင်လိုက်တာပါ။

အခု ဆုံးဖြတ်ချက်ကို စိတ်ကူး ဖန်တီးမှုဆိုင်ရာ အရာရှိမှူးချုပ် အသစ် ဖြစ်တဲ့ ကူးပါးဟက်ဖနာက ကြေညာခဲ့ပြီး မနှစ်က ပြုလုပ်ခဲ့တဲ့ ကိုယ်လုံးတီး ဓာတ်ပုံတွေ အသုံးမပြုတော့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ မှားတယ်လို့ သူက ပြောပါတယ်။

"ဒီနေ့မှာ ကျွန်တော်တို့ရဲ့ မူလသရုပ်သဏ္ဌာန်ကို ပြန်လည် တည်ဆောက်လိုက်ပါပြီ၊ ကျွန်တော်တို့ ဘယ်သူဆိုတာကို ပြန်လည် အရယူလိုက်ပါပြီ" လို့ ဟက်ဖနာက သူ့ရဲ့ အွန်လိုင်းလူမှုကွန်ရက် တွစ်တာ မှာ ရေးထားပါတယ်။

ပလေးဘွိုင် မဂ္ဂဇင်းရဲ့ မတ်-ဧပြီ စာအုပ် အွန်လိုင်း ကွန်ရက် ကြော်ငြာမှာလည်း ကိုယ်လုံးတီးနေထိုင်မှုဟာ ပုံမှန် အနေအထား ဖြစ်တယ် ( #NakedIsNormal ) ဆိုထားပါတယ်။

ပလေးဘွိုင်ရဲ့ ဒီလို နောက်ကြောင်းပြန်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အွန်လိုင်းအသုံးပြုသူတချို့က ကြိုဆိုကြပေမယ့် တချို့ကလည်း မဂ္ဂဇင်း ရောင်းအားကျသွားလို့ ဒီလို လုပ်တာလို့ ဝေဖန်ကြသလို၊ လိင်စိတ်ကို လှုံ့ဆော်တဲ့ ညစ်ညမ်း ရုပ်ပုံတွေ အလွယ်တကူ လက်လှမ်းမီရှိနေတာဟာ မကောင်းဘူးလို့လည်း ထောက်ပြကြပါတယ်။

"ဝတ်လစ်စလစ် ဖြစ်ခြင်းကို အရင်တုန်းက မဂ္ဂဇင်းရဲ့ ပုံဖော်ခဲ့မှုတွေဟာ ခေတ်နောက်ကျသွားပြီ ဆိုတာကို ပထမဆုံး ဝန်ခံမှာက ကျွန်တော်ပါ" လို့ တနင်္လာနေ့တုန်းက မစ္စတာ ဟက်ဖနာက ပြောခဲ့ပါတယ်။

ပလေးဘွိုင် မဂ္ဂဇင်း တည်ထောင်သူရဲ့ သားဖြစ်သူ အသက် ၂၅ အရွယ် ကူးပါးဟက်ဖနာက "ကိုယ်လုံးတီးမှုဟာ ဘယ်တုန်းကမှ ပြဿနာ မဖြစ်ခဲ့ပါဘူး၊ ဘာကြောင့်ဆို ကိုယ်လုံးတီးမှု ကိုယ်နှိုက်က ပြဿနာ တရပ် မဟုတ်လို့ပါ" လို့ သူက ဆိုပါတယ်။

 သက်တမ်းရှည် မဂ္ဂဇင်း ပလေးဘွိုင်
ပလေးဘွိုင် မဂ္ဂဇင်းကို ကူးပါးရဲ့ ဖခင်ဖြစ်သူ ဟုခ်ျဟက်ဖနာက ၁၉၅၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ရာစုနှစ်ဝက်ကျော် ကြာ အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် မတ်လကစပြီး ကိုယ်လုံးတီးဓာတ်ပုံတွေ ပုံနှိပ် ဖော်ပြမှု ရပ်ခဲ့ပါတယ်။

မစ္စစ္စပီ တက္ကသိုလ်က စာနယ်ဇင်း ပါမောက္ခ ဆာမီယာဟူစနီ ကတော့ "ပလေးဘွိုင် မဂ္ဂဇင်းရဲ့ ကိုယ်လုံးတီး ပုံတွေ အသုံးမပြုတော့ဖို့ ဆုံးဖြတ်ချက်က သူ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ဖို့ထက် အားပေးမှု လျော့ကျဖို့ပဲ ဖြစ်စေခဲ့တယ်" လို့ မှတ်ချက်ပြုပါတယ်။

"ပလေးဘွိုင် နဲ့ ဝစ်လစ်စလစ်ပုံ အသုံးမပြုဘူး ဆိုတာ ဆန့်ကျင်ဘက် အဓိပ္ပာယ် ရှိတဲ့ အရာနှစ်ခုကို ပူးတွဲ လိုက်သလို ဖြစ်သွားခဲ့တယ်" လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် ကိုယ်လုံးတီး ပုံတွေ တင်းကျမ်းဖြစ်နေတဲ့ ဒစ်ဂျစ်တဲလ် ခေတ်ကြီးမှာ မဂ္ဂဇင်း အနေနဲ့ လူငယ်ပရိသတ်ကို ဆွဲဆောင်နိုင်ဖို့ရာ ချဉ်းကပ်မှု အသစ်တွေ ပြုလုပ်နိုင်ဖို့လိုကြောင်းလည်း ပြောပါတယ်။

လာမယ့် လထုတ် ပလေးဘွိုင် မဂ္ဂဇင်းအသစ်မှာ ပလေးဘွိုင်ရဲ့ 'ဒဿနိကဗေဒ' နဲ့ 'ပါတီဟာသ'နှစ်ခုအပါအဝင် အရင်တုန်းက အသုံးပြုခဲ့တဲ့ ကဏ္ဍတချို့လည်း ပြန်လည် ပါဝင်လာမယ်လို့ သိရပါတယ်။

ဒါပေမယ့် မဂ္ဂဇင်းမျက်နှာဖုံးက 'အမျိုးသားများအတွက် ဖျော်ဖြေရေး' ဆိုတဲ့ ခေါင်းစဉ်အခွဲကိုတော့ ဖြုတ်ပါမယ်။

"ပလေးဘွိုင်က အမြဲတမ်း အမျိုးသားကို ဗဟိုပြုတဲ့ လူမှုဘဝရှုခင်း အမှတ်သင်္ကတေ အဖြစ် ဆက်ရှိနေမှာ ဖြစ်ပေမယ့် အခုခေတ်ကြီးမှာ ကျား-မ လူမှုရေးရာ ခွဲခြားမှုတွေနဲ့ ပတ်သက်ပြီး လူမှုအသိုက်အဝန်းမှာ ပြောဆိုနေကြပြီ ဖြစ်လို့ ကျွန်တော်တို့အနေနဲ့လည်း ပြောင်းလဲ ရပါမယ်" လို့ မစ္စတာ ဟက်ဖနာက ပြောပါတယ်။

ဒါတွေအပြင် မင်းသမီး စကားလက်ဘမ်း (Scarlett Byrne) ရဲ့ နို့သီးခေါင်းလွတ်မြောက်ရေး (Free the Nipple) စည်းရုံးလှုံ့ဆော်မှု ဆိုင်ရာ အက်ဆေးဆောင်းပါး တပုဒ်လည်း မဂ္ဂဇင်းမှာ ပုံနှိပ်မှာဖြစ်ပါတယ်။ ဒီ လှုပ်ရှားမှုက အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်တချို့ရဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာ မိခင်တွေရဲ့ နို့တိုက်ခွင့်နဲ့ အပေါ်ပိုင်းဗလာကျင်း သွားလာခွင့် အတွက် ကျား-မ မတူညီ ခွဲခြားထားတဲ့ ဥပဒေတွေကို တိုက်ဖျက်ဖို့ စတင်ခဲ့တာပါ။

ဆောင်းပါးမှာ ဘမ်းက အမျိုးသားနဲ့ အမျိုးသမီး ကြားမှာ မတူညီတဲ့ စံသတ်မှတ်မှု ၂ မျိုး ထားရှိမှုတွေ လက်ရှိ အချိန်တိုင် တည်ရှိနေတယ် ဆိုတဲ့ အကြောင်းကို ရေးသားထားတယ်လို့ မဂ္ဂဇင်းက ထုတ်ပြောထားပါတယ်။

ပလေးဘွိုင် မဂ္ဂဇင်းဟာ ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့တဲ့ ၁၉၇၀ ခုနှစ်များဆီက ၁ နှစ်မှာ ၅.၆ သန်း ရိုက်နှိပ်ခဲ့ရာကနေ ၂၀၁၆ ခုနှစ်မှာ ၇၀၀,၀၀၀ သာ ပုံနှိပ်ခဲ့ရပါတယ်။

အဖော်အချွတ် ဓာတ်ပုံတွေ အလွယ်တကူ ရရှိနေတဲ့ အင်တာနက် ခေတ်မှာ ပလေးဘွိုင် မဂ္ဂဇင်းလို ဝတ်လစ်စလစ် ဓာတ်ပုံ အသားပေး မဂ္ဂဇင်းတွေဟာ စီးပွားရေးအရ အောင်မြင်မှု မရတော့ပါဘူး။

ဒါပေမယ့် ယုန်ကလေး တကောင် ဘိုးတိုင်လေး ချည်ထားတဲ့ မဂ္ဂဇင်းရဲ့ အမှတ်တံဆိပ်ကတော့ ကမ္ဘာပေါ်မှာ မှတ်မိအလွယ်ဆုံး အမှတ်အသား တခု ဖြစ်နေဆဲပါပဲ။

အခုအချိန်မှာ မဂ္ဂဇင်းဟာ သူရဲ့ အမှတ်သင်္ကေတပါ ရေချိုးခန်းသုံး အမွှေးအကြိုင်၊ အချိုရည်နဲ့ လက်ဝတ်လက်စား ပစ္စည်းတွေ ထုတ်လုပ်ခွင့် လိုင်စင်ချ ပေးခြင်းကနေ ဝင်ငွေအများစု ရရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese

အလက်ပိုတွင် IS တို့၏ တိုက်စစ်ဆင်မှုကြောင့် ဆီးရီးယားစစ်သား ၃၉ဦး ကျဆုံးခဲ့

$
0
0


အလက်ပိုမြို့ ရှိ ဆီးရီးယားတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)
    ဒမက်စကက်စ်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

    အလက်ပိုမြို့တောင်ဘက် ရှိ ဆီးရီးယားအစိုးရက ထိန်းချုပ်ထားသော ဧရိယာများကို IS စစ်သွေးကြွအဖွဲ့ က ပြင်းထန်စွာ ထိုးစစ်ဆင်လာခဲ့မှုကြောင့် လွန်ခဲ့သည့် ၃၆နာရီအတွင်း အစိုးရတပ်ဖွဲ့ဝင် ၃၉ဦးထက်မနည်း သေဆုံးခဲ့ကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုက ဖေဖော်ဝါရီ ၁၃ ရက်တွင်ဖော်ပြခဲ့သည်။

IS တို့သည် Khanaser မြို့ နှင့် Sabkhet al-Jabour မြို့ကြားရှိ ဧရိယာကိုအဓိကထား၍ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သလို အလက်ပိုမြို့၏ အရှေ့တောင်စွန်း ရှိ အနီးအနား ဧရိယာများကို လည်း ပစ်ခတ်ခဲ့ကြောင်း ဆီးရီးယားဆိုင်ရာ လူအခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ကပြောကြားခဲ့သည်။

အဆိုပါ ဗြိတိန်နိုင်ငံ အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့ က တိုက်ပွဲများအတွင်း စစ်သွေးကြွ ၁၂ဦးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

တူရကီတပ်ဖွဲ့ဝင်များ နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များက al-Bab မြို့၏ မြောက်ဘက် နှင့် အနောက်မြောက်ဘက် အား ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် ဆီးရီးယားစစ်တပ် က မြို့အတွင်းရှိ IS တို့အား မြို့၏ တောင်ဘက်အစွန်းမှ နေ၍ ပိတ်ဆို့ဝန်းရံထားကြောင်း မကြာသေးမီက ကြေညာခဲ့သည်။

အလက်ပိုမြို့သို့ သွားရောက်ရန် လက်ရှိအသုံးပြုနေသည့် လမ်းမ နှင့် ကပ်လျက်တည်ရှိနေ၍ Khanaser မြို့၏ လုံခြုံရေးသည် ဆီးရီးယားစစ်တပ်အတွက် အလွန်အရေးကြီးနေကြောင်း နှင့် Khanaser မြို့၏ အရှေ့ဘက် မှ သူပုန်များဆုတ်ခွာသွားပြီးနောက် မြို့အား ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် အစိုးရစစ်တပ်က ပြန်လည်သိမ်းယူထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com

ချစ်သူများနေ့နှင့် မိန်းမသားတို့ စောင့်ထိန်းရမည့် အပျိုစင်ဘဝ

$
0
0

မကြာမီကျရောက်မည့်ချစ်သူများနေ့တွင် မသိနားမလည်သော အပျိုစင်မိန်းကလေးများ ဖျက်ဆီးခံရမည်ကို သတိပေးချင်ပါသည်။ ချစ်သူများနေ့သည် (လင်မယားနေ့)မဟုတ်ပါလို့ ပြောချင်ပါသည်။
ချစ်သူများနေ့ ရောက်တိုင်း တည်းခိုခန်းများ၊ ဟိုတယ်များတွင် စုံတွဲများဖြင့် ပြည့်နေသည်ကို နှမသားချင်းစာနာ၍ စိတ်မကောင်းစွာ ကြားသိရပါသည်။

ချစ်သူစုံတွဲများသည် စိတ်ချင်းချစ်၍ရပါသည်။ လူချင်းနယ်ကျွံ၍ ချစ်လို့မရပါ။ မိန်းကလေးများသည် မိမိချစ်သောသူသည် လက်ထပ်ရမည့်သူ ဟုတ်၊ မဟုတ် မည်သူမျှအတတ်မပြောနိုင်ပါ။ အိမ်ထောင်မပြုမီအတူ နေပါက မယူဖြစ်ပါက နောက်ဆုံးမိန်းကလေးသာ နစ်နာရမည်ဖြစ်သည်။

အင်တာနက်ခေတ်တွင် အိမ်ထောင် မပြုမီအတူနေပါက နေရာတိုင်းတွင် မျက်စိများရှိသဖြင့် အချိန်မရွေး အင်တာနက်ပေါ်ရောက်သွားပြီး မိန်းကလေး၏ မိဘဆွေမျိုးများ အရှက်တကွဲအကျိုးနည်းဖြစ်မည်ကို သတိပြုစဉ်းစားသင့်ပါသည်။ မိမိတို့ နိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သဖြင့် အနောက်နိုင်ငံများမှ အတူနေခြင်း (Living Together) ကို အားကျ၍ မရပါ။
မိမိတို့နိုင်ငံသည် အရှက်နှင့်သိက္ခာဖြင့် လူလုပ်သောနိုင်ငံဖြစ်ပါသည်။

အင်တာနက်ပေါ်တွင် မိန်းကလေးများ အခက်အခဲရှိ၍ အပျိုစင်ဘ၀ကို လေလံတင်ရောင်းချရာ မြန်မာငွေသိန်းရာချီရရှိသည်ကို ကြားသိသဖြင့် မိမိတို့၏အပျိုစင်ဘ၀ကို မည်မျှတန်ဖိုးရှိသည်ကို သိသင့်ပါသည်။ ယောက်ျားလေးများသည် မိမိဘယ်လောက်ပဲ ရှုပ်ပါစေ မိမိနှင့်လက်ထပ်မည့်မိန်းကလေးကို အပျိုစင်ပဲ လိုချင်သည်ကို သိသင့်ပါသည်။ ထို့ကြောင့် မိန်းကလေးများသည် မိမိတို့၏ အပျိုစင်ဘ၀ကို တန်ဖိုးထားထိန်းသိမ်းသင့်ပါသည်။

ယခုခေတ်တွင် ပိုက်ဆံပေး၍ ပျော်လို့ရသည့် နေရာများစွာရှိသဖြင့်
ယောက်ျားလေးများမှာ မိမိချစ်သူ အမှန်အကန်မိန်းကလေးကို လက်တည့်စမ်း၍ မဖျက်ဆီးသင့်ပါ။ ယောက်ျားလေးအတွက် Sex သည် တခဏတာ ထမင်းစားရေသောက် အဆင့်သာဖြစ်ပြီး မိန်းကလေးများအတွက် Sex မှာ ဘ၀တခုလုံးနှင့် ရင်းရမည်ကို သိသင့်ပါသည်။ ချစ်သူဘ၀တွင် အတူနေခြင်းကြောင့်ရရှိသော ဆိုးကျိုးများမှာ လက်မထပ်မီ ကိုယ်ဝန်ရှိခြင်းကြောင့် မိဘဆွေမျိုးများနှင့် မိမိပါ အရှက်ရနိုင်ခြင်း၊ HIV, B ပိုး၊ C ပိုး စသော ရောဂါပိုးများ ကူးစက်နိုင်ခြင်း၊ ချစ်သူကြောင့် (Sexual Feeling) ကို ခံစားတတ်ပြီး ချစ်သူနှင့်မယူဖြစ်၍ နောက်ချစ်သူ တယောက် ပြောင်းခံစားခြင်းဖြင့် နောက်ဆုံးတွင် KTV, (Massage) မာဆတ်စသော ပျက်စီးခြင်း လမ်းပေါ်ရောက်ပြီး ဘ၀ပျက်သွားသော မိန်းကလေးများစွာ ရှိပါသည်။

မိန်းကလေးများ ဖျက်ဆီးခံရခြင်း (၂)မျိုးရှိပါသည်။ အနုနည်းနှင့်ဖျက်ဆီးခြင်းနှင့် အကြမ်းနည်းနှင့် ဖျက်ဆီးခြင်းတို့ ဖြစ်ပါသည်။ အနုနည်းနှင့် ဖျက်ဆီးခြင်းဆိုသည်မှာ ချစ်တယ်ဆိုပြီး ယုံလောက်အောင်ပြော ဆိုပြီး အလိုတူကာမရယူဖျက်ဆီးခြင်းနှင့် အကြမ်းနည်းနှင့်ဖျက်ဆီးခြင်းဆိုသည်မှာ အဓမ္မအကြမ်းဖက်အလို မတူဘဲ ကာမရယူဖျက်ဆီးခြင်းဖြစ်ပါတယ်။ ယခုခေတ် မိန်းကလေးတွေ၏ဘ၀မှာ လုံခြုံမှုမရှိတော့ပါ။ (၃)နှစ်သမီးမှစ၍ အသက်(၈၀)အရွယ် အဘွားထိ အလိုမတူအကြမ်းဖက် အဓမ္မဖျက်ဆီးမည့်သူများနေရာ တိုင်းတွင် ရှိနိုင်သည်ကို သတိပြုသင့်ပါသည်။

ယခုခေတ်တွင် ကာမရာဂထကြွစေသော ကော်ဖီ၊ ချောကလက်၊ အရောင်အနံ့မဲ့သော ဖျော်ရည်များရှိသည်ကို သတိထားသင့်ပါသည်။ ထို့ကြောင့် ချစ်သူများနေ့တွင် ချစ်သူက တိုက်သော ကော်ဖီ၊ ချောကလက်၊ အချိုရည်များကို သတိထားစားသောက်သင့်ပါသည်။

ဆွေမျိုးရင်းချာတောင် မယုံကြည်ရသော ယခုခေတ်တွင် တိရစ္ပာန်ကတောင် ဆရာခေါ်ရသော လူ့တိရစ္ဆာန်များ မိမိပတ်ဝန်းကျင်တွင်ရှိနေသည်ကို မိန်းကလေးများ သွားသတိ၊ စားသတိဖြင့် သတိကြပ်ကြပ်ထားသင့်ပါသည်။ ချစ်သူယောက်ျားလေးများကလည်း လက်မထပ်ဘဲ မိမိချစ်သူကို အတူနေပြီး ဖျက်ဆီးခြင်းသည် လူသားတို့ ရှောင်ကြဉ်အပ်သော ငါးပါးသီလထဲမှ ကာမေသုမိစ္ဆာစာရကံဟူသော အုပ်ထိန်းသူရှိသော သမီးပျိုများကို ဖျက်ဆီးခြင်းဟူသော ကံထိုက်သည်ဟု သတိပြုသင့်ပါသည်။ ယောက်ျားလေးများက မိမိနှမကို တခြား ယောက်ျားတဦးဦးက ဖျက်ဆီးသွားလျှင် ကျေနပ်ပါ့မလားဆိုတဲ့ ကိုယ်ချင်းစာစိတ်ထားသင့်ပါသည်။

ယောက်ျားလေးများသည် မိမိချစ်သူ၏ အပျိုစင်ဘ၀ကိုဖျက်ဆီးပြီး ချစ်သူမိန်းကလေးကို မယူဖြစ်ဘဲ KTV, (Massage)မာဆတ် စသော ပျက်စီးခြင်းလမ်းပေါ်ရောက်သွားပါက စတင်ဖျက်ဆီးသူသာ တရားခံဖြစ်သည်ကို သတိပြုသင့်ပါသည်။ ချစ်သူမိန်းကလေးများကလည်း မိမိကိုချစ်သောသူသည် Sex ကို အရင်းခံ၍ ချစ်သလား၊ တကယ့်မေတ္တာစစ်နှင့်ချစ်သလားကို ဝေဖန်ဆန်းစစ်သင့်ပါသည်။ Sex ကို အရင်းခံသောအချစ်သည် အကြာကြီးမတည်မြဲကြောင်း အနောက်နိုင်ငံများမှ အိမ်ထောင်သည်များကိုကြည့်၍ သင်ခန်းစာယူသင့်ပါသည်။

တကယ့်မေတ္တာနှင့်ချစ်သော အချစ်သာ တဘ၀လုံး အကြာကြီးတည်မြဲမည်ကို သိထားသင့်ပါသည်။
ချစ်သူများနေ့တွင် မိန်းကလေးများ အပျိုစင်ဘ၀ကို ထိန်းသိမ်းနိုင်ပါစေ။

ဦးမာဃ
News Watch
https://www.facebook.com/NewsWatchJournal

ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီး သက်တော် ၁၀၁ နှစ်တွင် ဘ၀နတ်ထံပျံလွန်တော်မူ

$
0
0

ဓာတ်ပုံ-အညတရ ဘိက္ခု ဖေ့စ်ဘုတ်၊ လှုပ်လှုပ်ရှားရှား မန္တလေးသတင်းများ Group
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓာရုံ ကျောင်းတိုက်၊ ဇယမေဒနီဝါဆိုကျောင်း နာယကဆရာတော် နိုင်ငံတော်သြ၀ါဒါစရိယ စုဒ္ဒသမ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီးသည် ဖေဖော်ဝါရီ ၁၄ ရက်နံနက် ပိုင်းက ဘ၀နတ်ထံ ပျံလွန်တော်မူကြောင်း သိရသည်။

ဆရာတော်ကြီးသည် ကျန်းမာရေးအတွက် မန္တလေး အထွေထွေရောဂါ ကု ဆေးရုံကြီး၊ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး ယခုကဲ့သို့ ပျံလွန်တော်မူခဲ့ခြင်းသည်။

ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဒဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တအဂ္ဃိယ မဟာထေရ် သည် သက်တော် ၁၀၀ နှစ်၊ သိက္ခာတော် ၈၁ ဝါ အရောက် မြန်မာသက္ကရာဇ် ၁၃၇၈ ခု၊ တပို့တွဲလပြည့်ကျော် ၃ ရက်၊ ခရစ်နှစ် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက် ၁ နာရီ ၃၀ မိနစ် အချိန်ခန့်က ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သိရသည်။

ဆရာတော် ပျံလွန်တော်မှုသည့်အတွက် ကြွင်းကျန် ရုပ်ကလာပ်အား ၅ ရက်တာ အပူဇော်ခံပြီး တပို့တွဲ လပြည့်ကျော် ၇ ရက် (ဖေဖော်ဝါရီလ ၁၈ ရက်)နေ့တွင် အောင်မြေသာစံမြို့နယ် ရွှေမန်းတောင် အားကစား ကွင်း၌ ဒေါင်းယာဉ်ပျံဖြင့် ပင့်ဆောင်သယ်ယူကာ အန္တိမဈာပနကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies/

ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား အန္တိမဈာပနကျင်းပမည့်နေရာသို့ ဒေါင်းယာဉ်ပျံဖြင့် ပင့်ဆောင်မည်

$
0
0

မန္တလေးမြို့၊မဟာဝိသုဒ္ဓါရုံတိုက်သစ်၊စုဒ္ဒဿမရွေကျင်သာသနာပိုင် ဇယမေဒနီဝါဆို ဆရာတော်ဘုရားကြီးသည် ဖေဖေါ်ဝါရီ ၁၄ ရက်၊ နံနက် ၁ နာရီခွဲက ဘ၀နတ်ထံပျံလွန်တော်မူသဖြင့် ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ် တော်ကို ဖေဖေါ်ဝါရီ ၁၈ ရက်နေ့တွင် အန္တိမဈာပနကျင်းပမည့် အောင်မြေသာစံမြို့နယ်၊ မြင်းပြိုင်ကွင်းသို့ ဒေါင်း ယာဉ်ပျံဖြင့် ပင့်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

မဟာဝိသုဒ္ဓါရုံကျောင်းတိုက်တွင် ဖေဖေါ်ဝါရီ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီက ဈာပနကျင်းပရေးအစည်းအဝေး ပြုလုပ်ရာ ဆရာတော်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ တပည့်ဒါယကာများတက် ရောက်ကြသည်။

"နောက်ဆုံးအန္တိမဈာပနပွဲမှာ ဆရာတော်ကြီးရဲ့ ဂုဏ်ကျေးဇူးတော်နဲ့လိုက်ဖက်အောင် ဆောင်ရွက်သင့်တယ်။ ကရ၀ိတ်ဖေါင်တော်နဲ့ ပင့်ဆောင်ကြပေမယ့် ဆရာတော်ကြီးအတွက် ထူးထူးခြားခြားဖြစ်အောင် ဒေါင်းယာဉ်ပျံနဲ့ ရုပ်ကလပ်တော်ကို ပင့်ဆောင်မယ်။ ခေတ်ကလည်း ဒေါင်းခေတ်ဆိုတော့ ဒီအတွက် တာဝန်ယူတယ်။"ဟု သီတဂူဆရာတော်ဘုရားကြီးက ယင်းအစည်းအဝေးတွင် မိန့်ကြားတော်မူသည်။


ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား စံကျောင်းတော်တွင် ၅ ရက်တာ အပူဇော်ခံပြီး မြင်းပြိုင်ကွင်းသို့ သယ်ဆောင်ရာတွင် မြန်မာမှုအနုပညာများဖြင့် ခြယ်မှုံးကာ ပျံဝဲနေသည့် ဒေါင်းနှစ်ကောင်ဖြင့် အလှဆင်ထားသည့် ဆယ်ဘီးယာဉ် ပေါ်၌ "ထူပါ" စေတီတော်ပုံစံတူအတွင်း၌ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အားထားရှိ၍ မုခ်လေးခုမှ အစောင့် အရှောက်နတ်မင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ခိုင်ဆက်ဝေ
News Watch
https://www.facebook.com/NewsWatchJournal/

တရားလိုနဲ့ အမှုစစ်ကို ပုဒ်မနှစ်ခုနဲ့ အရေးယူပေးဖို့ မကွေးဆေးကျောင်းသား လျှောက်ထား

$
0
0


( စစ်ပွဲတွေ ရပ်တန့်ဖို့ မကွေးမြို့တော်ခန်းမရှေ့မှာ တကိုယ်တော်ဆန္ဒပြတဲ့ မကွေးဆေးတက္ကသိုလ် ကျောင်းသား ကိုဥာဏ်မျိုးအောင် ကို တွေ့ရစဉ် )Photo :Aung Zaw (facebook)
စစ်ပွဲတွေ ရပ်တန့်ဖို့ မကွေးမြို့တော်ခန်းမရှေ့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က တစ်ကိုယ်တော် ဆန္ဒပြခဲ့တဲ့ မကွေးဆေးတက္ကသိုလ်ကျောင်းသား ကိုဥာဏ်မျိုးအောင်က မကွေးမြို့မရဲစခန်းမှူး နဲ့ ဒုတပ်ကြပ် ဇော်မင်းထွန်း တို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဂ)၊ (ဃ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (ဃ) တို့နဲ့ အရေးယူပေးဖို့ မကွေးမြို့နယ်တရားရုံးထံ လျှောက်ထားပါတယ်။

မကွေးဆေးတက္ကသိုလ်ကျောင်းသား ကိုဥာဏ်မျိုးအောင်ရဲ့ ကိုယ်ပိုင်လက်ပ်တော့၊ ဖုန်းနဲ့ မန်မိုရီစတစ်တွေကို မလိုအပ်ဘဲသိမ်းယူပြီး ခွင့်ပြုချက်မရှိဘဲ ဖွင့်ကြည့်တဲ့အတွက် တရားစွဲဆိုဖို့ လျှောက်ထားတာဖြစ်တယ်လို့ ကိုဥာဏ်မျိုးအောင် ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။

"ဆေးတက္ကသိုလ်ကျောင်းသားရဲ့ ကိုယ်ပိုင်လက်ပ်တော့ရယ်၊ ဟွာဝေးတယ်လီဖုန်းရယ်၊ မန်မိုရီစတစ်ရယ်ကို မလိုအပ်ဘဲ သိမ်းတဲ့အပြင် ခွင့်ပြုချက်မရှိဘဲနဲ့ ဖွင့်တာဟာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ)(ဃ)နဲ့ ငြိစွန်းသလို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၇ အရ စာပေးစာယူနဲ့ ဆက်သွယ်ရေးကို ဥပဒေအရ အကာအကွယ်ပေးရမယ် ဆိုတာကို လွန်ကျူးသွားတဲ့အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(ဃ) အရ အဲဒီစခန်းမှူး ဒုရဲမှူး ဦးစိန်အောင် သူရော ဖွင့်တဲ့ ဒုတပ်ကြပ် ဇော်မင်းထွန်းကိုပါ ကျွန်တော်တို့က အဲဒါနဲ့ အရေးယူပေးပါလို့ လျှောက်လိုက်ပါတယ်"

အဲဒီလိုလျှောက်ထားမှုကို လာမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ လျှောက်လဲချက်ပေးဖို့အတွက် မကွေးမြို့နယ် တရားရုံးက ရုံးချိန်းချိန်းဆိုထားတယ်လို့ သိရပါတယ်။

တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်တာကို ရဲကို ကြိုတင်အကြောင်းကြားဖို့ ပျက်ကွက်တဲ့အတွက် ကိုဥာဏ်မျိုးအောင် ကို မကွေးမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး စိန်အောင်က ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၉) နဲ့ တရားလိုလုပ်ပြီး အမှုဖွင့်ထားပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ လူ့အခွင့်အရေးအရ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်တာကို ပုဒ်မ ၁၉ နဲ့ တရားစွဲတာဟာ ဥပဒေနဲ့ မညီဘူးလို့လည်း ဦးရောဘတ်စန်းအောင် က ပြောပါတယ်။

ကိုဉာဏ်မျိုးအောင်ဟာ မကွေးဆေးတက္ကသိုလ်က နောက်ဆုံးနှစ် အပိုင်း(ခ)ကျောင်းသားတစ်ဦးဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

အစိုးရသစ် လက်ထက် ပမာဏ အများဆုံး အဖြစ် ကျောက်စိမ်းတုံးတင် ကား ၉ စီး ဖမ်းမိ

$
0
0

ဖေဖော်ဝါရီ ၁၄

အစိုးရသစ် လက်ထက် ပမာဏ အများဆုံး အဖြစ် ကျောက်စိမ်းတုံးတင်ကား ၉ စီးကို ရွှေဘို- မြစ်ကြီးနားပြည်ထောင်စုကားလမ်းတွင် ၁၂ရက်နေ့ကဖမ်းဆီးရမိ ကြောင်းသိရသည်။

အဆိုပါကားများကို ရတနာ ကြယ်စင်လင်း ကုမ္ဗဏီ ပိုင် ကားများဖြစ်ပြီး ဖားကန့်မြို့နယ် လုံးခင်းမှနေပြည်တော်သို့ အသွား အခွန်ပေးဆောင်ထားသည့် ကျောက်စိမ်းအရိုင်းတုံးများအပြင် ကားများ၌အံဝှက်ပြုလုပ်ကာ တရားမ၀င်ကျောက်စိမ်းအရိုင်းတုံးများအား တင်ဆောင်လာခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် မိုးညှင်းမြို့ အမြောက်စစ်ဆင်ရေးကွပ်ကဲရေးမှူးချုပ်ရုံး မစခ(၉၀၄) တွင် ထိန်းသိမ်းထားကာ မိုးညှင်းမြို့မရဲစခန်းသို့လွဲပြောင်းပေးခဲ့ကြောင်းသိရသည်။


“ကျောက်မျက်ရတနာဆိုတာ တရားဝင်အခွန်ဆောင်ကြရပြီးနိုင်ငံတော်က ခွင့်ပြုချက်ရရှိထားကြတဲ့ ကျောက်မျက်ကုမ္ပဏီတွေကဘဲ ဒီလိုသယ်ဆောင်ခွင့်ရတာ အခုကားတွေကကျောက်စိမ်းရုံးမှာ စစ်ဆေးပြီးမှ ထွက်ခွာလာခဲ့တဲ့ကားတွေပါ အခုလိုအံဝှက်တွေနဲ့ တရားမ၀င်သယ်ဆောင်လိမ့်မယ်ဆိုတာ ဘယ်သူကမှမထင်ထားမိကြဘူး”ဟု မြို့နယ်ထွေအုပ်ရုံးဒုဦးစီးမှူး ဦးစံရွှေမြင့် က မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။

တရားမ၀င်ကျောက်စိမ်းရိုင်းတုံးများကို  ထိန်းသိမ်းထားရှိပြီး အရေအတွက်၊ အလေးချိန်၊ တန်ဖိုးများအားတာဝန်ရှိသူများက စီစစ်နေဆဲဖြစ်ကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

ထွန်းထွန်း
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm/
Viewing all 32865 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>