လိုင်ဇာမြို့နှင့် အနီးတစ်ဝိုက်ရှိ စစ်ဘေးဒုက္ခသည်များမှာ ဆက်တိုက် ပစ်ခတ်လျက် ရှိသော သေနတ်ကြီးသံ၊ ဗုံးသံ၊ လေယာဉ်ပျံ ရဟတ်ယာဉ်ဗုံး များကြောင့် လိုင်ဇာ အနီးတစ်ဝိုက်ရှိ စစ်ဘေးဒုက္ခသည်များ စိုးရိမ် နေကြောင်း လိုင်ဇာ မြို့ရှိ ဝိုင်ကြိုင် (woichyai) ယာယီစစ်ရှောင်စခန်းမှ စခန်းတာဝန်ခံ ကို KIO အုပ်ချုပ်ရေး အရာရှိ တစ်ဦး ဖြစ်သူ ကိုဂျာလ က ပြောပြသည်။
“သေနက်ကြီးသံတွေ၊ ဗုံးသံတွေ ကြားတိုင်း အချို့စစ်ဘေး ဒုက္ခသည်တွေက တော်တော်စိတ်ညစ်ကြတယ်။ သူတို့ လာလာပြီး ကျွန်တော်တို့ကို ညည်းပြီး ပြောပြတယ်။ အခု ဒီကနေ ဘယ်ကိုဆက်ပြီး ပြေးရတော့ မလဲ ဆိုပြီး မေးလာကြ တယ်။ တရုတ်ပြည်ကို ပြေးမယ်ဆိုလည်း တရုတ်တွေက လက်မခံတော့ အကယ်၍ လေယာဉ် တွေ၊ လက်နက်ကြီးတွေနဲ့ လိုင်ဇာမြို့ကို ပစ်လာပြီး နေစရာ မရှိတော့ရင် ဘယ်ကိုဆက်ပြီး ပြေးရမလဲ ဆိုပြီး အရမ်း စိတ်ဓာတ် ကျတဲ့ အသံတွေနဲ့ ကျွန်တော်တို့ ကော်မတီဝင်တွေ ကို လာ လာပြောကြတယ်”ဟု ကိုဂျာလက ပြောပြသည်။
၈၈ ကျောင်းသားများ ပြန်ပြီး နောက်နေ့ ဇန်နဝါရီ ၆ ရက်မှစပြီး ယခုချိန်ထိ လက်နက်ကြီးသံများ ဆက်တိုက် ကြားနေရပြီး လိုင်ဇာအနီး တစ်ဝိုက်သို့ ပစ်ခတ်လျက် ရှိသည်ဟု သိရှိရသည်။ ဇန်နဝါရီ ၇ ရက် ညနေပိုင်း တွင်လည်း ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက် ပစ်ခတ်ခဲ့သည်။
“ဗုံးသံကြားတိုင်း စိတ်ညစ်တယ်။ တကယ်လို့ ကျွန်မတို့နေတဲ့ စခန်းတွေမှာ ဗုံးတွေကျလာရင် ကျွန်မဆီ မှာက ကလေး ငယ်တွေလည်း များတော့ သူတို့ကို ဘယ်ကိုခေါ် ပြီးပြေးရမလဲလို့ စဉ်းစားပြီး စိတ်ညစ်တယ်။ ကျွန်မ ယောကျာ်းလည်း ဆုံးသွားပြီ။ ၂ဝ၁ဝ ဩဂုတ်လတုန်းက အဖမ်းခံရပြီးသတ်လိုက်ပြီ။ သူက KIO စစ်သားမဟုတ် ဘူး။ ကလေးများတော့ ပိုက်ဆံနည်း နည်းရရင်ရဆိုပြီး ရွာပြန်ပြီး လိမ္မော်သီး သွားခူးနေတုန်း အဖမ်းခံရတာ။ ၂ဝ၁၁ ဇန်နဝါရီလကျမှ သူ့ကိုသတ် လိုက်ပြီဆိုတဲ့ သတင်းကြားတယ်” ဟု ဝိုင်ကြိုင် (woichyai) စစ်ရှောင်စန်းမှ အသက် ၄ဝ အရွယ်ရှိ ကလေး ၆ ယောက်အမေ ခါထွမ်လုက ဆိုသည်။
လိုင်ဇာမြို့နှင့် မြို့အနီးရှိ စစ်ရှောင်စခန်းတိုင်းတွင် လေယာဉ် ဗုံးခိုကျင်းများ တူးထားကြပြီး လေယာဉ်သံ ကြားပါက ဗုံးခိုကျင်းများတွင် ခိုအောင်း ကြရကြောင်း ဒုက္ခသည်များ ၏ ပြောကြားချက်အရ သိရှိရသည်။
ကချင်ပြည်နယ် အတွင်း တပ်မတော်နှင့် ကေအိုင်အေ၊ ကေအိုင်အိုတို့ အကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများ အပေါ် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက် ရက်စွဲဖြင့် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ သဘောထား ကြေညာချက်တွင် တိုင်းလိုင်(ရှမ်းနီ)အမျိုးသား များအနေဖြင့် စစ်ပွဲများကြောင့် ဒုက္ခသည် များအဖြစ်သို့ ရောက်ရှိနေပါကြောင်း၊ ကေအိုင်အေ တပ်ဖွဲ့ဝင်များသည် မီးရထား၊ မော်တော် ကားလမ်းများကို ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ရှမ်းနီ လူမျိုးများထံမှ ဆက်ကြေးများ ကောက်ခံခြင်း၊ အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းခြင်း၊ တပ်မတော်နှင့် ရှမ်းရွာသားများအပေါ် အထင်အမြင် လွဲမှားစေရန် ရှမ်းတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများ အနီးတွင် မိုင်းထောင် ဖောက်ခွဲခြင်း အပါအဝင် နည်းမျိုးစုံဖြင့် အနိုင်ကျင့်နှိပ်စက်လျက် ရှိကြောင်း၊ ရှမ်းနီပြည်သူများ အနေဖြင့် မိမိတို့ အပေါ် လူ့အခွင့်အရေး ချိုးဖောက်၍ အနိုင်ကျင့် နှိပ်စက်လျက် ရှိသော ကေအိုင်အေတို့၏ အပြုအမူများကို စက်ဆုပ် ရွံ့ရှာလျက်ရှိပြီး ငြိမ်းချမ်းရေး အလျင်အမြန်ရရှိရန် ဆန္ဒပြင်း ပြလျက် ရှိကြောင်းဖြင့် ဖော်ပြပါရှိပြီး တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီသည် လက်နက်ဖြင့် အနိုင်ကျင့် ဗိုလ်ကျစိုးမိုးသော မည်သည့် အဖွဲ့အစည်း၏ လုပ်ရပ်ကိုမဆို ပြင်းထန်စွာ ရှုတ်ချ ကြောင်းနှင့် ကချင် ပြည်နယ်အတွင်း စစ်ပွဲများအမြန်ဆုံး ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးကြရန် တောင်းဆို ကြောင်း အပါအဝင် အချက် ၄ ချက် ပါရှိသည့် ကြေညာချက် ထုတ်ပြန် ခဲ့ကြောင်း သိရှိရသည်။
မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်