တိုက်ကြေကားပုံစံပြုလုပ်၍ လာရောက်အပ်နှံကာ စလစ်ထုတ်ယူမှု များပြားလာကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
‘‘အရည်ကျို စလစ်ဈေးက သိန်း ၈၀ ကျော်လာတာနဲ့ အသုံး ပြုလို့ရတဲ့ တန်ဖိုးနည်းကားတွေ ကို မတော်တဆ တိုက်ကြေမဟုတ်ဘဲ တမင်ထုခြေ လုပ်လာ ကြတယ်။ ဥပဒေတွေ၊ အမိန့်တွေ ကို လက်တစ်လုံးခြား လုပ်လာ ကြတာ’’ ဟု ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာန အဆင့် မြင့်အရာရှိတစ်ဦးက ပြောကြားသည်။
ဖရီးပါမစ်ဖြင့် တင်သွင်းရ မည့်ကားများမှာ ကြိုတင်ဝင်ငွေ ခွန်ဆောင်ရမည်ဖြစ်သောကြောင့် တစ်ဖက်တွင် စလစ်အဝယ်လိုက်ပြီး ဈေးမြင့်တက်နေချိန်၌ ယခုကဲ့သို့ မသမာမှုပြုလုပ်လာခြင်းဖြစ်သည်ဟု အဆိုပါ အရာရှိက ခန့်မှန်းပြောကြားသည်။
ကားများ အပ်နှံရာတွင် လိုအပ်သည့် ရဲစခန်းထောက်ခံချက်နှင့် တရားရုံးမှ အမှုပြီး မြောက်ကြောင်း စာရွက်စာတမ်းများပါရှိမှသာ လက်ခံဆောင်ရွက်ပေးနေသော်လည်း ယင်းစာရွက်စာတမ်းများကို မသမာမှုပြုလုပ်ကာ အပ်နှံရန် လုပ်ဆောင်နေသည့် ကားများရှိကြောင်း မော်တော်ယာဉ် တင်သွင်းရောင်းချသူ အချို့ကပြောသည်။
မသမာမှုပြုလုပ်ပြီး လာ ရောက်အပ်နှံသည့်ကားများတွင် ဆူဇူကီး R plus ကားအမျိုးအစား များနှင့် စက်မှုဇုန်ထုတ်ကားများ ပါဝင်ကြောင်း သိရသည်။
‘‘ဒီလကတော့ တိုက်ကြေ ကား လာအပ်တာ အရင်လတွေ ထက် အစီးရေ များလာတယ်။ ကျွန်တော်တို့က စာရွက်စာတမ်း မှန်ရင် အကုန်လုပ်ပေးပါတယ်။ တကယ်လို့ မသမာမှုလုပ်ပြီး လာအပ်လာရင်တော့ ယာဉ်ပိုင် ရှင်က နောက်ဖြစ်မယ့် ကိစ္စကို တာဝန်ယူရမှာပဲ’’ ဟု တိုက်ကြေ ကားများ အပ်နှံခြင်းကို လက် ခံသည့် သန်လျင်ကညနရုံးမှ တာဝန်ရှိသူကဆိုသည်။
ပြီးခဲ့သည့် မေလတွင် ရန် ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုဖြစ်သည့် ကားများအနက် အစီးရေ ၅၀ ကျော်သည် တိုက်ကြေအဖြစ် လာရောက် အပ်နှံ ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ယခင်လများက အဆိုပါ အရေအတွက်အမြောက်အမြား လာရောက်အပ်နှံမှု မရှိသလောက်နည်းပါးကြောင်း ၎င်းက နှိုင်းယှဉ် ပြောကြားသည်။
တိုက်ကြေကားများကို ရန် ကုန်မြို့တွင် သန်လျင် ကညနရုံးနှင့် မြင်းခြံမြို့တို့၌ လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။
7Day News Journal