အဆိုပါ အမှုများတွင် ပွဲစားများကိုသာ ဖမ်းပြီး ပိုင်ရှင်များကို အရေးမယူနိုင်ခြင်းမှာ အုပ်ချုပ်ရေးအဖွဲ့များ၏ အားနည်းချက်ဖြစ်ဟု ဆိုဖျာပုံနှင့်ရေးမြို့နယ်များရှိ ကျားဖောင်လုပ်ငန်းအများစုတွင် လုပ်ကိုင်နေရသည့်ရေလုပ်သားအများစုမှာ ထိုင်း၊ အင်ဒိုနီးရှားကဲ့သို့ပင်လုပ်ခလစာအပြည့်မရရှိဘဲ လူကုန်ကူးခံနေရသူများ နည်းတူဆိုးရွားစွာ ခိုင်းစေခံနေရမှု များ ရှိနေကြောင်းသိရသည်။ ၎င်းကျားဖောင်လုပ်ငန်းအများ စုတွင်လုပ်ခလစာအပြည့်အဝမရရှိ ခြင်း၊ တစ်နေ့အိပ်ချိန် သုံးနာရီသာအိပ်ကြရခြင်း၊ နေမကောင်းသော်လည်းနားခွင့်မရရှိကြခြင်း အစရှိသည့် ဒုက္ခပေါင်းများ စွာကို ခံစားနေရသည့် မြန်မာနိုင်ငံသားရာချီရှိနေကြောင်း ဇွန် ၃ ရက်က ဒဂုံမြို့နယ်ရှိ Summit Park View ဟိုတယ်တွင်ပြုလုပ်သည့် လူကုန်ကူးခံရပြီး နေရပ်ပြန်လည် ရောက်ရှိလာသူများတွေ့ဆုံဆွေးနွေး ပွဲသို့တက်ရောက်လာသည့် ဌာနဆိုင်ရာအဖွဲ့စည်းများ၊ NGO များ နှင့်တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်လာသည့် ပြည်တွင်းလူကုန်ကူးခံရ သူအချို့တို့၏ပြောကြားချက်အရသိရသည်။ ပြည်တွင်းလူကုန်ကူးခံရပြီး ပြန် လည်ရောက်ရှိလာသူ လှိုင်သာယာ မြို့နယ်နေ အသက်၂၄ နှစ်အရွယ် ကိုလှမင်းအောင်က ''ပြီးခဲ့တဲ့ ခုနစ် လလောက်ကရေးမြို့ဘက်ကို ရောက်သွားတာပေါ့။
ညီအစ်ကိုလိုနေတဲ့ အစ်ကိုတစ်ယောက်က ရေးဘက်မှာ အလုပ်လုပ်ရမယ်။ ဆေးသုတ်တဲ့အလုပ်လို့ ပြောတယ်။ ကျွန်တော်လည်း ဆေးသုတ်တာကျွမ်းကျင်တော့ လိုက်သွားခဲ့တယ်။ ကျွန် တော့်ကိုခေါ်တဲ့ အစ်ကို ကိုယ်တိုင်ကလည်း ဘယ်မှန်းသေချာမသိဘဲ ပွဲစားကပြောတဲ့အပေါ်မူတည်ပြီး လိုက်သွားခဲ့တယ်။ အဲဒီလိုနဲ့ စက်လှေတွေစီးရပြီး ခေါ်သွားတယ်။ ဟိုရောက် တော့ ကျွန်တော်တို့လုပ်ရတဲ့ဖောင်မှာ ကျွန်တော် အပါအဝင် လေးယောက်ပဲရှိတယ်။ ဒါနဲ့ဆေးသုတ်အလုပ်ဆိုပြီး ဘာလို့ဒီခေါ်လာတာလဲမေးတော့ ငါတို့ပွဲစားကို ပိုက်ဆံပေးပြီးခေါ် ခိုင်းတာလို့ပြောတယ်။ ပြန်မယ်ဆို ပြန်တော့လည်း သူတို့မပို့ဘဲပြန်လို့မရဘူး။ ပင်လယ်ကြီးက အကျယ်ကြီးပဲ။ အဲဒီမှာ မြန်မာတွေလည်း အများကြီးပဲ။ ဖောင်တွေလည်း အများကြီးပဲ။ ဖောင်တွေပေါ်မှာ ငါးပိုက်ဆွဲရတယ်'' ဟု ဒီမိုကရေစီတူဒေး သတင်းစာသို့ပြောသည်။ ၎င်းဖောင်များပေါ်၌ အချိန် တစ်လခွဲခန့်အကြာတွင် ဖခင်နာရေး ကြောင့်ပြန်လိုကြောင်းပြောဆိုခဲ့ရာ ပွဲစားမှကြိုတင်ငွေပိုက်ဆံတစ်သိန်း ယူထားခြင်းကြောင့်ဟုဆိုကာ ပိုက်ဆံငါးသိန်းအလျော်ပေးမှသာပြန်ခွင့် ပြုမည်ပြောဆိုသဖြင့် မိသားစုထံ ပိုက်ဆံ ငါးသိန်းမှာကာ အလျော်ပေး နိုင်ခဲ့သဖြင့် ပြန်ခွင့်ပြုခဲ့ခြင်းဖြစ် ကြောင်း၊ ကြိုတင်ငွေတစ်သိန်းသာရရှိပြီး ပြန်မည်ဆိုပါကကျပ်ငါးသိန်း အလျော်ပြန်ပေးခဲ့ရသည်မှလွဲ၍ လစာလည်းတစ်ပြားမှမရရှိခဲ့ကြောင်း၊ ယနေ့တိုင် ၎င်းတို့ကိုခေါ်ဆောင် သည့်ပွဲစားကို ဖမ်းမမိသေးကြောင်း ကိုလှမင်းအောင်က ဆိုသည်။
''မွန်ပြည်နယ်၊ ရေးမြို့ဘက်မှာ တကယ်ကိုထိုင်းလိုပါပဲ။ တစ်နေ့ကို သုံး၊ လေးနာရီလောက်သာ အိပ်ရပြီး တော့ အလုပ်လုပ်နေရတဲ့သူတွေ အများကြီးရှိတယ်။ လခမရတဲ့သူ တွေအများကြီးရှိတယ်။ လစာကို တစ်လ ငါးသောင်းလောက်သာပေးပြီး အရမ်းခိုင်းတယ်လို့သိရတယ်။ အဲဒီဘက်ကနေ စိတ်ကစဥ့်ကလျား ဖြစ်ပြီးပြန်လွတ်လာတဲ့သူတွေလည်းရှိတယ်။ ဒါတွေကိုလည်းအမြစ်ဖြတ် ချေမှုန်းနိုင်ရင် ကောင်းမယ်'' ဟု ထိုင်း နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး NGO အဖွဲ့စည်းတစ်ခုမှအကြံပေး မဥမ္မာအိအိချောက ဆွေးနွေးရာတွင် အကြံပြုတိုက်တွန်းထားသည်။ ပြည်တွင်းလူကုန်ကူးမှုနှင့် ပတ်သက်ပြီး ရေးဘက်ရှိငါးဖမ်းလှေလုပ်ငန်းများတွင် လုပ်ငန်းသဘောသ ဘာဝအရကြမ်းတမ်းပြီး လုပ်ခလစာနည်းပါးခြင်းတို့ကြောင့် ၎င်းအလုပ်များကိုလုပ်ကိုင်လိုသူနည်းပါးသ ဖြင့် အဆိုပါလုပ်ငန်းများတွင် လုပ်သားလိုအပ်မှုမြင့်တက်လာပြီး ကြားပွဲစားများကမြူဆွယ် ကာ လုပ်ခများပိုမိုပြောဆိုခြင်း၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်၍ လူကုန်ကူးခံခြင်းများရှိနေကာ၊ အလုပ်မလုပ်ကိုင်လိုဘဲပြန်မည်ဆိုပါက ခရီးစရိတ်များ၊ ပွဲစားခများပြန်လည်ပေးမှသာပြန်ခွင့်ပြုမည်ဟုဆိုခြင်းကြောင့် အကြွေး ကျေစေရန် ရရှိသည့်လခဖြင့်ပင်လုပ် ကိုင်မည်ဆိုကာ အလုပ်လုပ်ကိုင်ကြ ကြောင်း မဥမ္မာအိအိချောကဆက် လက်ဆိုသည်။
''သူတို့ပေးတဲ့လခနဲ့ပဲအကြွေး ကျေအောင်လုပ်မယ်ဆိုပြီး လုပ်ကြ ပေမယ့်တစ်လတောင်မခံပါဘူး။ လှေ ပေါ်မှာရိုက်နှက်တာတွေရှိတယ်။ ထင်း ချောင်းတွေနဲ့ရိုက်လို့ ဖျာပုံကျုံကတိုး ဆေးရုံမှာပြရတဲ့သူတွေလည်းရှိ တယ်။ စိတ်ကျန်းမာရေးဆရာဝန်နဲ့ပြရတဲ့ သူတွေလည်းရှိတယ်။ တစ်နေ့ကို အိပ်ချိန် လေးနာရီပဲပေးပြီး လုပ်ခကျ တော့ တစ်လကျပ်ငါးသောင်းပဲပေး တယ်ဆိုတာတော့ ဒါနောက်ပိုင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းဌာန ချုပ်တို့ အလုပ်သမားဦးစီးဌာနတို့အပါအဝင် လုပ်ငန်းရှင်တွေအကုန်လုံးကိုပြန်ညှိ သင့်တယ်လို့ထင်ပါတယ်။ မဟုတ်လို့ရှိရင် ကိုယ့်ပြည်တွင်းမှာတင်သူများ နိုင်ငံမှာဖြစ်သလိုမျိုး ခေါင်းပုံဖြတ်မှုတွေ၊ လခပေးတာတွေ နည်းတာဖြစ် နေတယ်ဆိုရင်တော့ သူများကိုလက်ညှိုးထိုးလို့မရခင် ကိုယ့်ပြည်တွင်းထဲမှာပဲကိုယ်ပြန်လက်ညှိုးထိုးလို့ရမယ့် ဟာတွေရှိလာတာပေါ့'' ဟု မဥမ္မာအိအိချောက ထောက်ပြပြောဆိုခဲ့သည်။ အဆိုပါ ကျားဖောင်လုပ်ငန်းများနှင့်ပတ်သက်ပြီး လက်ရှိ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ် နှင့် ဖျာပုံမြို့နယ်တို့တွင်တစ်မှုစီဖြင့် လူကုန်ကူးမှုဖြင့်အမှုသုံးမှုဖွင့်ထား ကြောင်း၊ အဆိုပါအမှုများတွင် ပွဲစားကိုသာ တရားစွဲ ဆိုနိုင်ပြီး လုပ်ငန်းရှင်ကို တရားစွဲဆိုနိုင်ခြင်းမရှိ သေးကြောင်း အမှတ် (၆)လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲ မှူးမျိုးသိန်းက ပြောသည်။
''လတ်တလောမှာ ကျားဖောင်လုပ်ငန်းတွေမှာ လူကုန်ကူးမှုမြောက် လို့ အမှုဖွင့်ထားတာ သုံးမှုလောက်ပဲရှိမယ်။ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ဖျာပုံ ပေါ့။ အဲဒီဘက်တွေမှာသွားလုပ် နေတာလည်းကြာပြီ။ ဖြစ်နေတာလည်း ကြာပြီ။ ဒါပေမဲ့ တိုင်ရကောင်းမှန်း မသိတော့မတိုင်ဘူး။ အခုတိုင်ရမှန်း သိလို့တိုင်တော့ ဦးတို့ကရှင်းပေး တော့ ပေါ်ပေါက်တာလည်းရှိသလို မပေါ်ပေါက်တာလည်းရှိတယ်။ အဲဒီလိုပေါ်ပေါက်တဲ့နေရာမှာ ပိုင်ရှင်ကို စွဲရတာထက် ပွဲစားကိုစွဲရတာများတယ်။ ပွဲစားကကြိုတင်ငွေဆိုတာထုတ်သွားတယ်။ အဲ့ဒါမျိုးကျရင် ပွဲစားကိုပဲစွဲရတယ်။ ပိုင်ရှင်က စာချုပ်စာတမ်းနဲ့သေချာလုပ်တာ။ ဘယ်အချိန်ကနေ ဘယ်အချိန်အထိအလုပ် လုပ်ရမယ်။ လစာဘယ်လောက်ရမယ်။ ကြိုတင်ငွေဘယ်လောက်ယူထားတယ်။ အဲဒီလိုသက်သေတွေရှိတယ်။ ခိုင်းတယ်ဆိုတဲ့နေရာမျိုးမှာကျတော့ မိုးရာသီမှာလုပ်ရမယ့်အလုပ် ငါးဖမ်းအလုပ်ပဲသူခိုင်းတယ်။ ငါးဖမ်း အလုပ်ဆိုတာ သန်းခေါင်မှာကျချင် လည်းကျမယ်။ မိုးလင်းခါနီးမှ ကျချင်လည်းကျမယ်။ အဲ့ဒီလိုကျတဲ့အချိန် မျိုးမှာတော့ ထလုပ်ရတာပေါ့'' ဟု ဒုရဲမှူးမျိုးသိန်းက ပြောသည်။
တိုင်ကြားသူများအနေဖြင့် ပီပြင်စွာတိုင်ကြားနိုင်ခြင်းမရှိဘဲ၊ အချို့မှာ တစ်မိုးတွင်းလုံးအလုပ်လုပ်ကိုင်ပါ့မည်ဟု စာချုပ်ချုပ်ဆိုထား ကြောင်း၊ တချို့သည် ထိုသို့စာချုပ်ချုပ်ဆိုထားသော်လည်း မလုပ်နိုင်သဖြင့် ထွက်ပြေး သည့်သူများရှိ ကြောင်း၊ သို့သော်အလုပ်ခေါ်စဉ်တွင် လုပ်ငန်းတစ်မျိုးဖြင့်ခေါ်ယူပြီး လုပ်ကိုင်ရစဉ်တွင် လုပ်ငန်းသည် တစ်မျိုးဖြစ်နေကာ ခေါင်းပုံဖြတ်မှုများပါလာပါက လူကုန်ကူးမှုမြောက် ကြောင်း ဒုရဲမှူးမျိုးသိန်း ကဆိုသည်။ ''ဘယ်လိုပဲဆိုဆိုပါ။ နိုင်ငံတွင်းမှာ ဒီလိုကေ့စ်တွေရှိနေတာကိုသိရင် ဒါမျိုးတွေ မဖြစ်အောင်လုပ်ဖို့က အုပ်ချုပ်ရေးအဖွဲ့တွေနဲ့သက်ဆိုင်ရာငါးလုပ်ငန်းဦးစီးလိုအဖွဲ့တွေမှာ တာဝန်ရှိတာပေါ့။ ဘယ့်နှယ် ပွဲစား ပဲရှာဖမ်းနေပြီး တကယ့်အဓိကတရားခံတွေဖြစ်တဲ့ပိုင်ရှင်တွေကို မဖမ်းမိဘူးဆိုတာ၊ ပိုင်ရှင်တွေ လွတ်မြောက် နေတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒါတွေဖြစ်နေတဲ့နောက်တော့ ဒီလိုမဖြစ်အောင် လုပ်ကိုလုပ်ဖို့ တာဝန်ရှိတာပေါ့။ အဲဒီလိုအုပ်ချုပ်ရေး ပိုင်းတွေက လျစ်လျူရှုနေတာကိုက အဂတိတရားဖြစ်နေတာနဲ့အတူတူပါပဲ။ ဒီလိုဖြစ်နေအောင်ခွင့်ပြုပေး နေတာနဲ့အတူတူပါပဲ။ ဒါတွေကို ပင်လယ်ပြင်အထိလိုက်ပြီးကို စစ်ဆေး ဖမ်းဆီးဖို့လိုပါတယ်။ ဒီလိုမှမဟုတ် ရင် ဒါတွေဆက်ဖြစ်နေဦးမှာပါပဲ''ဟု မီဒီယာသမားတစ်ဦးက သုံးသပ်ပြ သည်။
ZCH
#Democracy Today
http://yangonmedia.com/others/item/2041-such-as-thailand-and-indonesia,-after-severe-labor-wages-there-are-a-number-of-victims-has-not-internal