Quantcast
Channel: dawnmanhon
Viewing all 32865 articles
Browse latest View live

မြောက်ကိုရီးယား ကျောက်မီးသွေး တင်သွင်းမှု ကို တရုတ် ဆိုင်းငံ့

$
0
0


 ကျောက်မီးသွေး လုပ်ငန်း ကနေ မြောက်ကိုရီးယား ဟာ နိုင်ငံခြားဝင်ငွေ ရရှိ
ပြီးခဲ့တဲ့ ရက်တွေတုန်း တာလတ် ပစ် ဒုံးကျည် စမ်းသပ်မှု လုပ်ခဲ့တဲ့ မြောက်ကိုရီးယား နိုင်ငံက ကျောက်မီးသွေး တင်ပို့မှု အားလုံး ကို ရပ်ဆိုင်း သွားမှာ ဖြစ်ကြောင်း တရုတ် အစိုးရ က ကြေညာ ခဲ့ပါတယ်။

အခုလို တရုတ် အစိုးရ ရဲ့ ကြေညာမှု ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း က ကွာလာလမ်ပူ လေဆိပ်မှာ လုပ်ကြံ ခံခဲ့ရတဲ့ ကင်ဂျုံအွန်း ရဲ့ အစ်ကို ကင်ဂျုံနမ်း သေဆုံးမှု နဲ့ ဆက်စပ်မှု ရှိနိုင်ကြောင်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ်နေပါတယ်။

ကင်ဂျုံနမ်း ဟာ တရုတ် အကာအကွယ် ပေးမှု နဲ့ တရုတ် သြဇာ သက်ရောက် တဲ့ မကာအို မှာ ခိုလှုံ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံ ကို တင်ပို့တဲ့ ကျောက်မီးသွေး လုပ်ငန်း ကနေ မြောက်ကိုရီးယား ဟာ နိုင်ငံခြားဝင်ငွေ ရရှိနေတာ ဖြစ်ပါတယ်။ အဲဒီ ဝင်ငွေ နဲ့ နျူလက်နက်တွေကို ထုတ်လုပ်နေတာ ဖြစ်တယ်လို့လည်း ယုံကြည် ရပါတယ်။

တရုတ်ရဲ့ ကြေညာမှု ကြောင့် မြောက်ကိုရီးယား နိုင်ငံ စီးပွားရေးမှာ ထိခိုက် နစ်နာမှုတွေ ဖြစ်ပေါ် နိုင်ကြောင်း နိုင်ငံရေး လေ့လာ သူတွေက သုံးသပ် ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဘာစီလိုနာနှင့် မရေမရာဖြစ်နေဆဲမက်ဆီကို မန်စီးတီးအသင်းပေါင်သန်း ၁၀၀ ဈေးသတ်မှတ်

$
0
0

ဖေဖော်ဝါရီ ၁၉၊ ဘာစီလိုနာ။ ။ မန်ချက်စတာစီးတီးအသင်းသည် ဘာစီလိုနာအသင်းနှင့် အနာဂါတ် မရေမရာဖြစ်နေဆဲ လီယွန်နယ်မက်ဆီကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ပေးရန် အသင့်ဖြစ်နေသည်။

မက်ဆီအနေဖြင့်လည်း ဘာစီလိုနာမှ ထွက်ခွာရန် အသင့်ဖြစ်နေသည်ဟု စီးတီးသူဋ္ဌေးများက ယုံကြည်နေကြပြီး နွေရာသီတွင် ယင်းအာဂျင်တိုင်း တိုက်စစ်မှူးကို နည်းပြပက်ဂွာဒီယိုလာ အတွက် ပထမဦးစားပေး ကစားသမားအဖြစ် ခေါ်ယူပေးချင်နေသည်။

မက်ဆီ၏ ဖခင်လည်းဖြစ်၊ အကြံပေးလည်းဖြစ်သည့် ဂျော့ခ်ျသည် စီးပွားရေးအတွက် ဘာစီလိုနာမြို့တွင် ရောက်နေသော်လည်း စာချုပ်သက်တမ်းလက်ကျန် ၁၆ လထဲရောက်လာသည့်တိုင် စာချုပ်သက်တမ်းတိုးမည့်ကိစ္စနှင့် ပတ်သက်ပြီး အသင်းနှင့် ဆွေးနွေးရန် အစီအစဉ်မရှိ ဖြစ်နေသည်။

အကယ်၍ ယင်းအနေအထားအတိုင်းသာ ဆက်လက်ဖြစ်ပေါ်နေပါက လာမည့်နွေရာသီတွင် အကြပ်အတည်းတစ်ခု ဖြစ်လာနိုင်သည်။

ဘာစီလိုနာအသင်းသည် နေမာနှင့် ဆွာရက်ဇ်တို့ကို သက်တမ်းတိုးပြီးနောက် လာလီဂါ လစာကန့်သတ်ချက်နှင့် မက်ဆီ၏လက်ရှိ လစာထက်တိုးမြင့်ပေးရမည့် ပမာဏအကြား ရုန်းကန်ရဖွယ်ရှိနေသည်။

လာလီဂါကလပ်များအနေဖြင့် ကစားသမားလစာအတွက် ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းအထက် သုံးစွဲခွင့်ရမည် မဟုတ်ဘဲ မက်ဆီမှာ လက်ရှိတွင် အခွန်ဆောင်ပြီးတစ်နှစ်ပေါင်သန်း ၂၀ ရရှိနေသည်။

ချန်ပီယံလိဂ်တွင် ပီအက်စ်ဂျီကို ဘာစီလိုနာအသင်း ၄-၀ ဂိုးဖြင့်ရှုံးလိုက်ခြင်းကလည်း မက်ဆီအနေဖြင့် စိန်ခေါ်မှုအသစ်များ ရှာဖွေချိန်တန်လောက်ပြီဟု စီးတီးဘက်မှ အကောင်းမြင်ယူဆလျှက်ရှိသည်။

Ref; Mirror
Mizzima - News in Burmese

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပင်လုံ ကတိ သို့မဟုတ် NCA ကို ရဲရဲ လက်မှတ်ထိုးလိုက်ပါ .. သီဟသွေး

$
0
0

 ၂၀၁၇ ခုနှစ် ကျရောက်ပြီး နှစ်ပေါင်း ၇၀ ပြည့်မြောက်ပြီဖြစ်တဲ့ ပြည်ထောင်စုနေ့ကို ထူထူးခြားခြား ဗိုလ်ချုပ်အောင်ဆန်း နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံပြီး ပင်လုံ စာချုပ် ချုပ်ဆိုခဲ့ရာ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်လုံမြို့မှာ ကြီးကျယ် ခန်းနားစွာ ကျင်းပခဲ့ပါတယ် ။ အမှန်တကယ်တော့ အခုလို ပြည်ထောင်စုနေ့ ကျင်းပနေတဲ့ အချိန်ကာလ ဟာ ၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယ ပိုင်းကျင်းပရမယ့် ကာလကိုလည်း ရောက်ရှိနေပြီဖြစ်လို့ ဒီနှစ်ဒီကာလ မှာကျင်းပတဲ့ ပြည်ထောင်စုနေ့ဟာ ပိုမိုပြီးတက်ကြွဖွယ် ဖြစ်နေသင့်ပါတယ် ။ သို့သော်လည်း ဒီလို အခါသမယ မှာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ထိုးဖို့ ကျန်ရှိနေပြီး ပင်လုံ ညီလာခံကို တတ်ရောက်ရေး မသေချာတဲ့ လက်နက်ကိုင်အဖွဲ့တွေ ကျန်ရှိနေသေးတာကြောင့် ဒီ ပြည်ထောင်စုနေ့ ဟာ ပင်လုံ လိုနေရာမျိုးမှာ ကျင်းပနိုင်ခဲ့သောလည်း မတူကွဲပြားတဲ့ တိုင်းရင်းသားအဖွဲ့တွေ နဲ့ ညီညွတ်မှု ပေါင်းစည်းမှု တစ်ခုကို ပြသနိုင်တဲ့ သင်္ကေတ တစ်ခု ၊ အထိမ်းအမှတ်တစ်ခုတော့မဖြစ် ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လည်း ပြည်ထောင်စုနေ့ အခန်းအနား မိန့်ခွန်းမှာ ကျန်ရှိနေတဲ့ တိုင်းရင်းသားအဖွဲ့တွေကို အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ရေးထိုးပြီး ပင်လုံ ညီလာခံမှာ ပါဝင်ကြဖို့ တိုက်တွန်းခဲ့တာကိုတွေ့ရပါတယ်။ အမှန်တကယ်လည်း ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ဆွေးနွေးကြမယ့် ပင်လုံ ညီလာခံမှာ လူမျိုးရေး နိုင်ငံရေး အရ အရေးပါတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်နိုင်ခြင်း မရှိဘူးဆိုရင် ညီလာခံရဲ့ အနှစ်သာရရော ၊ ရလဒ်ပိုင်းမှာပါ အနည်းချက်တွေ မပြည့်ဝ မှုတွေ သေချာပေါက်ရှိနေမှာဖြစ်ပါတယ် ။ ဒါကြောင့် ၂၁ ရာစု ပင်လုံ ညီလာခံမှာ အဓိက လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ အပစ်အခတ်တွေ ရပ်ဆိုင်းထားပြီး ပါဝင်ဆွေးနွေးခွင့်ရရှိရေး ဟာ အလွန်ပဲအရေးပါလှပါတယ်။

တကယ်တန်း လက်နက်ကိုင် ပဋိပက္ခ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စတင်ပေါက်ဖွားရာ ၁၉၄၈ ခုနှစ်ကနေစပြီး ၂၀၁၇ ဆိုတဲ့ ယနေ့ အချိန်ကာလ အထိ တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ အစိုးရ တပ်မတော် အကြား တိုက်ပွဲကြီးငယ်တွေ မရေမတွက်နိုင်အောင်ဖြစ်ပွားခဲ့သလို ငြိမ်းချမ်းရေးတွေအပစ်အခတ်ရပ်စဲရေး တွေ လည်း ခေတ်အလိုက် အစိုးရ အဆက်ဆက် ကလုပ်ခဲ့ကြတာပဲဖြစ်ပါတယ် ။ ဒါကြောင့် တိုက်ပွဲ နဲ့ ငြိမ်းချမ်းရေးဆိုတာ တပ်မတော် နဲ့ လက်နက်ကိုင်အဖွဲ့တွေ အတွက်တော့ သိပ်ပြီး မထူးဆန်းတဲ့ သဘောရှိပါတယ်။ ဒါပေမယ့် ဘယ်အချိန် ဘယ်ကာလ မှာ တိုက်ပွဲဖြစ်ပြီး ဘယ်အချိန် ဘယ်ကာလ မှာ တိုက်ပွဲတွေရပ်လို့ ငြိမ်းချမ်းရေးဆွေးနွေးဖြစ်ကြတယ် ဆိုတာကတော့ ထူးခြားပြီး အရေးပါနေတတ်ပါတယ်။

၁၉၄၈ ခုနှစ် ပြည်တွင်းစစ် စတင် ကတည်း က အစိုးရ အသီးသီး နဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေကြားက ပဋိပက္ခနဲ့ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုတွေကို ပြန်ကြည့်မယ်ဆိုရင် မူလ ပင်လုံ စာချုပ် ရဲ့ အခြေခံသဘောထားတွေ ၊ သဘောတူညီချက်တွေကို ၁၉၆၂ ခုနှစ်မှာ တပ်မတော် က တိုင်းပြည် အာဏာကို သိမ်းယူလိုက်လို့ နိဂုံးချုပ်သွားရတဲ့ ၁၉၄၇ အခြေခံ ဥပဒေနဲ့ အတူ ပြည်ဖုံးကားချလို့ တပ်မတော် က အသစ်ရေးဆွဲလိုက်တဲ့ ၁၉၇၄ အခြေခံ ဥပဒေ အရ ဖြစ်ပေါ်လာတဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပြည်နယ် နယ် နမိတ် အပိုင်းအခြားတွေ ပေါ်မှာ အခြေခံပြီး တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့ချင်းစီရဲ့ အကျိုးစီးပွား အပေါ်မှာသာ အပေးအယူလုပ်ဖို့ ရည်ရွယ်ထားတဲ့ ၊ နိုင်ငံရေး အနှစ်သာရမပါတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း မအောင်မြင်နိုင်ပဲရှိခဲ့ပါတယ်။ ဒီလို နဲ့ ၁၉၈၈ခုနှစ် ဒုတိယ အကြိမ် တပ်မတော် က အာဏာသိမ်းယူပြီးနောက်ပိုင်းမှာ ပါတီစုံ ဒီမိုကရေ စနစ်ကို ကျင့်သုံးမယ် လို့ကြေညာလိုက်ပြီး အခြေခံ ဥပဒေ အသစ် ရေးဆွဲနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တွေကို အပစ်အခတ်ရပ်စဲပြီး ပါဝင်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ နိုင်ငံရေး၊ ပြည်နယ် နဲ့ လူမျိုးစုအခွင့်အရေးတွေ တွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်မယ်လို့ ယူဆပြီး တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ ဟာ အမျိုးသားညီလာခံလို့ခေါ်တဲ့ အခြေခံ ဥပဒေ ရေးဆွဲရေး ညီလာခံကို တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ သို့ပေမယ့် ထိုစဉ်က အမျိုးသားညီလာခံ ရဲ့ အခင်းအကျင်းအရ ပြောရမယ်ဆိုရင် တပ်မတော် အစိုးရ ကရွေးချယ် တာဝန်ပေးအပ်ထားတဲ့ အရေအတွက် များပြားလှသော ကိုယ်စားလှယ် တွေကသာ ညီလာခံ လုပ်ငန်းစဉ်များ ကိုလွှမ်းမိုးထားခဲ့ပြီး အခြေခံ ဥပဒေ ကိုစိတ်ကြိုက် ရေးဆွဲသွားခဲ့တဲ့ သဘောရှိပါတယ် ။ ဒါကြောင့် ညီလာခံမှာ ပါဝင်ခဲ့ ကြ တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အတော်များများက ညီလာခံက ရေးဆွဲ ချမှတ်လိုက်တဲ့ အခြေခံ ဥပဒေသစ် ဟာ သူတို့ လိုလားချက်တွေ နဲ့ ကိုက်ညီမှု မရှိတာကြောင့် အခြေခံ ဥပဒေ အောင်မြင်စွာ ရေးဆွဲပြီးသောလည်း ဒီ အခြေခံ ဥပဒေ ကို လက်ခံပြီး လက်နက်စွန့်ရေး ကို စိတ်ဝင်စား သဘောတူညီမှု မပြပဲမသိလိုက်မသိဖာသာနေခဲ့ပါတယ် ။ ဒါကြောင့် ၂၀၁၁ ခုနှစ်မှာ ဒီအခြေခံ ဥပဒေ သစ် အသက်ဝင်မှု နဲ့ အတူဖြစ်ပေါ်လာတဲ့ တပ်မတော်ခေါင်းဆောင်ဟောင်း ဦးသိန်းစိန် အစိုးရ က အာဏာရယူ အုပ်ချုပ်တဲ့ အခါမှာ ပြည်တွင်းစစ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုတဲ့ မကျေပွဲ ကို ထပ်နွှဲကြပြန်ပါတယ် ။ ဒီတခါတော့ ထပ်ဆွဲစရာ အခြေခံ ဥပဒေ မရှိတော့တဲ့ အတွက် NCA ( Nation Wide Ceasefire agreement ) လို့ ခေါ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် ဆိုတဲ့ သဘောတူညီမှုတရပ် ကို ရေးဆွဲပြင်ဆင်ဖို့ဆွေးနွေးခဲ့ကြပါတယ် ။ ဒီ တစ်ပွဲ မှာတော့ ၂ ဖက်စလုံး အညံ့မခံတော့ပါဘူး ။ အစိုးရ နဲ့ တပ်မတော် ဘက်ကလည်း အဆုံးသတ်မှာ လက်နက်စွန့်ရေးအထိ မြင်သာတဲ့ လမ်းကြောင်းနဲ့ သဘောတူညီမှုတစ်ရပ်ဖြစ်အောင် ကြိုးပမ်းပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း သာမန် စီးပွားရေး ၊ ရှင်သန်ရပ်တည်ရေး အကျိုးစီးပွားလောက်တင်မဟုတ်ပဲ နိုင်ငံရေးဆွေးနွေးပွဲတွေက နေတဆင့် အဆုံးသတ်မှာ ပြည်နယ် လွတ်လပ်ခွင့်တွေ ကို အာမခံပေးမယ့် အခြေခံ ဥပဒေ ပြင်ဆင်ရေးအထိ ချိန်ရွယ်လိုက်ပါတယ်။

ဒီလိုနဲ့ သမ္မတဦးသိန်းစိန်ဟာ ၂၀၁၁ မှသည် ၂၀၁၅ သူ့ရဲ့ သမ္မတ သက်တမ်း၅ နှစ် အတွင်း NCA ကို အပြီးသတ်ရေးဆွဲ လက်မှတ်ထိုးနိုင်ဖို့ လုံးပမ်းပါတယ်။ အကယ်၍ အောင်အောင်မြင်မြင်နဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အားလုံးတညီတညွတ်တည်းလက်မှတ်ထိုးနိုင်ကြမယ်ဆိုရင် ဒီ ငြိမ်းချမ်းရေး ရလဒ်ဟာသူ့အနေနဲ့ နောက်ထက် သမ္မတ ဒုတိယ သက်တမ်းတစ်ခုကို ဆက်လက် ထမ်းဆောင်နိုင်ဖို့ အင်အားတစ်ခုလည်းဖြစ်စေမှာဖြစ်ပါတယ် ။ ဒါပေမယ့် ဦးသိန်းစိန် ဆုတောင်းမပြည့်ခဲ့ပါဘူး။ NCA ကို တက်သုတ်ရိုက် လက်စသတ်ပြီး ရွေးကောက်ပွဲ မတိုင်မီ အားလုံး လက်မှတ် ထိုးနိုင်ရေး အတွက်ကြိုးပမ်းခဲ့ပေမယ့် လက်တွေ့မှာတော့ ကချင် အဖွဲ့ နဲ့ မွန် အဖွဲ့တွေ အပါအဝင် ဆွေးနွေးဘက် တစ်ဝက်လောက်က ဒီအစိုးရ လက်ထက်မှာ လက်မှတ်မထိုးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။ ဒါကြောင့်NCA ထိုးရေး မထိုးရေး ဟာ နိုင်ငံရေး ပယောဂ ကြောင့် အားလုံးပါဝင်တဲ့ သဘောတူညီမှု တစ်ခုမဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့ အခုလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ အနိုင်ရရှိပြီး အစိုးရဖွဲ့လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်တဲ့ အခါ ဒီ NCA လက်မှတ်ထိုးရေးကိစ္စပြန်စ လာပါတယ် ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ အနေနဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ တစ်ရပ် ကိုခေါ်ယူပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရော ၊ နိုင်ငံရေး ပါတီတွေရော အရပ်ဖက်လူ့ အဖွဲ့ အစည်းတွေပါ ပါဝင်ပြီး နိုင်ငံရေး ၊ တိုင်းပြည်ရဲ့ အနာဂတ်မှာ ကျင့်သုံးမယ့် ဖယ်ရယ်ပြည်ထောင်စု စနစ် ကို ချမှတ်နိုင်ရေးရည်ရွယ်ချက်ဖြစ်ပါတယ် ။ ဒါဟာ ၁၉၉၃ ခုနှစ် က အရင် စစ်အစိုးရ ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ အမျိုးသားညီလာခံ သဘောတရားမျိုးပဲဖြစ်ပြီး မတူညီတာကတော့ ၂၁ ရာစု ပင်လုံမှာ ပါဝင်မယ့် အစုအဖွဲ့တွေက ပိုပြီး ကျယ်ပြန့် လွတ်လပ်မှုရှိတယ် ၊ သို့သော်လည်း ညီလာခံ က ရရှိလာမယ့် ရလင်္ဒတွေ နဲ့ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ဆိုတဲ့ အတိုင်းအတာ အထိသာ အမြင့်ဆုံးတက်လှမ်းနိုင်နဲ့ ပန်းတိုင်သာရှိပါတယ် ။

ဒီနေရာမှာ ပြဿနာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုံစုံညီညီ ပါဝင်နိုင်ရေးပဲဖြစ်ပါတယ် ။ အခုအချိန်မှာ အပစ်အခတ် ရပ်စဲရေး စာချုပ် NCA ကို လက်မှတ်မထိုးသေးပဲ ကျန်ရှိနေတဲ့အဖွဲ့တွေက အရင်က မျှော်လင့်ထားသလို အလွယ်တကူ NCA လက်မှတ်ထိုးပြီး ပင်လုံညီလာခံ ကို တက်ရောက်ဖို့ ရှောင်လွှဲနေတာကြောင့် အခက်တွေ့နေကြတဲ့အနေအထားဖြစ်ပါတယ်။ အခုလို မပြေလည်ရတဲ့ အကြောင်းတွေ ရဲ့ အခြေခံကတော့ အဲဒီလို NCA လက်မှတ်မထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ရဲ့ လှုပ်ရှားအခြေပြုရာ ဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေပြီး တပ်မတော်က ရည်ရွယ်ချက် ရှိရှိ နဲ့ ထိုးစစ်တွေဆင်နေတယ်လို့ တိုင်းရင်းသားတွေဘက်က ထောက်ပြ ပြောဆိုနေပါတယ် ။ အခြေအနေက တိုက်ပွဲတွေ ဟာ လုံးဝ ရပ်တန့်သွားမယ့် သဘောမရှိသေးပဲ အချိန်မရွေး ကြီးမားတဲ့ တိုက်ပွဲတွေရှိလာနိုင်တယ် ဆိုတဲ့ စိုးရိမ်ပူပန်မှုက ရှိနေဆဲပဲဖြစ်ပါတယ် ။

ဒီအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်းဖြစ် ၊ဖယ်ဒရယ်ပြည်ထောင်စု စနစ် တည်ဆောက်ရေးလည်းဖြစ်တဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ ကို ရှိတဲ့လူ နဲ့ ဖြစ်သလို လုပ်ရတော့မယ် သဘောမှာရှိနေပါတယ် ။ ဒါဆိုရင် ကောင်းမွန် ခိုင်မာတဲ့ ရလဒ်တွေရဖို့ ၊ တွေးထင်မျှော်မှန်းထားတဲ့ ပန်းတိုင်ဆီရောက်ဖို့ မလွယ်ကူနိုင်ဘူးလို့ ယူဆရမှာပဲဖြစ်ပါတယ် ။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် က အခါအခွင့်သင့်တိုင်း ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အပစ်ရပ်ရေး စာချုပ် NCA မှာ လက်မှတ်ထိုးဖို့ အမြဲလို တိုက်တွန်းနေတာဖြစ်သလို ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့မှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခန်းအနားမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာလည်း ဒီတိုက်တွန်းချက်ကို အလေးအနက်ထည့်သွင်းပြောကြားခဲ့ပါတယ် ။ ဒီလိုပြောကြားတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို မိမိကိုယ်ကို မိမိ ယုံကြည်မှုရှိဖို့ ၊ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆောင်ရွက်နိုင်စွမ်းရှိတယ် ဆိုတာယုံကြည်ချက်ရှိဖို့ ၊ ကိုယ့်ရဲ့ စွမ်းအင်၊ ထက်မြတ်မှု ကိုပြသပြီး ပြည်သူလူထုရဲ့ထောက်ခံမှုကို ရယူတဲ့ နည်းနဲ့ သွားဖို့ ၊ NCA ကို သတ္တိရှိရှိ လက်မှတ်ထိုးဖို့ ဆိုပြီး ၃ ကြိမ် ၃ ခါတိတိ ထည့်သွင်းပြောဆို တိုက်တွန်းခဲ့ပါတယ်။ ဒါကြောင့် ဒီ NCA အရေးမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အနေအထားဟာ အလွန်စိတ်ဝင်စားစရာ ကောင်းတာကို ကျွန်တော် သတိထားမိပါတယ် ။ ဦးသိန်းစိန်ကလည်း သူ့လက်ထက်မှာ NCA ကို တိုင်းရင်းသား လက်နက်ကိုင်အားလုံး လက်မှတ်ထိုးဖို့ကြိုးစားနေတဲ့အချိန် ၊ ဒေါ်အောင်ဆန်းစုကြည် ကလည်း ၂၀၁၅ ရွေးကောက်ပွဲကို အပြိုင်ကြဲဖို့ တာဆူနေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က NCA ကို အသေအချာမစဉ်းစားပဲ အစောတလျှင်လက်မှတ်ထိုးခြင်းမျိုးလုပ်တာကို အားမပေးဘူးရယ်လို့ တိုင်းရင်းသားတွေ နဲ့ တွေ့ဆုံချိန်မှာပြောခဲ့တယ် လို့ သက်သေအထောက်အထားမရှိပေမယ့် နိုင်ငံရေးလောကမှာ ပြောဆိုနေကြတာရှိပါတယ်။ သေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ကို NCA ကို လက်မှတ်ထိုးဖို့ရော ၊ မထိုးဖို့ ရော တရားဝင် ၊ လူသိရှင်ကြား ပြောခဲ့တာ မရှိတာကိုတော့တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့အခုလို လုပ်ပိုင်ခွင့် အာဏာ ရရှိလာတဲ့ အခြေအနေမှသာ NCA ကို လက်မှတ်ထိုးဖို့ အလေးအနက်တိုက်တွန်းပြောကြားတာပဲဖြစ်ပါတယ် ။ ထူးခြားတာက NCA ပါ အချက်အလတ်တွေနဲ့ ပတ်သက်ပြီး သူမ အနေနဲ့ အကောင်းအဆိုးကိုမဝေဖန်ခဲ့သလို NCA ကို ရေးဆွဲခဲ့စဉ်က သူမ အနေနဲ့ ပါဝင်ခဲ့ခြင်းမရှိပေမယ့် အခု လက်မှတ်ရေးထိုးခြင်း မပြုတဲ့ အဖွဲ့တွေ ပါဝင်ခဲ့တာကိုတော့ သူမ က ထောက်ပြခဲ့ပါတယ် ။ တကယ့်လက်တွေ့ မှာလည်း NCA အတူရေးဆွဲ ခဲ့သူတွေ ကတိုက်ပွဲတွေ ဖြစ် ၊ ကိုယ်တိုင်ပါဝင်ရေးဆွဲ ခဲ့တဲ စာချုပ်ကို ကိုယ်တိုင် လက်မှတ်ထိုးဖို့ ငြင်းဆန်နေတဲ့ သဘောမှာရှိပါတယ်။

တကယ်တော့ အခု ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ အဆင်ပြေပြေ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ နိုင်ရေးမှာ ခလုပ်ကသင်းဖြစ် နေတဲ့ NCA စာချုပ် နဲ့ လက်နက်ကိုင် နှစ်ဖက် အဖွဲ့ တွေအကြားမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ အခုမှ ဝင်ရောက်လာတဲ့ လူသစ်ဖြစ်ပါတယ်။ ဒီအနေ အထားမှာ လူသစ်က ပြေလည်အောင်ကြိုးစားနေရပြီး အရင် ဆွေးနွေးပွဲ တစ်ဝိုင်းတည်းထိုင်ခဲ့တဲ့ လူဟောင်းတွေက တိုက်ပွဲတွေဖြစ်နေတာ၊ တိုက်ပွဲတွေ မရပ်တန့်နိုင်ကြတာ ကိုကြည့်ရင် တိုက်ပွဲတွေ ရဲ့ နောက်ကွယ်မှာ နိုင်ငံရေး ပယောဂတွေရှိနေသလား ဆိုတာလည်း စဉ်းစား ရှာဖွေသင့်ပါတယ် ။ တချို့နေရာတွေမှာလည်း တပ်မတော် က လိုအပ်တာထက် ပိုပြီး အင်အားသုံးနေတဲ့ သဘောတွေ တွေ့ရပြီး အကျိုးဆက်အနေနဲ့ အပ်နဲ့ပေါက်ရမယ့် နေရာမှာ ပုစိန် နဲ့ပေါက်ရမယ့် အခြေအနေတွေဖြစ်ကုန်တာလည်းတွေ့ရပါတယ်။ဒါဟာ လက်နက်ကိုင် တိုင်းရင်းသားတွေ ရဲ့ စိုးရိမ်ပူပန်မှုကိုကြီးထွားစေပြီး NCA လက်မှတ်ထိုးရေး နဲ့ NCA အလွန် ငြိမ်းချမ်းရေး အပေါ်မှာ ဆိုးကျိုး သက်ရောက်မှုတွေရှိစေပါတယ် ။ဒါကြောင့် အခုလိုအရေးကြီးတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်ရင်းသားတွေကို တိုက်တွန်းထားသလို တပ်မတော် ကိုလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ ၊ကိုယ့်နိုင်ငံရဲ့ အကျိုးကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဆောင်ရွက်နိုင်ကြောင်းပြသဖို့ တိုက်ထွန်းထားမယ်လို့ ယူဆပါတယ် ။ ဒီလို ယူဆမိတဲ့ အကြောင်းကတော့၊ လေးနက်တဲ့ နိုင်ငံရေး အဓိပ္ပါယ် တစ်ခုကိုရည်ရွယ်ပြီး အခု ပင်လုံမြို့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု နေ့အခန်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်ထိုးဖို့ သူမ မိန့်ခွန်းရဲ့ အဓိက ဆိုလိုရင်း သတင်းစကားအဖြစ် ပြောကြားခဲ့ခြင်းဟာ ပင်လုံမြို့ လို အစဉ်အလာကြီးမားခဲတဲ့ သမိုင်းဝင်မြေပေါ်မှာရပ်ပြီး " အားလုံး NCA ကို လက်မှတ်သာ ရဲရဲထိုးလိုက်ပါ ၊ တပ်မတော် ဘက်ကို သူမ တာဝန်ယူပါတယ် "လို့ ကတိပေးလိုက်ခြင်းဖြစ်တယ် လို့ မှတ်ယူရမှာပဲဖြစ်ပါတယ်။ ဟို အရင် သူမ တာဝန် မရှိခဲ့စဉ်က NCA အကြောင်း အလေးအနက်မပြောခဲ့ပေမယ့် အခုလို တိုင်းပြည်မှာ သူမ အနေနဲ့ တာဝန်ရော လုပ်ပိုင်ခွင့်ပါ ရရှိလာတဲ့အချိန်မှာတော့ အခုလို လက်မှတ်ထိုးဖို့ လက်တွန့်နေတဲ့ တိုင်းရင်းသားတွေ ကို NCA မှာ ရဲရဲတင်းတင်း လက်မှတ်ထိုးဖို့ တိုက်တွန်းလိုက်တာဟာ အစိုးရ နဲ့ တဖွဲ့တစ်သင်းထဲ ရပ်တည်နေပြီး အစိုးရရဲ့ အမိန့်ကို နာခံရတဲ့ တပ်မတော် ကို သူမ" ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တာဝန်ယူပါတယ် " ဆိုတဲ့ သေချာမှုတစ်ခုကို သက်သေခံနေပါတယ် ။ ဒါကြောင့်NCA ကို လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အပစ်အခတ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းထိုင်ဖို့ NCA ကို လက်မှတ်ထိုးကြပါ ။ ဒေါ်အောင်ဆန်းစုကြည် ဟာ တိုင်းရင်းသားတွေဘက်က စစ်ကူတိုက်ပေးဖို့ မဖြစ်နိုင်ပေမယ့် နိုင်ငံရေး စကားဝိုင်းမှာ တိုင်းရင်းသားတွေ ရဲ့ရသင့်ရထိုက်တဲ့ အခွင်အရေးအတွက် နိုင်ငံရေးအရ ကူတိုက်ပေး နိုင်ပါတယ်။ ဒါကြောင့် NCA သာ လက်မှတ် ထိုးလိုက်ပါ ၊ ငြိမ်းချမ်းရေးစကားဝိုင်းမှာဖြောင့်ဖြောင့်ထိုင်နိုင်ဖို့အတွက်ကျန်တဲ့ ကိစ္စ ဒေါ်အောင်ဆန်းစုကြည် က တာဝန်ယူပါလိမ့်မယ် ...။

The Speaker Vol.1 No 13ါ်အောင်ဆန်းစုကြည် ရဲ့ ပင်လုံ ကတိ သို့မဟုတ် NCA ကို ရဲရဲ လက်မှတ်ထိုးလိုက်ပါ ..
သီဟသွေး

ဇေယျာသော် (သို့မဟုတ်) ရက်(ပ်)ပါဘ၀မှ ဥပဒေပြုအမတ်ဖြစ်လာသူ

$
0
0

နေပြည်တော်တွင် စစ်အစိုးရလက်ထက်က တည်ဆောက်ခဲ့သည့် လွှတ်တော်အဆောက်အဦကြီးသည် အလွန် တရာကြီးကျယ်ခမ်းနားလှသည်။ နန်းတော်ကြီးတဆောင်နှင့်ပင် ထင်မှတ်မှားလောက် သည်။ယင်းလွှတ်တော်ကြီးအတွင်း အစည်းအဝေးတက်ရောက်ကြသည့် ဥပဒေပြုအမတ်များမှာလည်း အငြိမ်းစားသမားတော်ကြီးများ၊ ရှေ့နေများ၊ စီးပွားရေးလုပ်ငန်း ရှင်ကြီးများစသည်ဖြင့် အလွှာစုံ လူတန်း စားမှဖြစ်ကြသည်။

ဥပဒေပြုအမတ်များအနက် အများနှင့်မတူ တမူထူးခြားသူကား (ဦး)ဇေယျာသော်ဖြစ်သည်။ အသက် (၃၅) နှစ်အရွယ်ရှိ ဇေယျာသော်သည် ရက်(ပ်) အဆိုတော်ဟောင်းတဦးဖြစ်သည်။
ဇေယျာသော်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် နေပြည်တော်မဲဆန္ဒနယ်တခုမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သူ၏ ပြိုင်ဘက်မှာ တပ်မတော်(လေ) ဦးစီးချုပ်ဟောင်း၊ အစိုးရ၏ ထိပ်တန်းအဖွဲ့ဝင်တဦး ဖြစ်သည်။ မည်သို့ဆိုစေ ယင်းမဲဆန္ဒနယ်တွင် ဇေယျာသော်အနိုင်ရခဲ့သည်။

သူ၏ အောင်ပွဲသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အာဏာကြီးထွားလာမှု၏ စံနမူနာဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံ၏ သမိုင်း၌ အလှည့်အပြောင်းတခုလည်း ဖြစ်သည်။
ဇေယျာသော်သည် အသက် (၁၇) နှစ်အရွယ် ၁၉၉၈ ခုနှစ်က ဟစ်ဟော့တေး ဂီတအဖွဲ့တဖွဲ့ကို တည်ထောင်ခဲ့သည်။ ထိုစဉ်က ဟစ်ဟော့သည် မြန်မာနိုင်ငံတွင် လူကြိုက်မများသေးပေ။ သူသည် သူ၏ သီချင်းများတွင် နိုင်ငံရေးမက်ဆေ့ခ်ျများ ထည့်သွင်းရေးသားရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ သို့သော် သီချင်းတပုဒ်မှာတော့ ''ကျွန်တော့်အတွက် ပြည်သူ့အတွက်''ဟူသော စာသားများထည့်သွင်းခဲ့ရာ ယင်းသီချင်း သည် ဆယ်ကျော်သက်များအကြား အလွန်အကြိုက်များခဲ့သည်။ ယင်းသီချင်းသည် အုပ်စိုးသူ လူတန်းစားအား ဆန့်ကျင်သည်ဟုဆိုကာ စစ်အစိုးရက ပိတ်ပင်ခဲ့ သည်။

သို့သော် ဇေယျာသော်သည် ၂၀၀၇ ခုနှစ်တွင် သူ့ဘ၀တွင် ဘာလုပ်ရမည်ကို အပြည့်အ၀ သတိပြုမိခဲ့သည်။ ယင်းနှစ်တွင် စစ်အစိုးရက သံဃာတော် များ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဖြိုခွဲခဲ့သည်။ စစ်အစိုးရ၏ ရက်စက်မှုကို ဒေါသထွက်ပြီး သူသည် မြေအောက်အဖွဲ့အစည်းတခုကို ဖွဲ့စည်းခဲ့သည်။ သူသည်စစ်အစိုးရအား ပြစ်တင်ဝေဖန်သည့်သီချင်းများကို
ရောင်းချခဲ့သည်။ သူနှင့်သူ၏ လုပ်ဖော်ကိုင်ဖက်များသည် ‘CNG ဟူသော စာသားပါ စတစ်ကာများကို နေရာအနှံ့လိုက်လံကပ်ကြသည်။ CNG သည် သဘာဝဓာတ်ငွေ့ရည် ဖြစ်သည်။ သို့သော် ဇေယျာသော်နှင့် လုပ် ဖော်ကိုင်ဖက်များက ''ယခု အစိုးရအဖွဲ့ ပြောင်းလဲကြစို့''(Change Now Government)ဟု ဆိုလိုခြင်းဖြစ်သည်။ သူသည် ၂၀၀၈ တွင် ဖမ်းဆီးထောင်ချ ခြင်းခံရသည်။
ခြောက်နှစ်ကြာထောင်ကျနေစဉ်အတွင်း ဇေယျာသော်သည် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတခုကို နားထောင် ခဲ့ရသည်။ ယင်းမိန့်ခွန်းပါ 'လက်ရှိအခြေအနေကို ပြောင်းလဲချင်ရင် မိမိခြေထောက်ပေါ် ရပ်တည်နိုင်အောင်လုပ်ကြ'စာသားက သူ့အပေါ် ကြီးစွာသြဇာသက်ရောက်စေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းမိန့်ခွန်းကို နေအိမ်အကျယ်ချုပ်မှ ခေတ္တပြန်လည်လွတ်မြောက်စဉ်အတွင်း အစည်းအဝေးတခုတွင် ပြောကြားခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် တိုင်းပြည်အရပ်ဘက် အုပ်ချုပ်ရေးသို့ ကူးပြောင်းသောအခါ သူသည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ လွတ်မြောက်လာခဲ့သည်။ သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သို့ ၀င်ရောက်ခဲ့သည်။ ၂၀၁၂ ခုနှစ် ရွေး ကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးအဖြစ် ရွေးကောက်ခံရပြီး သူသည် ပါတီဗဟိုကော်မတီတဦး ဖြစ်လာ ခဲ့သည်။ ၈၈ မျိုးဆက်တက်ကြွလှုပ်ရှားသူများသည် မြန်မာ့နိုင်ငံရေး၌ ထဲထဲဝင်ဝင် ပါဝင်ဖို့ ချီတုံချတုံ ဖြစ်နေကြသည်။ ၈၈ မျိုးဆက်သစ်တခုကို အားပေးအားမြှောက်ပြုရန် အခက်အခဲရှိနေကြသည်။

''ကျွန်တော်တို့မှာ နောင်တော်ကြီးတွေထံက လေ့လာသင်ယူဖို့ အခွင့်အရေး မရခဲ့ဘူး။ ဒီကွက်လပ်ကို ကျွန်တော်တို့ ဖြည့်ဖို့လိုတယ်''ဟု ဇေယျာသော်က ပြော သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် စက်တင်ဘာလက အစည်းအဝေးတက် ရောက်ရန် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့သည်။ ထိုစဉ်က ဇေယျာ သော်သည် အဖွဲ့ဝင်တဦးအဖြစ် လိုက်ပါ သွားခဲ့သည်။
NLD ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်အများစုသည် သက်ကြီးရွယ်အိုများဖြစ်ကုန်ပြီဖြစ်သည်။ ပါတီ၏ အနာဂတ်ကို ဦးဆောင်ရန် လူလတ်ပိုင်းအရွယ် ခေါင်းဆောင်အရေအတွက်မှာ လက်ချိုးရေ၍ ရသည်။ အဆိုပါပုဂ္ဂိုလ်များတွင် ဇေယျာသော်သည် တဦးအပါအ၀င်ဖြစ်လာနိုင် သည်ဟု နိုင်ငံရေးအကဲခတ်သမားများက သုံးသပ်နေကြသည်။

SM
Ref; (NIKKEI Asian Reviwe)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဦးကိုနီလုပ်ကြံခံရမှု စုံစမ်းဖော်ထုတ်မှု အပေါ် ဘ၀င်မကျကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယက ဦးတင်ဦးပြော

$
0
0

ရန်ကုန် ဖေဖော်ဝါရီ ၁၉
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လုပ်ကြံခံရတဲ့ ဦးကိုနီသေဆုံးမှုနဲ့ ပတ်သတ်ပြီး လက်ရှိ လုပ်ကိုင်နေတဲ့စုံစမ်းဖော်ထုတ်ရရှိမှုအခြေအနေတွေကို အားမရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယက ဦးတင်ဦးက ယနေ့ ပြုလုပ်တဲ့ မြန်မာနိုင်ငံရှေ့ နေများကွန်ယက်က ဦးကိုနီကွယ်လွန်ခြင်းရည်စူးပြီး ၀မ်းနည်းဂုဏ်ပြုခြင်း အခမ်းအနားမှာ ပြောပါတယ်။
“အခုအချိန်မှာအားမရဘူး။ ညီအကိုနှစ်ယောက်နဲ့ ဘဲ အဆက်အသွယ်ရပ်ပြီး အမှုမှာမိထားတဲ့သူ တွေလည်းရှိရဲ့သားနဲ့ မြန်မြန်ထက်ထက်မဖြစ်တော့ သိပ်ပြီးဘ၀င်မကျဘူး။ အမှုကကြာလာလေ သွေး အေးလာလေဖြစ်လာမှာစိုးလို့ မြန်မြန်ဖော်ထုတ်ကြပါ။ ဥပဒေရှေ့ မှောက်မှာ ကျူးလွန်သူကိုပြတ်ပြတ်သားသားအရေးယူပေးပါ” လို့ အမျိုးသားစီးမိုကရေစီအဖွဲ့ ချုပ် နာယက ဦးတင်ဦးက မြန်မာနိုင်ငံရှေ့  နေများကွန်ယက်က ယနေ့ ပြုလုပ်တဲ့ ဦးကိုနီကွယ်လွန်ခြင်းရည်စူးပြီးဝမ်းနည်းဂုဏ်ပြုခြင်းအခမ်းအနားမှာပြောပါတယ်။

လူမွန်
Kumudra

ကင်ဂျုံနမ် အမှု၌ ဖမ်းထားသော မြောက်ကိုရီးယား ဓာတုဗေဒပညာရှင်ဖြစ်ဟုဆို

$
0
0

By ဧရာဝတီ 19 February 2017

ကင်ဂျုံနမ် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မလေးရှားရဲက ဖမ်းဆီးထားတဲ့ မြောက်ကိုရီးယားလူမျိုး ရီဂျောင်ချူးဟာ ဓာတုဗေဒ ပညာရှင်တဦးဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့ ပြောဆိုချက်ကို ကိုးကားပြီး Free Malaysia Today သတင်းကဆိုပါတယ်။

မလေးရှားရဲထံမှ သိရှိရတဲ့အချက်များအရ ရီဂျောင်ချူးဟာ မြောက်ကိုရီးယား တက္ကသိုလ်မှ သိပ္ပံနှင့် ဆေးဝါးဆိုင်ရာနယ်ပယ်နဲ့ ပတ်သက်တဲ့ ဘွဲ့ကို ၂၀၀၀ခုနှစ်က ရရှိခဲ့ခြင်းဖြစ်ပါတယ်။

နောက်ပိုင်းမှာ သုတေသနအတွက် ကာလကတ္တားမှာ ၂၀၁၁ခုနှစ်အထိ နေထိုင်ခဲ့ပြီးနောက် မြောက်ကို ရီးယားကို ပြန်သွားကာ မလေးရှားကို လာရောက်ပြီး IT ကုမ္ပဏီတခုမှာ အလုပ်လုပ်တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ အဆိပ်ရည်နဲ့ လုပ်ကြံနဲ့ နောက်ကွယ်မှာ သူပါဝင်တယ်ဆိုတာ စောလွန်းပေမယ့်၊ စုံစမ်းနေဆဲပဲဖြစ်တယ်လို့ ပြောပါတယ်။

ရီဂျောင်ချူးကို ပြီးခဲ့တဲ့ သောကြာနေ့ညက ကွာလာလမ်ပူ ဂျလန်း ကူချိုင် လာမားအရပ် သူနေထိုင်ရာ ကွန်ဒိုကို ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၃နှစ်က နိုင်ငံခြားသား အလုပ်သမားတဦးအနေနဲ့ လာရောက်မှတ်ပုံတင်ထားတာဖြစ်ပါတယ်။

လက်ရှိမှာတော့ မလေးရှားရဲက ရမန်တပတ်ရယူကာ သူ့ကို ဆီဖန်ခရိုင်က ရဲဌာနချုပ်က အချုပ်မှာ ချုပ်နှောင်ထားပြီး၊ မြောက်ကိုရီးယားသံရုံး ကိုယ်စားလှယ်ကတော့ မနေ့က သူနဲ့ တနာရီခန့် လာရောက်တွေ့ဆုံခဲ့ပါတယ်။

ကင်ဂျုံနမ်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဗီယက်နမ်သူ ဒေါင်သီဟောင်၊ အင်ဒိုနီးရှားသူ ဆစ်သီနဲ့ သူ့ရည်းစား မလေးရှားအမျိုးသားတဦးနဲ့ မြောက်ကိုရီးယားသား ရီဂျောင်ချုးတို့ စုစုပေါင်း ၄ဦးကို ရဲက ထိန်းသိမ်းထားပါတယ်။

မြောက်ကိုရီးခေါင်းဆောင် ကင်ဂျုံအီရဲ့ဖအေတူ မအေကွဲ အကို ကင်ဂျုံနမ်ဟာ ဖေဖော်ဝါရီလ ၆ရက်နေ့ မလေးရှားကို ရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က မကာအိုသွားဖို့ လေဆိပ်မှာ ပြင်ဆင်နေစဉ် လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။

မလေးရှား The Star သတင်းကတော့ ရဲက အလိုရှိနေတဲ့ တခြားသောမြောက်ကိုရီးယားတွေဟာ နိုင်ငံထဲကနေ ထွက်သွားလောက်ပြီလို့ ယုံကြည်ရကြောင်းဆိုပါတယ်။ သူတို့ဟာ အသက် ၃၀ကနေ ၅၀အကြားရှိတဲ့ လူတွေဖြစ်ပြီး လုပ်ကြံမှုဖြစ်ပြီးနောက်မှာ လေယာဉ်နဲ့ အိမ်နီးချင်း နိုင်ငံတွေဘက်ကို ထွက်သွားနိုင်တယ်လို့ သုံးသပ်ပါတယ်။

မလေးရှားမှာ မြောက်ကိုရီးယားများ ၁ထောင်ခန့်ရှိပြီး၊ စီးပွားရေးလုပ်ငန်းများ၊ သာမန်အလုပ်သမား များ အဖြစ် နေထိုင်လုပ်ကိုင်ကာ၊ မြောက်ကိုရီးယား နာမည်ကြီးစားသောက်ဆိုင် ပြုံယမ်းကိုယိုဆိုင်လည်း ကွာလာလမ်ပူမှာ ဖွင့်လှစ်ထားပါတယ်။

By ဧရာဝတီ
https://burma.irrawaddy.com/news/short-news/2017/02/19/130645.html

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်တွင် ခါးပိုက်နှိုက်များ အတင့်ရဲလာ

$
0
0

မြန်မာနိုင်ငံ၏ အထင်ကရနေရာ တခုဖြစ်သည့် ကျိုက်ထီးရိုးဆံတော်ရှင်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူ များအပြင် ပြည်တွင်းပြည်ပ ဘုရားဖူးများ နေ့စဉ်လာရောက်လျက်ရှိရာ လူထူထပ်မှုကို အခွင့်ကောင်းယူကာ ခါးပိုက်နှိုက်များ တစတစအတင့်ရဲလာနေကြောင်း စုံစမ်းသိရှိသည်။

''ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းကဆို ဟောဒီရင်ပြင်တော်တခုလုံး ဘုရားဖူးတွေ ပြည့်ကျပ်နေတာ၊ ဟိုတယ်ရော၊ စား သောက်ဆိုင်တွေမှာရော အကုန်ပြည့်နေတဲ့အချိန်ဆိုတော့ ဘုရားဖူးတွေကြုံသလိုအိပ်ကြတယ်။ ဖြစ်ချင်တော့ မနက်စောစော ကျွန်မဆိုင်ကို အမျိုးသမီးသုံးယောက်ဝင်လာတည်းက တယောက်ကငိုနေတယ်ဆိုတော့ မေးကြည့်မိတာပါ။ သူ့ဆွဲကြိုးနဲ့ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရလို့တဲ့၊ ညကတည်းက ဆွဲကြိုးကို ပိုက်ဆံ အိတ်ထဲထည့်ထားတာ၊ အရုဏ်တက် မျက်နှာသစ်မယ်လုပ်တော့ အိတ်မရှိတော့ ဘူးဆိုပြီး ငိုငိုယိုယိုနဲ့ ပြောသွားတယ်။ သေချာမေးကြည့်တော့ သူက ရန်ကုန်ကလို့ပြောတယ်။ ကျွန်မလည်း သူ့ကိုကိုယ်ချင်းစာပြီး ထမင်းဖိုးမယူဘဲ ကူညီပေးလိုက်ပါတယ်။ ဖြစ်လေရာမှာ ခါးပိုက်နှိုက်ရန်မှ ကင်းဝေးပါရစေလို့ ဘုရားမှာဆုတောင်းသွားတယ်''ဟု ရင်ပြင်တော်ရှိ စားသောက်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

တောင်ခြေကင်မွန်းစခန်းတောင်တက် မော်တော်ယာဉ်ဌာနတွင် ''ခါးပိုက်နှိုက်သတိပြု''ဟူသော သတိပေးဆိုင်း ဘုတ်များ ချိတ်ဆွဲထားသည့်အပြင် မော်တော်ယာဉ်တစီးချင်းပေါ်သို့တက်သည့် လှေကားအတက်အဆင်းတွင်လည်း လုံခြုံရေး တာဝန်ကျရဲများ အချိန်ပြည့်စောင့်ကြပ်နေကြသည်။ မော်တော်ယာဉ်များမှာလည်း မနက် ၆ နာရီမှ ည ၆ အထိ အလှည့်ကျ ပြေးဆွဲပေးနေသည်။

တောင်ပေါ်ရှိ စားသောက်ဆိုင်များတွင်လည်း ညအိပ်တည်းခိုသူများအား မိမိ၏တန်ဖိုးရှိပစ္စည်းများနှင့် အရေးကြီး စာရွက်စာတမ်းများကို မိမိကိုယ်တိုင်တာဝန် ယူရမည်ဟု အခန်းတိုင်းစာကပ်ထားသည့်အပြင် စားသောက်သည့်နေရာတွင်လည်း လုံခြုံရေးကင်မရာ CCTV များ တပ်ဆင်ရှိထားသည်။

''ဒီမှာတော့ ခါးပိုက်နှိုက်ဆို တာ သိပ်မတွေ့ပါဘူး။ အခုရက်ပိုင်းဆိုရင် ဘုရားဖူးနည်းတော့ ပိုတောင်မဖြစ်နိုင်ဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းကတောင်မှ တယောက်လား ဒါပဲရှိတယ်။ အဲ့ဒါလည်း မိသွားပါတယ်။ ဘုရားရင်ပြင်တော် ပတ်ပတ်လည်မှာလည်း လုံခြုံရေးကင်မရာ CCTV တွေ တပ်ထားပါတယ်။ ဘုရားရင်ပြင်တော် ထိန်းသိမ်းရေးအဖွဲ့တွေရော၊ တာဝန်ရှိရဲတွေရော အချိန်ပြည့်စောင့်ကြည့်နေပါတယ်''ဟု ဘဏ္ဍာထိန်းဂေါပကအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ဝိသကြုံ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ထိုင်းက ဓမ္မကာယကျောင်းလာသူတွေ အပြင်ထွက်ဖို့ ရဲကပြော

$
0
0
ကျောင်းဝင်းထဲမှာ နေကြတဲ့သူတချို့က ဖယ်မပေးပို့ အမိန့်ဖီဆန်မှုတွေရှိ

ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဖြစ်တဲ့ ဓမ္မကာယ ဘုန်းကြီးကျောင်းကို ဂါရဝပြုဖို့လာတဲ့ သောင်းနဲ့ချီတဲ့သူတွေကို အပြင်ထွက်ပေးဖို့ ရဲတွေက အမိန့်ထုတ်လိုက်ပါတယ်။

ငွေကြေးခဝါချမှုသာမက ခိုးရာပါ ပိုင်ဆိုင်မှုတွေ တန်ဖိုး သန်းချီ လက်ခံထားမှုနဲ့ စွပ်စွဲခံနေရတဲ့ ကျောင်းထိုင်ဆရာတော်ဟောင်း ဖရာဓမ္မချာယိုကို ရဲတွေက လနဲ့ချီပြီး ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

အခုလို စွပ်စွဲမှုတွေဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေတယ်လို့ ဒီဆရာတော်ရဲ့ လက်ထောက်က တုန့်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း ထောင်နဲ့ချီတဲ့ ထိုင်းရဲတွေက ဒီဆရာတော်ကို ကျောင်းဝင်းကြီးထဲမှာ ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့တဲ့အတွက် ဒီဆရာတော် ရှိသေးသလားဆိုတာ မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ပါတယ်။

ကျောင်းဝင်းထဲမှာ နေကြတဲ့သူတချို့က ဖယ်မပေးပို့ အမိန့်ဖီဆန်မှုတွေရှိပြီး ဒီလိုလုပ်ရင် ထောင်တနှစ်အထိ ချနိုင်တယ်လို့လည်း ရဲတွေဘက်က ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းက ဒီဆရာတော်ကို ရဲတွေက စုံစမ်းမေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။
BBC Burmese

ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော် မှ ဓာတ်တော်မွေတော်များ ကြွင်းကျန်ရစ်ခဲ့

$
0
0

ဖေဖော်ဝါရီ ၁၈ရက် ညနေ ၆ နာရီက အောင်မြေသာစံ မြို့နယ် ရွှေမန်းတောင်အားကစားကွင်းတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓာရုံကျောင်းတိုက်၊ ဇယမေဒနီဝါဆိုကျောင်း နိုင်ငံတော်သြဝါ ဒါစရိယစုဒ္ဒသမ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး အဘိဓဇမဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဘဒ္ဒန္တအဂိယ၏ ရုပ်ကလာပ်တော်အား အန္တိမဈာပန သာဓုကိဠနပူဇော်ပွဲပြုလုပ်ရာ ရုပ်ကလာပ်တော်မှ ဓာတ်တော်မွေတော်များ ကြွင်းကျန်ရစ်ခဲ့ကြောင်း အန္တိမဈာပန သာဓုကိဠနပူဇော်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

နိုင်ငံတော်သြဝါ ဒါစရိယစုဒ္ဒသမ ရွှေကျင်သာ သနာပိုင် ဆရာ တော်ကြီးအဘိဓဇမဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဘဒ္ဒန္တအဂ္ဃိယ၏ ရုပ်ကလာပ်တော်မှ ကြွင်းကျန်ရစ်ခဲ့သော ဓာတ်တော်မွေတော်များမှာ ဦးနှောက်တော်၊သွား တော်နှင့် အရိုးတော်များဖြစ်ကြောင်း သိရသည်။

စိုင်းထူးခန့်
News Watch
https://www.facebook.com/NewsWatchJournal/

ကင်ဂျုံနမ် အသတ်ခံရမှု မြောက်ကိုရီးယားပါဝင်လို့ စွပ်စွဲခံရ

$
0
0


မစ္စတာ ကင်ဟာ မြောက်ကိုရီးယားခေါင်းဆောင်နေရာကို ဆက်ခံဖို့ ဦးစားပေး ဖြစ်ခဲ့ဖူး
မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အကို အသတ်ခံရမှုမှာ မြောက်ကိုရီးယားအစိုးကိုယ်တိုင် ပတ်သက်နေတယ်လို့ တောင်ကိုရီးယား ပေါင်းစည်းရေး ဝန်ကြီးဌာနက စွပ်စွဲလိုက်ပါတယ်။

ဒီအသတ်ခံရမှုနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ နောက်ထပ် လူလေးယောက်တွေ့ထားတယ်လို့ မလေးရှားရဲတွေက ပြောပါတယ်။

ဒါပေမယ့် ဒီလူလေးယောက်ဟာ မလေးရှားနိုင်ငံထဲမှာတော့ မရှိတော့ဘူးလို့ ရဲတွေက ပြောပါတယ်။

လောလောဆယ်မှာ သံသယဖြစ်စရာ လူ လေးယောက်ဖမ်းထားပြီး ဒီထဲက အမျိုးသမီးတယောက်ကတော့ သူ့ကို လှည့်ဖျားပြီး ပါဝင်အောင် အလုပ်ခံခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

သေဆုံးသူ မစ္စတာ ကင်ဂျုံနမ်နဲ့ နီးစပ်တဲ့ ဆွေမျိုးတယောက်ယောက်က အလောင်းကို ပြန်သယ်ခွင့် ၂ ပတ်အတွင်း တောင်းရမယ်လို့ မလေးရှားရဲတွေက ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ ဖအေတူ မအေကွဲ အကို မစ္စတာ ကင်ဟာ မလေးရှားလေဆိပ်မှာ ဓာတုဗေဒ ဆေးအဖြန်းခံရပြီး မကြာခင် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကင်ဟာ မြောက်ကိုရီးယားခေါင်းဆောင်နေရာကို ဆက်ခံဖို့ ဦးစားပေး ဖြစ်ခဲ့ဖူးပြီး သူ့ရဲ့ ဖခင် ကင်ဂျုံအီရဲ့ မျက်နှာသာပေးမှု မရတဲ့နောက်ပိုင်း ပြည်ပရောက်သွားခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဘူးသီးတောင်နယ်စပ် တိုက်ခိုက်ခံရမှု စုံစမ်းဆဲ

$
0
0


ဒီတိုက်ခိုက်မှုအတွင်းမှာ လုံခြုံရေးအဖွဲ့ဝင်တွေဘက်က ၂ ဦး ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရ
ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့ နေ့လည်ပိုင်းက နယ်ခြားမှတ်တိုင် အမှတ် ၅၆နဲ့ ၅၇ ကြားမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နေရာယူပြီး နယ်စပ်မှာ စစ်ဆေး ကင်းလှည့်နေတဲ့ အစိုးရ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက စနေနေ့မှာ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုအတွင်းမှာ လုံခြုံရေးအဖွဲ့ဝင်တွေဘက်က ၂ ဦး ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အေအေ ရခိုင်တပ်မတော်က ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သူတို့ တပ်ဖွဲ့တွေဟာ အဲဒီနေရာနားမှာ လှုပ်ရှားမှုမရှိသလို ဒီတိုက်ခိုက်မှုဟာ သူတို့နဲ့ မဆိုင်ဘူးလို့ ဘီဘီစီကိုပြောပါတယ်။

အခုလို လာရောက်တိုက်ခိုက်ခဲ့တဲ့ အနက်ရောင်ဝတ် လက်နက်ကိုင် တပ်ဖွဲ့ အရေအတွက် ၃၀ လောက်ရှိပြီး သူတို့ဘက်က အကျအဆုံး အခြေအနေကိုလည်း မသိရသေးပါဘူး။

BBC Burmese
http://www.bbc.com/burmese

တိုင်းရင်းသားအားလုံး ပင်လုံမှာပါဝင်ခွင့်ရဖို့ ကချင်အမျိုးသားတွေ့ဆုံပွဲမှ တောင်းဆို

$
0
0


ကချင်အမျိုးသားတွေ့ဆုံပွဲ (Hkun Awng Nlam)
၂၁ရာစုပင်လုံမှာ အပစ်ရပ်လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ရေး၊ စစ်တပ်ဘက်က တိုင်းရင်းဒေသတွေမှာ ထိုးစစ်ဆင်နေတာတွေကို လုံးဝရပ်ဆိုင်းရေးနဲ့ စစ်ပြေး ဒုက္ခသည်တွေ ဘေးအန္တရာယ် ကင်းရှင်းစွာ နေရပ်ရင်းပြန်နိုင်ရေး ကချင်ပြည်သူလူထုက ကချင်အမျိုးသားများတွေ့ဆုံပွဲကနေ တောင်းဆိုလိုက်ပါတယ်။ ဆယ်စုနှစ်နဲ့ချီကြာမြင့်နေတဲ့ပြည်တွင်းစစ် မီးငြိမ်းနိုင်ရေးက အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ခိုင်မာတဲ့ယုံကြည်မှုတည်ဆောက်နိုင်ဖို့က အရေးကြီးဆုံးဖြစ်တယ်လို့လည်း ကချင့်အရေးလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ပြပါမယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ကျင်းပနေတဲ့ ၂၁ရာစုပင်လုံညီလာခံကနေ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်မယ့် ကချင်တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဂျွယ်ခမ်းမမှာ ကချင်အမျိုးသားတွေ့ဆုံပွဲတရပ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၈ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမစတင်ခင်မှာ ကချင်ပြည်နယ်အစိုးရနဲ့ ဒေသခံရဲအာဏာပိုင်တွေဘက်က ပိတ်ပင်တားဆီးမှုတွေ ရှိခဲ့ပြီးနောက်မှာတော့ ညီလာခံအဖြစ် ကျင်းပခွင့်မပြုပဲ နိုင်ငံရေးဆွေးနွေးပွဲအဖြစ်နဲ့ပဲ ခွင့်ပြုခဲ့တဲ့ ဒီကချင်အမျိုးသားများ တွေ့ဆုံပွဲကနေ ကချင်လူထုရဲ့ တောင်းဆိုချက်တွေကို သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဓိက တောင်းဆိုချက်တွေကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံဟာ ၁၉၄၇ ပင်လုံစာချုပ် နဲ့ ပင်လုံကတိကဝတ်တွေကို အခြေခံဖော်ဆောင်နိုင်မယ့် ညီလာခံဖြစ်စေချင်သလို ၂၁ရာစုပင်လုံ ညီလာခံမှာ အပစ်ရပ်လက်မှတ် မထိုးထားသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင်ခွင့်ပြုဖို့နဲ့ ကချင်ဒေသအပါအဝင် တိုင်းရင်းဒေသတွေမှာ မြန်မာ့တပ်မတော်ဘက်က ထိုးစစ်ဆင်တာတွေကိုလုံးဝ ရပ်ဆိုင်းပေးဖို့ ကချင်လူထုက တောင်းဆိုပါတယ်။ ဒီလိုကချင်လူထုရဲ့တောင်းဆိုချက်တွေနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးအပေါ် ကချင်လူထုရဲ့ဆန္ဒသဘောထားကို လူ့အခွင့်အရေးနဲ့ငြိမ်းချမ်းရေးလှုပ်ရှားသူ ကချင်အမျိုးသမီး မမေစပယ်ဖြုကလည်း အခုလိုပြောပါတယ်။

“ကျမတို့ ကချင်အများသားညီလာခံ လုပ်သွားတာတွေရော ၊ နောက်ပြီး ဒီသဘောထားကြေညာချက်ကို ကြည့်မယ်ဆိုရင် ကျမတို့ကချင်လူထုအားလုံးဟာ တကယ်ပဲ အကုန်လုံးပါဝင်ပြီးတော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ၊ စစ်မှန်ပြီးတော့ တရားမျှတတဲ့ ငြိမ်းချမ်းရေး ကို ရချင်တဲ့ ဆန္ဒကျမတို့အားလုံးမှာ ပြင်းပြနေပါတယ်လို့။ အဲဒီတော့ အားလုံးပါဝင်ရေးမူကို လက်ကိုင်ထားပြီးတော့ အကယ်၍မပါဝင်နိုင်သေးတဲ့အဖွဲ့တွေရှိမယ်ဆိုရင် သူတို့ပါဝင်လာနိုင်မယ့်အခြေအနေမျိုး ဖြစ်အောင် ဘယ်လိုညှိနှိုင်းဆောင်ရွက်မလဲဆိုတာ ကို ကျမတို့က အလေးပေးပြီး စဉ်းစားစေလိုပါတယ်။”

ကချင်လူထုဘက်ကတောင်းဆိုချက်တွေထဲ အဓိက စစ်ဘေးကြောင့် နေရပ်ကနေ တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေကို လူသားခြင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကို နိုင်ငံတော်အစိုးရက ကူညီပေးဖို့နဲ့ ပြည်တွင်းပြည်ပ ပံ့ပိုးကူညီမှုတွေကို လွတ်လပ်စွာခွင့်ပြုပေးဖို့အပါအဝင် စစ်ဘေးဒုက္ခသည်တွေ နေရပ်ကို ဘေးအန္တရာယ်ကင်းရှင်းစွာ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေး အစိုးရနဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ပေးဖို့လည်းပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ စစ်ဘေးဒုက္ခသည်တွေအရေး ထည့်သွင်းစဉ်းစားပေးဖို့ကိုလည်း မမေစပါယ်ဖြူက တိုက်တွန်းပါတယ်။

“လက်ရှိမှာ ကျမတို့အတွက် Urgent ပေါ့ အရေးတကြီးလိုအပ်နေတာက စစ်ပြေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးကိစ္စဖြစ်ပါတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြောတဲ့အခါမှာ ဒီစစ်မက်ပဋိပက္ခကြောင့် အရင်ဆုံးထိခိုက် နစ်နာရတဲ့ ဒေသခံ အပြစ်မဲ့ပြည်သူတွေ စစ်ပြေးဒုက္ခသည်တွေရဲ အရေးကိုလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရေးကြီးတဲ့ ကိစ္စရပ်တခုအနေနဲ့ မဖြစ်မနေ ထည့်သွင်းစဉ်းစားပေးသင့်တယ်။ ကျမတို့ စစ်ပြီးရင် သူတို့တွေလည်း အချိန်တန်ရင် ပြန်ပြီးတော့ ကိုယ့်ပုံမှန်ဘ၀ကို ပြန်ရမှာပဲဆိုပြီးတော့ အင်မတန်မှ ရိုးစင်းပြီး သမားရိုးကျ စဉ်းစားတဲ့အတွေမျိုးနဲ့ မစဉ်းစားစေချင်ပါဘူး။ အဲဒီတော့ ကျမအနေနဲ့ ပြောရမယ်ဆိုရင် အဲဒါလေးတွေတော့ ကျမ အဓိကထားပြီးပြောချင်ပါတယ်ရှင့်။”

စစ်ရေးတင်းမာမှုတွေနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေက စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံပြည်သူတွေကို တိုက်ပွဲတွေကြား ထိခိုက်မှုမရှိရအောင် လူနေတဲ့နေရာတွေမှာ တပ်တွေက တပ်စွဲတာ ပစ်ခတ်တာ မလုပ်ဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမဖြစ်အောင် ကာကွယ်ပေးဖို့ ဖြစ်လာရင်လည်း ထိရောက်စွာအရေးယူဖို့ လည်း ကချင်လူထုက တောင်းဆိုပါတယ်။

တိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေရပ်စဲဖို့ဆိုရင် မြန်မာ့တပ်မတော်ဘက်က အရင်ဆုံး အပစ်ခတ်ရပ်စဲရေးကို ဖော်ဆောင်ဖို့လိုတယ်လို့လည်း ရှမ်းမြောက်အခြေစိုက် ကချင်အမျိုးသားလုံးဆိုင်ရာကွန်ယက်က ကိုအိုင်ဇက်အောင်ကလည်း ပြောပါတယ်။

“စစ်တပ်ကနေပြီးတော့ သူ့ရှိသမျှ ပါဝါအားလုံးကို ထိန်းချုပ်ထားတယ်ဆိုတော့ တကယ်လို့ စစ်တပ်၊ သူ့အနေနဲ့ လိုက်လျောမယ်ဆိုရင် ဘာမဆိုဖြစ်သွားနိုင်တယ်ပေါ့ တခါတည်း ချက်ချင်းပေါ့ ။ ဒါပေမယ့် အခုက စစ်တပ်အနေနဲ့လည်း လုံးဝလိုက်လျောဖို့အတွက် အလားအလာမရှိဘူး။ ဒီစစ်တပ်ထိပ်ပိုင်းရယ်၊ အစိုးရ ထိပ်ပိုင်းရယ် ၊ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် ထပ်ပိုင်းရယ်တွေ့ပြီးတော့ တခုခုလျှော့ရင်လျှော့ သို့မဟုတ် တိုင်းရင်းသားဘက်ကလျှော့ နောက်ပြီး စစ်တပ်ဘက်ကလျှော့ ၊ အစိုးရဘက်ကလျှော့ အဲလိုမျိုး အလျှော့အတင်းလုပ်မယ်ဆိုရင် ပိုပြီးတော့ ထိရောက်မယ်လို့ ကျနော်ကတော့ မြင်တယ်။ အဲဒါဆိုတော့ ကျနော်တို့က အစည်းအဝေးပဲ တွေ့ဆုံပွဲပဲလုပ်တာမဟုတ်ပဲနဲ့ အဖြေတခုခု ထွက်လာမယ်လို့ ကျနော်မျှော်လင့်တယ်။”

လာမယ့်သီတင်းပတ်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အပစ်ရပ်လက်မှတ်မထိုးထားသေးတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံဖို့စီစဉ်ထားပါတယ်။ အခုဆိုရင်တော့ ပြည်နယ်နဲ့တိုင်းအသီးသီးမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပသွားကြဖို့ ပြင်ဆင်နေပြီး ဒီလိုအချိန်ယူတာကြောင့် ၂၁ရာစုပင်လုံညီလာခံကျင်းပမယ့်ရက်ကို အရင် ဖေဖော်ဝါရီ ၂၈ရက်နေ့ကို သတ်မှတ်ထားပေမဲ့ နောက်ဆုတ်ရွှေ့ဆိုင်းထားပါတယ်။

မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အင်္ဂါဂြိုဟ်ပေါ်မှာ မြို့တည်ရန် ယူအေအီး စီစဉ်

$
0
0


အင်္ဂါဂြိုဟ်ပေါ်တွင် တည်ဆောက်မည့် မြို့ ပုံစံငယ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    အဘူဒါဘီ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

    အာရပ်စော်ဘွားများ ပြည်ထောင်စုက ၂၁၁၇ ခုနှစ်တွင် အင်္ဂါ ဂြိုဟ် (Mars) ပေါ်တွင် မြို့တစ်မြို့ တည်ဆောင်ရန် စီစဉ်ထားကြောင်း ကြေညာလိုက်သည်။

“အဲဒီ စီမံကိန်းကို Mars 2117 လို့ အမည်ပေးထားပါတယ်၊ အင်္ဂါ ဂြိုဟ်ပေါ်မှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်တဲ့ အသိုက်အဝန်း တစ်ခု မြို့ တစ်မြို့ ဖန်တီးဖို့ ရည်မှန်းချက်တွေ ပေါင်းစုထားတယ်” ဟု ယူအေးအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ကျင်းပသည့် ငါးကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အစိုးရ ထိပ်သီး အစည်းအဝေးပြီးနောက် ယူအေအီး ဒုတိယ သမ္မတနှင့် ဝန်ကြီးချုပ် ရှိတ် မိုဟာမက် ဘင် ရာရှစ် အယ်လ်-မက်တော်မ်က ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။

အင်္ဂါဂြိုဟ်ပေါ်တွင် တည်ဆောက်မည့် မြို့ ပုံစံငယ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
Mars 2117 သည် ကာလရှည် စီမံကိန်း တစ်ခု ဖြစ်ပြီး မားစ်ဂြိုဟ်ပေါ်တွင် လူသားများ၏ စူးစမ်းရှာဖွေမှုအား တွန်းအားပေးသည့်အနေဖြင့် လည်းကောင်း၊ အာကာသ စူးစမ်းရှာဖွေရာတွင် စိတ်အားထက်သန်သော အာရပ်စော်ဘွားများ ပြည်ထောင်စုမှ လူငယ်များအတွက် နေရာတစ်ခု တည်ဆောက်ပေးရန် ရည်ရွယ်ကြောင်း၊ ယခု စီမံကိန်း လုပ်ဆောင်ရခြင်း၏ ပထမ ရည်မှန်းချက်မှာ အမျိုးမျိုးသော နယ်ပယ်များ၌ သိပ္ပံပညာရပ်ဆိုင်ရာ သုတေသန ဦးဆောင်နိုင်ရန် ပညာရေး စနစ်အား ဖွံ့ဖြိုး တိုးတက်ရန် ဖြစ်ကြောင်း ရှိတ် မိုဟာမက်က တရားဝင် သတင်းထုတ်ပြန်ချက် တစ်စောင်၌ ပြောကြားထားသည်။

အာကာသ ခရီးသွား သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့် အင်္ဂါဂြိုဟ်ပေါ်သို့ အစားအစာ သယ်ယူရေး စသည်တို့အား သုတေသန လုပ်ရဦးမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ကနဦး အစီအစဉ်အရ အင်္ဂါဂြိုဟ်ပေါ်၌ စက်ရုပ်များ အသုံးပြုကာ မြို့တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ယင်းမြို့သည် အကြမ်းဖျင်းအားဖြင့် ချီကာဂိုမြို့ အရွယ်အစားရှိပြီး လူဦးရေ ခြောက်သိန်းခန့်နေထိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

ပြည်ဝင်ခွင့်ကန့်သတ်မိန့်သစ် ကန် သမ္မတ ထုတ်ပြန်ဖို့ရှိနေ

$
0
0


သမ္မတ Donald Trump
မွတ်စလင် အများစု နေထိုင်ရာ နိုင်ငံ ၇ ခုကလူတွေကို အမေရိကန် ပြည်ထောင်စု အတွင်း ၀င်ရောက်ခွင့် တားမြစ်မယ့် ပိုပြီး ထိရောက်တဲ့ သမ္မတ အမိန့်ညွှန်ကြားချက်ကို သမ္မတ Donald Trump က မကြာခင်မှာ ထုတ်ပြန်ဖို့ ရှိနေပါတယ်။

ဒါပေမယ့် ဒီအမိန့်ညွှန်ကြားချက်က ကျင့်သုံးဖို့ ပိုပြီး ကောင်းမွန်မှာ ဖြစ်သလို အမေရိကန် ပြည်ထောင်စု အတွင်း နိုင်ငံခြားသား ခရီးသွားတွေ ၀င်ရောက်မှုကို ကန့်သတ်ဖို့ အစောပိုင်းက ဆောင်ရွက်ချက်တွေမှာ ကြုံတွေ့ခဲ့ရတဲ့ ပရမ်းပတာ အခြေအနေမျိုးတွေကိုလည်း ရှောင်ရှားနိုင်မှာ ဖြစ်တယ်လို့ အမိမြေ လုံခြုံရေး ၀န်ကြီး John Kelly က မနေ့ စနေနေ့က ပြောဆိုပါတယ်။

ဂျာမနီ နိုင်ငံ မြူးနစ်လုံခြုံရေး ညီလာခံ အတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ကမကထပြု ဆွေးနွေးတာမှာ ၀န်ကြီး Kelly က အခုလို ထည့်သွင်းပြောဆိုတာ ဖြစ်ပါတယ်။ အမိန့်ညွှန်ကြားချက် အသစ်က အလုပ်သမား ပြည်ဝင်ခွင့်၊ ဒါမှမဟုတ်လည်း အမြဲတမ်းနေထိုင်ခွင့် ကိုင်ဆောင်တဲ့ နိုင်ငံခြားသားတွေ အမေရိကန် ပြည်ထောင်စု အတွင်း ပြန်လည် ၀င်ရောက်ခွင့်ကို တားဆီးမှာ မဟုတ်ဘူးလို့ ၀န်ကြီး ကယ်လီက ပြောပါတယ်။

ဒါ့အပြင် အမိန့်ညွှန်ကြားချက် ထုတ်ချိန်မှာ အမေရိကန်ပြည်ထောင်စုရဲ့ လေဆိပ်တွေကို ပျံသန်းလာနေပြီ ဖြစ်တဲ့ နိုင်ငံခြားသား ခရီးသွားတွေ အပေါ်မှာလည်း သက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့လည်း ၀န်ကြီးက ထပ်လောင်း ပြောပါတယ်။ ပြည်ပနေက အမေရိကန် ပြည်ထောင်စုကို ပျံသန်းလာသူတွေ အမိန့်ညွှန်ကြားချက်ကြောင့် ပိတ်မိမနေစေဖို့ သမ္မတ ထရမ့်က အသေအချာ စီစဉ် လုပ်ဆောင်မှာ ဖြစ်ပါတယ်လို့လည်း အမိမြေ လုံခြုံရေး ၀န်ကြီးက ပြောဆိုသွားပါတယ်။

လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ အမိန့်ညွှန်ကြားချက် အသစ်ကတော့ အစောဆုံး အင်္ဂါနေ့လောက်မှာ ထွက်ပေါ်လာနိုင်တယ်လို့ အမေရိကန် သတင်းတွေမှာ ခန့်မှန်းရေးသားထားကြပြီး သမ္မတ Trump ကိုယ်တိုင်ကလည်း ဒီသီတင်းပတ်အတွင်း ထုတ်ပြန်မယ်လို့ အတည်ပြု ပြောဆိုထားတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.comn

ရှေ့နေဦးကိုနီအမှု ကွင်းဆက်တရားခံများ မမိမှာ NLD နာယက စိုးရိမ်

$
0
0

ဦးကိုနီ ဈာပန။ ဇန်န၀ါရီ ၃၀၊ ၂၀၁၇။
ဦးကိုနီ ဈာပန။ ဇန်န၀ါရီ ၃၀၊ ၂၀၁၇။
လုပ်ကြံခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အမှုအတွက် ဆက်စပ်တရားခံတွေကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ မြန်မာနိုင်ငံ ရှေ့နေများကွန် ရက်က တောင်းဆိုလိုက်ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ဦးကိုနီကိုလုပ်ကြံကြတဲ့ နောက်ကွယ်က ဆက်စပ်တရားခံတွေ လွတ်မြောက် သွားမှာကို စိုးရိမ်မိတယ်လို့ NLD ပါတီနာယက ဦးတင်ဦးကလည်း ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လုပ်ကြံခံရတဲ့ ဦးကိုနီအတွက် ဝမ်းနည်းဂုဏ်ပြုတဲ့ အခမ်းအနားတခုကို မြန်မာနိုင်ငံ ရှေ့နေများကွန် ရက်က ဖေဖော်ဝါရီ ၁၉ ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဦးကိုနီကို လုပ်ကြံခဲ့တဲ့ ဆက်စပ်တရားခံ တွေကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က တောင်းဆိုကြောင်း အဲဒီကွန်ယက်မှာ ဦးဆောင်ပါဝင်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“ဦးကိုနီအမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်သူက ဘာကြောင့် သတ်ခိုင်းတာလဲ၊ ဘယ်သူက သိန်းထောင်ချီ ပိုက်ဆံတွေကို ထုတ်ပေးတာလဲ၊ နောက်တချက်က ဒီကိစ္စဟာ တပ်မတော်အဆင့်မြင့် အရာရှိကြီးဟောင်း တဦး ပါဝင်နေတော့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်မှာစိုးတဲ့အတွက် အမြန်ဆုံးဖော်ထုတ်ပေးဖို့ တင်ပြခြင်းဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သတင်းထုတ်ပြန်မှုလည်း အားနည်းနေသလို အရေးယူဆောင်ရွက်မှုအပိုင်းမှာလည်း နှေးကွေးတယ်လို့ ယူဆတဲ့အတွက် ဒါကို မြန်ဆန်စေချင်လို့ပါ။ နောက်ဒါက အကြမ်းဖက်မှုဖြစ်တယ်၊ ၂၀၁၄ က ပြဌာန်းထားတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းတယ်၊ အဲဒီအတိုင်းဖော်ထုတ်မယ်ဆိုရင် ငွေကြေးထောက်ပံ့တဲ့သူတွေပါ အကုန်လုံးကို တစမကျန်ဆွဲထုတ်ရမှာ။ ”

ဒီကနေ့ အခမ်းအနားကို NLD ပါတီ ဥပဒေအကြံပြုအဖွဲ့ ဦးဆောင်သူလည်းဖြစ် NLD ပါတီနာယကလည်းဖြစ်တဲ့ ဦးတင်ဦး တက်ရောက်ခဲ့ပြီး အချိန်တွေ ကြာလာတာနဲ့အမျှ ဦးကိုနီကိုလုပ်ကြံတဲ့ နောက်ကွယ်က ဆက်စပ်တရားခံတွေ လွတ်မြောက်သွားမှာကို စိုးရိမ်မိတာကြောင့် ဒီအမှုကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ NLD ပါတီက လိုလားကြောင်း ဦးတင်ဦးက ပြောပါတယ်။

“ဒီကိစ္စက ရှင်းပါတယ်၊ ဒါဟာနိုင်ငံတကာ လေဆိပ်ကြီးထဲမှာ လက်ရဖမ်းမိပြီး ဖြစ်သော်လည်း ၊ ထုတ်ဖော်ချက်တွေ ကျနော်တို့ ကွင်းဆက်ရတဲ့ဟာကို ထိထိရောက်ရောက်မရနိုင်တာတွေနဲ့ နောက်ပြီးတော့ ရတဲ့တယောက် ပြောတဲ့အချက်အလက်ပေါ်မူတည်ပြီးတော့ ပြောရင်း ကျန်တဲ့ပုဂ္ဂိုလ်တွေထဲက လွှတ်မြောက်သွားတာတွေ ၊ ဆက်လက်ရှာဖွေလို့မရသေးဘူးဆိုတာတွေ အဲဒီအပေါ်မှာ အမှုက ကြာသွားရင် ဒီလေးနက်မှုဟာ လျော့သွားမယ့်ဟာမျိုး ၊ အားနည်းချက်ဖြစ်သွားမှာ မဖြစ်ထိုက်ဘူးဆိုတာမျိုးအပေါ်မှာမှုတည်ပြီးတော့ ၀ိုင်းဝန်းပြီးတော့ ထိထိရောက်ရောက်နဲ့ အမြန်ဆုံး ဖမ်းဆီးရမိအောင်ဆောင်ရွက်ရမယ့် ကိစ္စမှာ လေးလေးနက်နက်နဲ့ ဒါကို မြန်မြန်ဖော်ထုတ်ပြီးတော့ ဆောင်ရွက်ပေးနိုင်ဖို့အတွက်ကိုတော့ တိုက်တွန်းကြတယ်။”

ဒီအမှုကို အင်းစိန်ထောင်တွင်းမှာ အထူးခုံရုံးဖွဲ့ စစ်ဆေးဖို့လိုတယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။

“ဒီအမှုကို စစ်ဆေးမယ်ဆိုရင်တော့ ဂဠုန်ဦးစော အမှုကို စစ်ဆေးသလို၊ လမ်းမှာ ဖြတ်ပြီးတော့ လုတာမျိုးမဖြစ်ရအောင် ၊ ပေါက်ထွက်တာမျိုးတွေမဖြစ်ရအောင် အင်းစိန်ထောင်ထဲမှာရှိတဲ့ အဆောင်တခုခုမှာ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က တရားသူကြီးတွေ ပါတဲ့ ခုံအဖွဲ့ထိုင်ပြီးတော့ အမြန်ဆုံးစစ်ဆေးပေးဖို့ ကျနော်တို့ လိုလားတာဖြစ်ပါတယ်။”

ဒီနေ့ အခမ်းအနားကို ရှေ့နေအသင်းအဖွဲ့တွေက ရှေ့နေတွေရော ဦးကိုနီရဲ့ မိသားစုဝင်တွေပါ တက်ရောက်ခဲ့ကြပါတယ်။
VOA Burmese News

KNU တပ်ရင်း ၈ နယ်မြေ အတွင်း ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ကြေညာချက်ထုတ်

$
0
0
ကရင်အမျိုးသားအစည်းအရုံး KNU တပ်ရင်း ၈ ရဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်ကို တွေ့ရစဉ်ကရင်အမျိုးသားအစည်းအရုံး KNU တပ်ရင်း ၈ ရဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်ကို တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းဒေသ ကရင်အမျိုးသားအစည်းအရုံး KNU တပ်ရင်း ၈ ဧရိယာအတွင်း မှာ အစိုးရတပ်မတော်က လမ်းဖောက်လုပ်နေတာကြောင့် KNU က တပ်ရင်း ၈ နယ်မြေအတွင်း ဒေသခံတွေ ကို ဖြတ်သန်းသွားလာခွင့်မပြုကြောင်း စာထုတ်ပြန်လိုက်ပါတယ်။

NCA စာချုပ်သဘောတူညီချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဧရိယာအတွင်း တစုံတစ်ခု ပြုလုပ်မယ် ဆိုရင် သဘောတူညီချက် ရယူရမယ်ဆိုတဲ့အချက်ကို တပ်မတော်ဘက်က လိုက်နာမှုမရှိတဲ့အတွက် KNU က စာထုတ်ပြန်လိုက်တာလို့ ကျောက်ကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်ဆန်းဦး က ပြောပါတယ်။

"NCA မူပါအချက်အလက်တွေအရ လုပ်ငန်းတွေလုပ်ရင် နှစ်ဖက်တပ်တွေညှိနှိုင်းရမယ်လို့ ပါရှိတယ်လေ။ တပ်မတော်က ပူးပေါင်းဆောင်ရွက်တာမရှိပဲ အဲဒီမှာ တပ်တွေဝင်သွားပြီး လမ်းဖောက်မယ်ဆိုပြီးလုပ်တော့ ဟိုဘက်ကလည်း စာပြန်ထွက်တာပါ"

တပ်မတော်က KNU တပ်ရင်း ၈ ပိုင် ဧရိယာအတွင်းက ကော့ပြင်းကျေးရွာကနေ မွေတော်အထိ လမ်းဖောက်လုပ်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာ KNU တပ်က တာဝန်ရှိသူတွေနဲ့ တပ်မတော် တာဝန်ရှိသူတွေအကြား ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပေမယ့် နှစ်ဖက်တင်းမာမှုတွေ ရှိနေတယ်လို့လည်း ဦးတင်ဆန်းဦး က ပြောပါတယ်။

KNU တပ်ရင်း ၈ ဧရိယာအတွင်း ဒေသခံတွေ အမြဲသွားလာနေတဲ့ လမ်းတွေကလွဲပြီး ကျန်တဲ့ လမ်းတွေနဲ့ တော တွင်းကို သွားလာခွင့်မပြုကြောင်း KNU က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက် တာဖြစ်ပါတယ်။
RFA

YBS ယာဉ်လိုင်းအားလုံး သုံးလအတွင်း ကားသစ်ဝယ်ယူရမည်ဟု ၀န်ကြီးချုပ်ပြော

$
0
0

လက်ရှိပြေးဆွဲနေသော YBS ယာဉ်လိုင်းများအားလုံးကို အဆင့်မြှင့်တင်မှုအနေဖြင့် ပထမသုံးလအတွင်း ကားသစ်များဖြင့် အသစ်ဝယ်ယူပြေးဆွဲရမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

လက်ရှိ YBS အဖြစ် ပြေးဆွဲနေသောကားအများစုမှာ ယခင် မထသလက်ကျန်ကားဟောင်းများဖြစ်ပြီး ယခုကဲ့သို့ ကားသစ်များနှင့်လှဲလှယ်ရန် ၀န်ကြီးချုပ်က ပြောကြားလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့က သုံးလတစ်ကြိမ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် အခုကျွန်တော်တို့ရဲ့ ဒုတိယလှုပ်ရှားမှုကတော့ ကားတွေအားလုံးကို အဆင့်မြှင့်တင် ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။ ဒီ အဆင့်မြှင့်တင်ဆောင်ရွက်တဲ့နေရာမှာ ကားအသစ်တွေဝယ်ယူပြီး ကုမ္ပဏီတွေကနေ စနစ်တကျပြေးဆွဲနိုင်ဖို့ ဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် သုံးလတစ်ကြိမ် အဆင့်မြှင့်တင်မှု ပြုလုပ်မည်ဖြစ်ပြီး YBS စနစ်သို့ ပထမအဆင့်ပြောင်းလဲပြီးနောက် ယခု ဒုတိယအဆင့်အနေဖြင့် YBS အများပိုင်ကုမ္ပဏီများမှ ဧပြီလတွင် ကားသစ်များဖြင့် လဲလှယ်ပြေးဆွဲရမည်ဖြစ်သည်။

လက်ရှိ YBS စနစ်သစ်တွင် ဘတ်စ်ကားစီးရေ ၃,၅ဝဝ ကျော် ပြေးဆွဲနေပြီး စီးရေ ၄,၅ဝဝ အထိ ပြေးဆွဲနိုင်ရန် ရန်ကုန်တိုင်းအစိုးရက မျှော်မှန်းထားကြောင်း YART မှ သိရသည်။ တိုင်းဒေသကြီးအစိုးရမှလည်း လာမည့် ဧပြီလတွင် ဘတ်စ်ကားစီးရေ ၃,ဝဝဝ ခန့်ကို အစိုးရအချင်းချင်း ဝယ်ယူသည့်စနစ်ဖြင့် မှာယူတင်သွင်းသွားမည် ဖြစ်သည်။

ထိုသို့ ပြေးဆွဲနိုင်ရန် အများပိုင်ကုမ္ပဏီများမှ ကားသစ်ဝယ်ယူရာတွင် အရည်သွေးကောင်းမွန်သော ကားများဝယ်ယူနိုင်ရန် တိုင်းဒေသကြီး ၀န်ကြီးချုပ်က မျှော်မှန်းထားသည်ဟု ဆိုသည်။

“ အရည်အသွေးကောင်းမွန်တဲ့ ကားတွေ ဖြစ်နိုင်ဖို့ကို မျှော်မှန်းထားပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီလုပ်ငန်း ဟာ ကားသစ်တွေနဲ့ ဆောင်ရွက်ခြင်းဟာ စီးပွားရေးအရရော တွက်ခြေကိုက်ပါတယ်။ ကားအဟောင်းတွေကို အမြဲတမ်းပြင်ဆင်နေပြီးတော့ အချိန်နဲ့တစ်ပြေးညီ မပြေးဆွဲနိုင်တဲ့ ကားတွေနဲ့သာ ဒီလုပ်ငန်းကို ဆောင်ရွက် နေမယ်ဆိုရင် ကုမ္ပဏီလုပ်ငန်းမှာလည်း အရှုံးပေါ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကားအသစ်တွေနဲ့ ပြေးဆွဲနိုင်ဖို့ ဆောင်ရွက်ခြင်းဟာ အရေးကြီးတဲ့အပြောင်းအလဲတစ်ရပ် ဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

YBS ယာဉ်လိုင်းများကို အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က (က) အစုရှယ်ယာအဖြစ် ပါဝင်သွားမည်ဖြစ်ကြောင်း၊ YBS စနစ်အတွက် လျာထားငွေ ကျပ် ၇၅ ဘီလီယံမှ ဘတ်စ်ကားသစ်များ ဝယ်ယူရေးအတွက် ဘဏ္ဍာငွေ လျာထားပြီးဖြစ်ကြောင်း သိရသည်။

===========

Mizzima - News in Burmese

http://www.mizzimaburmese.com/article/23729

1, 2, 3 ဟု အော်ကာ ဇွဲကပင်တောင်ပေါ်မှ ခုန်ချသော နိုင်ငံခြားသားမှာ ပြင်သစ်နိုင်ငံသားဖြစ်

$
0
0


 ဇွဲကပင်တောင်ပေါ်မှ ခုန်ချသော နိုင်ငံခြားသားမှာ ပြင်သစ်နိုင်ငံသားဖြစ်
ဘားအံ ဖေဖော်ဝါရီ ၁၉

ကရင်ပြည်နယ် ဘားအံမြို့နယ် ဇွဲကပင် တောင်ပေါ်မှ ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီခန့်က နိုင်ငံခြားသားတစ်ဦး ဇွဲကပင်တောင်၏ အမြင့်ဆုံးနေရာ ပေပေါင်း ၂၇၃ဝ ကျော် မြင့်သည့် ဓမ္မစေတီနေရာအနီး၊ အများသုံးအိမ်သာ ခေါင်မိုးပေါ်တက်၍ အရှိန်ဖြင့် 1, 2, 3 ဟု အော်ကာ ခုန်ချသဖြင့် သေဆုံးသွားခဲ့ ကြောင်း၊ ပြင်သစ်နိုင်ငံသားဟု ထင်မြင် ယူဆကြောင်း မျက်မြင်တွေ့ရှိခဲ့သောနိုင်ငံခြားသားနှစ်ဦးထံမှ သိရသည်။

သတင်းဆက်အရ ယင်းရုပ် အလောင်းကို တောင်ခြေသို့ သယ် ဆောင်ရန်အတွက် ပြင်ဆင်ဆောင်ရွက် အပြီး ည ၁ဝ နာရီ မိနစ်၃ဝ ခန့်မှစ၍ တောင်အောက်သို့ ခက်ခက်ခဲခဲ သယ်ဆောင်ခဲ့ရသည့်အတွက် ဖေဖော် ဝါရီ ၁၉ ရက်က နံနက် ဝဝ နာရီ မိနစ် ၅ဝ ခန့်က ဇွဲကပင်တောင်ခြေ (တော်ပုံ ဘက်ခြမ်း)တွင်ရှိသော လုမ္ဗိနီဥယျာဉ် သို့ ရောက်ရှိခဲ့ပြီး ရဲဆေးစာဖြင့် အလောင်းကို မာဃလူမှုကူညီရေး အသင်းမှ လူနာတင်ယာဉ်ဖြင့် ဘားအံ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ သည်။

ရုပ်အလောင်းကို အသေးစိတ် စစ်ဆေးခဲ့ရာ ID ကတ်တစ်ခုနှင့် ၁၇-၂-၁၇ ရက်စွဲပါ အင်ပါယာယာဉ်လိုင်း ၏ ကားလက်မှတ်နှစ်ခု ရှာဖွေတွေ့ရှိခဲ့ ကြောင်း၊ ID ကတ်ပါဓာတ်ပုံနှင့် သေဆုံး သူမျက်နှာ တူညီမှုရှိပြီး ID ကတ်အရ ပြင်သစ်နိုင်ငံသားဖြစ်၍ အမည်မှာNORMANDIN ဖြစ်ကြောင်း သိရ သည်။ ¤င်းသည် ၁၇-၂-၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲက ပဲခူးမှ အင်ပါယာမှန်လုံ ယာဉ်ဖြင့် လိုက်ပါလာ၍ ဘားအံထုံးအိုင် လမ်းမပေါ်ရှိ ရွှေဖားစည်ကားဂိတ်မှ ညနေ ၄ နာရီက ဆိုင်ကယ်ကယ်ရီဖြင့် ဇွဲကပင်ဆံတော်ရှင်စေတီသို့ သွား ရောက်ခဲ့ကြောင်း ထုံးအိုင်ရဲစခန်းမှူးနှင့် အဖွဲ့၏ စုံစမ်းမှုများအရ သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁ နာရီခွဲတွင် ထုံးအိုင် နယ်မြေရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် ၁/၂ဝ၁၇ ဖြင့် ဖွင့်လှစ် ထားရှိပြီး သေဆုံးသူနှင့်ပါရှိလာသည့် ပတ်စပို့စာအုပ်၊ ပစ္စည်းအိတ်များအား ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းမှစတင် ၍ ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရ သည်။
ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ အဆိုပါ နိုင်ငံခြားသားသေဆုံးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာသံရုံး၊ သက် ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ကြည်လင်းက ပြောသည်။

ကရင်ပြည်နယ်၏ သမိုင်းဝင်ဇွဲကပင် ဆံတော်ရှင် တည်ထားကိုးကွယ်ရာ ဇွဲကပင်တောင်သည် မြန်မာနိုင်ငံ၌ ထင်ရှားကျော်ဇောပြီး ပြည်တွင်း ပြည်ပ ဘုရားဖူးဧည့်သည်များ၊ နိုင်ငံခြားခရီး သွားလေ့လာသူများ စိတ်ဝင်စားသည့် နေရာဖြစ်သကဲ့သို့ ဇွဲကပင်ကေဘယ်လ် စီမံကိန်း စတင်ဆောင်ရွက်ခြင်းကြောင့် လည်း ပြည်တွင်းပြည်ပဘုရားဖူးများနှင့် နိုင်ငံခြား ခရီးသွားဧည့်သည်များဖြင့် စဉ်ဆက်မပြတ် စည်ကားလျက်ရှိသည်။ ယခုဖြစ်ပွားသည့်နေရာ၌ ယခင်က လည်း ဖြစ်ပွားခဲ့ဖူးကြောင်း ဒေသခံများ ထံမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲအုပ်ညီညီ မိုးက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း ထုံးအိုင်နယ်မြေရဲစခန်း မှ သိရသည်။

သတင်းနှင့်ဓာတ်ပုံ
ထွန်းထွန်းထွေး(ဘားအံ)
https://www.facebook.com/MYANMAALINNNEWS

ကမ္ဘောဒီးယားကြောင့် နိုးကြားခဲ့တဲ့ အိန်ဂျလီနာ ဂျိုလီ

$
0
0
ကမ္ဘောဒီးယား နိုင်ငံမှာ ဖြစ်ပျက် ခဲ့တဲ့ ခမာနီ လူမျိုးတုန်း သတ်ဖြတ်မှု သမိုင်း က သူ့ကို နိုးကြား မှုတွေ ပေးခဲ့တယ်လို့ သူ ဒါရိုက်တာ အဖြစ် ရိုက်ကူး ခဲ့တဲ့ ရုပ်ရှင် အထူး ပွဲကို တက်ရောက် ခဲ့တဲ့ ဟောလီးဝုဒ် အကျော်အမော် အိန်ဂျလီနာ ဂျိုလီ က ပြောပါတယ်။

ဂျိုလီ ဒါရိုက်တာ လုပ် ရိုက်ကူး တဲ့ First They Killed My Father 'အဖေကို သူတို့ ပထမဆုံး သတ်လိုက်တယ်' ဆိုတဲ့ ရုပ်ရှင်ကား ကို ကမ္ဘောဒီးယား နိုင်ငံမှာ အထူးပွဲ ပြသဖို့ ရောက်နေစဉ်မှာ ဘီဘီစီ က တွေ့ဆုံ မေးမြန်းခဲ့ တာပါ။

အဲဒီ ရုပ်ရှင် ဇာတ်လမ်း က ခမာနီ လူမျိုးတုန်း သတ်ဖြတ်မှု အတွင်း က ကလေးငယ် အများ အပြား သေဆုံး ခဲ့ရမှု တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်း ကို အခြေခံပြီး ရိုက်ကူး ထားတာပါ။

ခမာနီ လူမျိုးတုန်း သတ်ဖြတ်မှု ကြောင့် ဝေဒနာတွေ ခံစား ခဲ့ရတဲ့ သူတွေဟာ သူတို့ အကြောင်း ကို ပိုမို ဖွင့်ပြောလာကြဖို့ သူ ဒါရိုက်တာ အဖြစ် ရိုက်ကူး ခဲ့တဲ့ ရုပ်ရှင် က အကူအညီ ပေး နိုင်မှာ ဖြစ်တယ်လို့ ဂျိုလီ က ဆိုပါတယ်။

အိန်ဂျလီနာ ဂျိုလီ နဲ့ သားအကြီး မက်ဒ်ဒေါ့စ်
၁၉၇၅ ခုနှစ် ကနေ ၁၉၇၉ ခုနှစ် အတွင်း ဖြစ်ပွား ခဲ့တဲ့ ခမာနီ လူမျိုးတုန်း သတ်ဖြတ်မှု အတွင်းမှာ ကမ္ဘောဒီးယား ၂ သန်း သေဆုံး ခဲ့ရပါတယ်။

၂၀၁၁ မှာ Tomb Rider ရုပ်ရှင် ဇာတ်ကောင် Lara Croft (လာရာ ခရော့ဖ်) အဖြစ် သရုပ်ဆောင် ဖို့ အတွက် ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာ အထူး သံတမန် ဂျိုလီ ဟာ ကမ္ဘောဒီယား နိုင်ငံ ကို ရောက်ခဲ့တာပါ။

အဲဒီမှာ ရုပ်ရှင် ရိုက်ကူး ပြီးတော့ ကမ္ဘောဒီယား မှာ သား အကြီးဆုံး Maddox မက်ဒေါ့ ကို မွေးစား ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနိုင်ငံက လူတွေဟာ ဖော်ရွေပြီး ချစ်စရာ ကောင်းပါတယ်။ ပြီးတော့ ကမ္ဘောဒီးယား ရဲ့ သမိုင်း ကိုလည်း လေ့လာမိတယ်။ အဲဒီတော့မှ ကမ္ဘောဒီယား နဲ့ ပတ်သက်လို့ ကျမ သိထားတာ နည်းနည်းလေးပဲ ရှိပါလား ဆိုတာ သိခဲ့ရ တယ်လို့ ဂျိုလီ က ဘီဘီစီ သတင်းထောက် ယယ်ဒါ ဟာကင် ကို ပြောပြ ပါတယ်။

ကမ္ဘောဒီးယား က ကျမကို နိုးကြား စေခဲ့ပါတယ်။ ဒီအတွက် ကမ္ဘောဒီးယား နိုင်ငံ ကို အမြဲပဲ ကျေးဇူး တင်မိပါတယ်။ ကျမကို ကမ္ဘောဒီးယား နိုင်ငံက ပေးဆပ် ခဲ့သလောက် ပြန်ပေးဆပ် နိုင်မယ်လို့ ကျမ မယူဆ မိပါဘူး။

'အဖေ့ကို သူတို့ ပထမဆုံး သတ်လိုက်တယ်' ဆိုတဲ့ ရုပ်ရှင် ဇာတ်လမ်း က ကမ္ဘောဒီးယား လူမျိုး စာရေးဆရာမ လောင်းအန်း ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း ကို အခြေခံပြီး ရိုက်ကူး ထားတာ ဖြစ်ပါတယ်။

၁၉၇၅ ကနေ ၁၉၇၉ အထိ ကမ္ဘောဒီးယား ကို အုပ်ချုပ် ခဲ့တဲ့ ခမာနီ ခေါင်းဆောင် ပိုပေါ့ ရဲ့ လက်ထက်မှာ ငါးနှစ် သမီး အရွယ် စာရေးဆရာမ လောင်းအန်း ဟာ မိသားစုနဲ့ အတူ မြို့တော် ဖနွမ်းပင် နေ အိမ်ကနေ စွန့်ခွာ ထွက်ပြေး ခဲ့ရတာပါ။

ခမာနီ အုပ်ချုပ်မှု အောက်မှာ လူ နှစ်သန်း ခန့် သေဆုံး ခဲ့ရပြီး ဒါဟာ နိုင်ငံ လူဦးရေ ရဲ့ လေးပုံ တစ်ပုံ အရေအတွက် ဖြစ်ပါတယ်။ သေဆုံး ခဲ့ရသူတွေဟာ ခမာနီ တွေရဲ့ သတ်ဖြတ်မှု ခံရတာ ကြောင့် ဖြစ်သလို၊ မတရား ခိုင်းစေ ခံခဲ့ရလို့ ငတ်ပြတ် သေဆုံး ခဲ့ကြ သူတွေလည် အများအပြားပါ။

လွန်ခဲ့တဲ့ နှစ် ၄၀ လောက်က ဖြစ်ပွား ခဲ့တဲ့ စစ်ပွဲ တစ်ခုလို့ပဲ ထင်ထား ခဲ့တာပါ။ သူတို့ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာ တိတိကျကျ နားမလည် ခဲ့ဘူးလို့ ဂျိုလီ က ပြန်ပြောင်း ပြောပြပါတယ်။

ခမာ စကားပြော ရုပ်ရှင် ဇာတ်လမ်း ကြောင့် အဲဒီ အချိန်က အုပ်ချုပ် သူတွေရဲ့ ရက်စက် ကြမ်းကြုတ်မှုကို တစ်ကမ္ဘာလုံးက သိရှိ နားလည်လာ ပြီးတော့ ကမ္ဘောဒီးယား ပြည်တွင်းမှာပါ ရုပ်ရှင် ရဲ့ အကျိုးသက်ရောက်မှု ရှိဖို့ သူ့ အနေနဲ့ မျှော်လင့် ထားကြောင်း ဂျိုလီ က ပြောပါတယ်။

ခမာနီ အုပ်ချုပ်မှု ကာလ အတွင်းမှာ ရက်စက်ကြမ်းကြုတ်မှုတွေကို ခံစား ခဲ့ရသူ တွေဟာ ဒီအကြောင်းတွေ ကို သူတို့ ရဲ့ မျိုးဆက်သစ်တွေကို ပြန်ပြောင်း ပြောပြ တာမျိုး မလုပ်ကြပါဘူး။ ဒါတွေကို ပိုမို ထုတ်ဖော် ပြောဆို ဖို့ သူ က မျှော်လင့် နေတာပါ။
Read more about Cambodia:

Country profile

How two men survived Khmer Rouge prison

From BBC Travel:

Cambodia's hidden jungle temple

How breakfast has shaped Cambodia's cultural identity

(These articles are not accessible in the UK)

အခု ရုပ်ရှင် ကို အွန်လိုင်း ရုပ်ရှင် ပြသတဲ့ Netflix က စီစဉ်တာပါ။ ပထမဆုံး ရုပ်ရှင် ပြသမှု ကို Tomb Raider ရုပ်ရှင် ရိုက်ကူး ခဲ့တဲ့ စီယမ် ရိဗ် က အန်ကောဝတ် ဘုရား ကျောင်းမှာ ပြသ ခဲ့ပါတယ်။

ရုပ်ရှင် အထူး ပြသ ပွဲ ကို ဂျိုလီ နဲ့ သူ့ရဲ့ ကလေး ၆ ယောက် အပြင် ကမ္ဘောဒီယား ဘုရင် နိုရိုဒွန် စိုင်ဟာမိုနီလည်း တက်ရောက် ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာတုန်း က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဖောင်ဒေးရှင်း ကို စတင် လုပ်ဆောင် ခဲ့တဲ့ ဂျိုလီ ကို ကမ္ဘောဒီးယား နိုင်ငံသား အဖြစ် ဘုရင် နိုရိုဒွန် က ချီးမြှင့် ခဲ့တာ ပါ။

ရုပ်ရှင် အထူးပွဲကို ဂျိုလီ နဲ့ အတူ ကလေး ခြောက်ယောက်လည်း တက်ရောက်ခဲ့
အခု ရုပ်ရှင် ပြပွဲ ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ က ညှိနှိုင်း လို့ မရတဲ့ ကိစ္စ တွေ ကြောင့် ဘရတ်ပစ် နဲ့ လမ်းခွဲ ခဲ့ပြီးနောက်မှာ ပရိသတ် တွေရဲ့ ရှေ့မှောက် ကို ဂျိုလီ ပထမဦး ဆုံး ပြန်လည် ရောက်ရှိ ခဲ့တာလည်း ဖြစ်ပါတယ်။

ဂျိုလီ နဲ့ ဘရတ်ပစ် တို့ ဟာ ၂၀၀၄ ခုနှစ်မှာကတည်း က စတင် လက်တွဲ ခဲ့တာ ဖြစ်ပေမယ့် ၂၀၁၄ ဩဂုတ် လ ကျမှ တရားဝင် လက်ထပ် ခဲ့ကြတာ ဖြစ်ပါတယ်။

လမ်းခွဲ ခဲ့ရတာ က အင်မတန်မှ ခက်ခဲတဲ့ အခြေအနေ တစ်ခု ဖြစ်တယ်လို့ ဂျိုလီက ပြောပါတယ်။ ဒီလို အိမ်ထောင်ရေး အခက်အခဲ တွေ လူ အတော်များများ ကြုံတွေ့ ခဲ့ဖူး တယ်လို့လည်း သူက ဆိုပါတယ်။ သူ့ နဲ့ ကလေးတွေ ဒီ အခြေအနေ တွေကို အတူ ဖြတ်ကျော် ခဲ့ကြပြီး အခုတော့ ကလေးတွေ ရဲ့ ရှေ့ရေး ကိုပဲ အာရုံစိုက် ထား တယ်လို့ သူက ပြောပါတယ်။

သူတို့က မိသားစု အနေနဲ့ အမြဲရှိနေမှာပါ ပြီးတော့ ဒါကိုပဲ သူ့ အနေနဲ့ နိုင်နိုင်နင်းနင်း ထိန်းသိမ်း နေပြီး မိသားစု ဝင်တွေ နွေးနွေးထွေးထွေး ရှိဖို့ အဓိက အရေးကြီး တယ်လို့လည်း သူက ပြောကြား ခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ရဲ့ လူဝင်မှု ကြီးကြပ်ရေး အမိန့် နဲ့ ပတ်သက်ပြီး အကြောက်တရား ကို အခြေခံပြီး မဆုံးဖြတ်ကြဘဲ အဖြစ်မှန် အပေါ်မှာ အခြေခံပြီး ဆုံးဖြတ်ဖို့ ကို နယူးယောက်ခ်တိုင်မ်း သတင်းစာမှာ ဂျိုလီ က တိုက်တွန်း ရေးသား ခဲ့ပါတယ်။

ဒေါ်နယ် ထရမ့် နဲ့ ပတ်သက်လို့ အသေးစိတ် မပြောကြား ခဲ့ပေမယ့် သမ္မတ တစ်ဦးထက် အမေရိကန် ပြည်သူ တွေ က ပိုအရေးကြီး ကြောင်း သူက ပြောပါတယ်။ ဒါ့ အပြင် အမေရိကန် တွေ ရဲ့ စံတန်ဖိုး တွေကို ပြည်သူတွေ လေးစား လိုက်နာ မယ်လို့ သူ့ အနေနဲ့ ခိုင်ခိုင်မာမာ ယုံကြည် ထားတယ်လို့ ဂျိုလီ က ဆိုပါတယ်။

ကမ္ဘောဒီးယား ဘုရင် မယ်တော် နဲ့ အိန်ဂျလီနာ ဂျိုလီ တို့ တွေ့ဆုံစဉ်
ကျမတို့ နေ့စဉ် ကြားနေရတဲ့ ကိစ္စတွေ ဖြစ်တဲ့ အမုန်းတရားတွေ၊ ကြောက်လန့် မှုတွေ၊ ခွဲခြားမှုတွေ၊ လူမျိုးအပေါ် အခြေခံပြီး ဆုံးဖြတ် တာတွေ က အမေရိကန် မဆန် ဘူးလို့ သူက ဆက်ပြောပါတယ်။

ဒီအချိန်မှာ တစ်ကမ္ဘာလုံးက လူတွေဟာ သူတို့ရဲ့ ယုံကြည်မှု တွေကို ထုတ်ဖော် ပြောဆို တာတွေ၊ သူတို့ အခွင့်အရေး ကို တောင်းဆို တာတွေ နဲ့ သူတို့ ခံစား နေရတာ ကို ထုတ်ဖော် ပြောကြား နေတာကို တွေ့ရတာ အင်မတန်မှ ဝမ်းသာမိတယ်လို့ သူက ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုမှာလည်း သမ္မတ နဲ့ ပတ်သက်လို့ ဒါဟာ အမေရိကန် စံတန်ဖိုး တွေ မဟုတ်ဘူးလို့ ပြောနေတာတွေ၊ အခြေခံ ဥပဒေ နဲ့ မကိုက်ညီဘူးလို့ ပြောနေတာတွေကို ကြားရပါတယ်။ သူ့ အနေနဲ့ အမေရိကန် ရဲ့ စံတန်ဖိုးတွေကို ကျင့်သုံးတဲ့ လူတစ်ယောက်ပဲ ဖြစ်နေဦးမယ်လို့ ဂျိုလီ က ပြောကြား ခဲ့ပါတယ်။

    First They Killed My Father ရုပ်ရှင်ကို ဒီနှစ်ကုန်ပိုင်းမှာ Netflix မှာ ထုတ်လွှင့် ပြသမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဒူတာတေး က ပြစ်မှုကျူးလွန်ခဲ့သည့် မှတ်တမ်းရှိသော ရဲဝန်ထမ်း ၃၀၀ ကို စစ်မက်ဖြစ်ပွားရာ ဒေသ တွင် တာဝန်ထမ်းဆောင်ရန် စေလွှတ်

$
0
0

ဖိလစ်ပိုင် သမ္မတ ဒူတာတေး အားမြင်တွေ့ရစဉ်(ဆင်ဟွာ)
    မနီလာ ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

    ဖိလစ်ပိုင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Eduardo Ano က လုပ်ငန်းတာဝန် ထမ်းဆောင်စဉ် ကာလအတွင်း မကောင်းမွန်သည့် ပြစ်မှုမှတ်တမ်းရှိသော ရဲဝန်ထမ်း ၃၀၀ ဦးကို ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း အစိုးရ ကို ဆန့်ကျင်သည့် လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားမှု များပြားရာ Basilan ပြည်နယ်သို့ သွားရောက် တာဝန်ထမ်းဆောင်စေမည့် သတင်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် မီဒီယာ များထံသို့ အတည်ပြုပြောကြားခဲ့သည်။

ဖိလစ်ပိုင် အစိုးရ တပ်ဖွဲ့သည် သမ္မတ ဒူတာတေး ၏ တောင်းဆိုမှု အရ Basilan ပြည်နယ် အတွင်း ရှိ Abu Sayyaf လက်နက်ကိုင်တပ်ဖွဲ့ရှင်းလင်းမှု စစ်ဆင်ရေး ကို ဆောင်ရွက်နေပြီး ၄င်း ပြည်နယ် သည် Abu Sayyaf လက်နက်ကိုင်တပ်ဖွဲ့ ၏ ဌာနချုပ် ရှိရာ ဒေသလည်း ဖြစ်သည်။ Abu Sayyaf လက်နက်ကိုင်တပ်ဖွဲ့ သည် IS အကြမ်းဖက်တပ်ဖွဲ့ ၏ လက်အောက်ခံဟုကြေညာထားသည့် အဖွဲ့အစည်း ဖြစ်ပြီး အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ နာမည်ခံယူကာ ဒေသတွင်း တိုက်ခိုက်မှုများ နှင့် အနုကြမ်းစည်းမှုများကို မကြာခဏ ဆောင်ရွက်လေ့ရှိသည်။

ဗိုလ်ချုပ်ကြီး Eduardo Ano က ရဲတပ်ဖွဲ့ဝင်များအနေဖြင့် Basilan ပြည်နယ် လုံခြုံရေး ကို တာဝန်ယူ ဆောင်ရွက်ခြင်း အားဖြင့် အစိုးရ တပ်ဖွဲ့ မှ အစိုးရဆန့်ကျင်ရေး တပ်ဖွဲ့ များကို အားရုံစိုက်ကာ တိုက်ခိုက်နိုင်ရန် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီ လပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံရှိ ရဲဝန်ထမ်း အချို့သည် ၂၀၁၆ ခုနှစ် အောက်တိုဘာလပိုင်း က မူးယစ်ဆေးဝါးရှင်းလင်းရေး ဟူသည့် နာမည်ခံဖြင့် ဖိလစ်ပိုင် နိုင်ငံ အတွင်းရှိ တောင်ကိုရီးယား ကုန်သည် တစ်ဦးကို သတ်ဖြတ်ခဲ့ပြီး မိသားစု များထံ မှ ငွေကြေး တောင်းယူခဲ့သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွား ခဲ့သည်။ ယင်းအမှု ဖြစ်ပွားပြီးနောက်တွင် ဖိလစ်ပိုင် အစိုးရ မှ ရဲဝန်ထမ်း စည်းကမ်းလေ့လာစောင့်ကြည်ရေး ဌာန တည်ထောင်ခဲ့ပြီး ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး မှလည်း တောင်ကိုးရီးယား နိုင်ငံ အစိုးရ ထံသို့ တောင်းပန် စကား ပြောကြား ခဲ့ရသည်။

ရဲတပ်ဖွဲ့အင်အား သည် ဒူတာတေး စတင်တာဝန် ထမ်းဆောင်ပြီးနောက်ပိုင်းတွင် မူးယစ်ဆေးဝါ ဆန့်ကျင်ရေး အတွက် အားကိုးရသည့် တပ်ဖွဲ့တစ်ခုဖြစ်ခဲ့သည်။သို့သော် တောင်ကိုရီးယား ကုန်သည် သတ်ဖြတ်ခံရမှု နှင့် အခြား ရဲတပ်ဖွဲ့၏ သတင်းဆိုးများထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ဒူတာတေး ၏ ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှု ကိုလျော့ကျစေခဲ့သည်။ လက်တလော ရက်ပိုင်းတွင် ဒူတာတေး က နိုင်ငံတော်ကို အရှက်သိက္ခာကျဆင်း စေသည့် ရဲတပ်ဖွဲ့အတွင်း မှ မကောင်းမွန်သူများကို စစ်မက်ဖြစ်ပွားသည့် ဒေသ ကို စေလွှတ်မည် ဟုလည်း ပြောကြား ခဲ့ဖူးသည်။

(Xinhua)
http://www.xinhuamyanmar.com
Viewing all 32865 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>