Photo..Lachid Kachin
(VOA သတင်းဌာနမှ 8 Jan 2012 ရက်စွဲပါ Ethnic Violence Escalates in Burma ကိုဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်း စစ်မက်ပဋိပက္ခနှင့် အကြမ်းဖက် တိုက်ခိုက်မှုများမှာ လတ်တလော ကာလအတွင်း ပိုမိုပြင်းထန် လာသည်ကိုတွေ့ရသည်။ တရုတ်နယ်စပ်ဒေသအနီး၊ အဆိုပါပြည်နယ်ထဲမှ စခန်းများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာသည်မှာ ပဋိပက္ခပြင်းထန်မှုကို ဖော်ကျူးလိုက်သည့် သာဓကတစ်ခုပင် ဖြစ်လေသည်။ ယင်းသို့သော အခြေအနေများကြောင့် အမေရိကန်ပြည်ထောင်စုမှာ အခက် ကြုံနေရပြီး စစ်မက်ပဋိပက္ခတွင် ပါဝင်နေသူများ အားလုံးအနေဖြင့် အင်အားသုံးမှုမပြုဘဲ ပြဿနာပြေလည်ရေးအတွက် ဒိုင်ယာလော့ခ်ပြုလုပ်ရန် တိုက်တွန်း ထားသည်။
၂၀၁၁ ခုနှစ်၊ ဇွန်လတွင် စတင်ခဲ့သော မြန်မာစစ်တပ်နှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေတို့အကြား တိုက်ခိုက်မှုများကြောင့် လူ ထောင်ပေါင်းများစွာရွှေ့ပြောင်း နေထိုင်ခဲ့ကြရသည်။ အဆိုပါဖြစ်ရပ်ကြောင့် မြန်မာအစိုးရနှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေတို့အကြား ရရှိထားသည့် ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာလည်း ပယ်ပျက်ခဲ့ရသည်။
ကချင်နှင့် အခြားသော တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများသည် ၎င်းတို့၏ ပြည်နယ်ဒေသများအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကြီးမားစွာရရှိရန် နှစ်ပေါင်း ၆၀ ကျော်ကြာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် အခြားသောတိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သော်လည်း ကေအိုင်အေနှင့် ရယူနိုင်ခြင်းမရှိပေ။
မြန်မာနိုင်ငံတွင်း ထိုကဲ့သို့သော ပဋိပက္ခများကြောင့် ပြည်တွင်း၌ပြောင်းရွှေ့ နေထိုင်ကြရသော ဒုက္ခသည်များအတွက် အမေရိကန် ပြည်ထောင်စုက စိုးရိမ်ပူပန်လျက်ရှိပြီး ၂၀၁၂ ခုနှစ် ဘဏ္ဍာနှစ်တွင် ဒုက္ခသည်များနှင့် ပဋိပက္ခဒဏ်ရိုက်ခတ်ခံရသူ တိုင်းရင်းသားများအတွက် လူသားချင်း စာနာထောက်ထားသော အကူအညီအဖြစ် ဒေါ်လာသန်း ၃၀ ထောက်ပံ့ပေးအပ်ခဲ့သည်။
သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာ လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်း၊ မီဒီယာဆင်ဆာ တည်းဖြတ်မှုများ ရပ်ဆိုင်းပေးခြင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခြင်း အပါအဝင် အပေါင်းလက္ခဏာ ဆောင်သော ပြုပြင်ပြောင်းလဲမှုများ လုပ်ကိုင်နိုင်ခဲ့သော်လည်း လက်ရှိကချင်ပြည်နယ်တွင်း စစ်မက်ပဋိပက္ခမှာ စိုးရိမ်စရာ ဖြစ်လာသည်။ အမေရိကန်ပြည်ထောင်စုကမူ ကချင်ပြည်နယ်တွင်း ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ပေါ်ထွန်းရေးအတွက် နှစ်ဖက်စလုံးက အတူလက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။