Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တာဝန်ကျေခဲ့ကြပါတယ်

$
0
0

နေရာကား အမှတ် (၁၄၄) ရပ်ကွက် ရွာသာကြီးလို့ခေါ်တဲ့ နေရာလေး၊ မီးရထားသံလမ်းဘေးက အခြေခံလူတန်းစား ဆင်ခြေဖုံး (ဆင်းရဲသား) ရပ်ကွက်ကလေးမှာ (၂၇.၉.၂ဝ၁၂) ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးပါ။ မိခင် ဒေါ်နှင်းကြည်နှင့် သမီး မမြင့်မြင့်အေး တို့သားအမိနှစ်ဦးသည် စားဝတ်နေရေး အတွက် ရေထမ်းရောင်းခြင်းဖြင့် ဘဝကိုရုန်းကန်နေကြသူတွေပါ။ ဘဝအကျိုးပေး မကောင်းခဲ့သော သမီး မမြင့်မြင့်အေးမှာ စကားမပြောတတ်သလို နားမကြားရသူတစ်ဦးဖြစ်သည်။ ကံမကောင်း အကြောင်းမလှစွာဖြင့် မိခင် ဒေါ်နှင်းကြည်မှာ လွန်ခဲ့သော (၄၅) ရက်ခန့်ကမှ ရေထမ်းရင်း မီးရထားသံလမ်းပေါ်တွင် ချော်လဲကာ ဝဲဘက်လက် ကျိုးသွား၍ စတီးချောင်းထည့်ကာ ခွဲစိတ်ကုသမှုခံယူထားရသည်။ မိခင် ဒေါ်နှင်းကြည်၏ လက်မှ ဒါဏ်ရာသည်လည်း သာမာန်လူတစ်ယောက်လို ကောင်းမွန်ခြင်းမရှိသေးသည့်အတွက် ဝမ်းရေးအတွက် ရေထမ်းခြင်းအလုပ်အား ရပ်နားရတောသည်။ သမီး မမြင့်မြင့်အေးမှာ ဆွံ့အ၊ နားမကြားသူ တစ်ဦးဖြစ်သော် လည်း မိမိ၏ မိခင်အပေါ်တွင် မေတ္တာဂရုဏာအပြည့်ဖြင့် မိခင်အပေါ်တွင် တာဝန်ကျေပွန်ချင်သူ ဖြစ်သည့် အတွက် မိခင်အလုပ်မလုပ်နိုင်တော့သည့် အခြေအနေတွင် အလုပ်ကို ယခင်ထက် နှစ်ဆပို၍ ကြိုးစားပမ်းစား ရုန်းကန်ရလေပြီ။

“အပူပေါ် အပူဆင့်” ဟုပင်ခေါ်ရမလား။ “ကံဆိုးမ သွားရာမိုးလိုက်လို့ရွာ” ဟုပင်ဆိုရမလားမသိ/ ၂၇.၉.၂ဝ၁၂ ရက်နေ့တွင် မမြင့်မြင့်အေး တစ်ယောက် မိခင်၏ဇောဖြင့် ရေထမ်းကာ မီးရထားသံလမ်းပေါ်တွင် လမ်းလျှောက်လာရင်း ပဲခူးမှ ရန်ကုန်သို့ ထွက်ခွာလာသော မီးရထား၏ ဥသြဆွဲသံကိုပင် မကြားနိုင်တော့သည့် အခြေအနေ။ မမြင့်မြင့်အေး၏ အခြေအနေကို ရိပ်စားမိဟန်တူသော မီးရထားစက်ခေါင်းမောင်း ဝန်ထမ်းတဦးမှ ရထားကို အရှိန်လျော့ကာ ရထားဦးခေါင်း၏ အရှေ့ပိုင်းသို့ထွက်ကာ မမြင့်မြင့်အေးအား တွန်းထုတ်ပစ်လိုက်ရာ မမြင့်မြင့်အေးသည် အနည်းငယ်ထိခိုက်ပြီး အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ပေသည်။ သို့သော် မမြင့်မြင့် အေး တစ်ယောက်၏ လက်ဝဲဘက်လက်ကျိုးပြီး ဦးခေါင်းအနည်းငယ်ပေါက်ပြဲကာ ခြေထောက်နှင့် ကျောပြင် အချို့တွင် ဒါဏ်ရာများရရှိသွားသည့်အတွက် မီးရထားဝန်ထမ်းများမှ တာဝန်သိစွာဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှု ခံယူစေခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်တစ်ပါတ်ခန့်လာရောက်ကုသမှုခံယူခဲ့ပြီး ဆေးရုံမှဆင်းကာ နေအိမ်၌ သောက်ဆေးသောက် နေထိုင်ပြီး တစ်လအကြာတွင် ဆေးရုံသို့ ပြန်လည်ပြသမည့်နေ့ရက်ကို စောင့်ဆိုင်း နေခဲ့သည်။ တစ်လစာအတွက် သောက်ဆေးအား ဝယ်ယူသောက်သုံးရမည်ဖြစ်သော်လည်းတစ်ပါတ်စာ ဆေး သောက်ပြီးနောက် ဆေးဖိုးမတတ်နိုင်သဖြင့် ဆေးမသောက်ပဲ နေခဲ့ရသည်။ ၄င်းတို့၏ ဒုက္ခကို သိရှိနေသော အနီးပတ်ဝန်းကျင်အိမ်မှ သူနာပြုဆရာမတစ်ဦးမှ မိမိတတ်နိုင်သလောက် ကူညီထောက်ပံ့ပေးခဲ့သလို ပတ်ဝန်း ကျင်ရှိနေအိမ်များမှ တစ်အိမ်လျှင် (၁ဝဝ) ကျပ်နှုန်းဖြင့် လိုက်လံကောက်ခံရန် ကြိုးစားခဲ့သော်လည်း ရပ်ကွက် ၏ စီးပွားရေးအခြေအနေနှင့် စားဝတ်နေရေး အခက်အခဲတို့ကြောင့် ထမြောက်အောင်မြင်မှု မရှိခဲ့ပေ။ ပတ်ဝန်း ကျင်မှလည်း ထိုငွေ (တစ်ရာကျပ်) ကိုပင်ထည့်ဝင်နိုင်ရန် အင်အားမရှိ။

ရပ်ရွာရှိ စေတနာရှင်အချို့မှ တတ်နိုင်သလောက် ကူညီပေးကြသော်လည်း မတတ်နိုင်သည့်အဆုံး ထို သူနာပြုဆရာမလေးသည် ၂၉.၁ဝ.၂ဝ၁၂ ရက်နေ့တွင် မမြင့်မြင့်အေးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြန်လည်ပြသရန် လူနာတင်ယာဉ်လိုအပ်သဖြင့် တဆင့်စကား တဆင့်ကြားကာ မြောက်ဒဂုံမြို့နယ်၊ အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကူအညီတောင်းခဲ့သည်။ လူနာ မမြင့်မြင့်အေးအား အကူအညီပေးရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ် ရေး တာဝန်ခံ - ဦးအာကာ ဦးဆောင်၍ အရေးပေါ်ကယ်ဆယ်ရေး (ရှေးဦးသူနာပြု) အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဇော်စိုင်း၊ ဒေါ်မျိုးမျိုးအေးနှင့် ယာဉ်မောင်း ဦးဘိုဘိုတို့မှ လူနာ၏ နေအိမ်ရှိရာ အမှတ် (၁၄၄)၊ လေးထောင့် ကန်မြို့နယ်သို့ သွားရောက်၍ ဆေးကုသမှု ခံယူနေသော ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ခက်ခက်ခဲခဲ သယ်ယူ ပို့ဆောင်ကာ ကူညီပေးခဲ့ကြသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လိုအပ်သော ဆေးကုသမှုများ ထပ်မံခံယူ စေပြီး နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရုံမျှမက စားရေးသောက်ရေးနှင့် ဆေးဖိုးအတွက် အခက်အခဲ ဖြစ်နေသော မမြင့်မြင့်အေးနှင့် မိခင်ကြီး ဒေါ်နှင်းကြည်တို့အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေး ပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ မိမိတို့၏ ကိုယ်ပိုင်ငွေကြေးများဖြင့် ဆေး၊ အစားအသောက်၊ အချိုရည်ဗူးများ နှင့် ငွေကျပ် ၁၅ဝဝဝိ/- (တစ်သောင်းငါးထောင်)ကျပ်တိတိ ကူညီထောက်ပံ့ ပေးခဲ့သည်။

ယခုဖြစ်စဉ်တွင် ဝေဒနာသယ် မိခင် ဒေါ်နှင်းကြည်အတွက် သမီး မမြင့်မြင့်အေး တာဝန်ကျေခဲ့သလို မီးရထားဝန်ထမ်းများနှင့် သူနာပြုဆရာမလေးသည်လည်း မမြင့်မြင့်အေးအပေါ်တွင် မေတ္တာ၊ စေတနာ အပြည့် ဖြင့် တာဝန်ကျေခဲ့သည်။ ထို့အတူ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အသင်းသူ/သားတို့သည်လည်း တာဝန် ကျေခဲ့ကြပါသည်။ သို့ပေမယ့် ယခုလို မိသားစုများ မြန်မာပြည်တွင် အမြောက်အများရှိနေခဲ့တယ် ယခုလည်း ရှိနေဆဲ။ နောင်တွင်လည်း …. ။ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူလူထုအတွက် ကိုယ်ကျိုး မဖက် ဆက်လက်ပေးဆပ်ရင်း တာဝန်ကျေနေရဦးမည်ဟုသာ ကျွန်တော်တွေးမိပါတော့သည်။

ကိုဇော်စိုင်း (ခ) ဇွဲမဟိဏ်ခ



Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>