
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( ရန်ကုန်တောင်ပိုင်း ခရိုင် ကျောင်းသားများသမဂ္ဂ ) မှကျောင်းသား/သူများနှင့် အခြေခံ ပညာကျောင်းသားများသမဂ္ဂ ( ရန်ကုန်တောင်ပိုင်းခရိုင် ) တို့မှကျောင်းသား/ သူများဦးဆောင်၍ ယနေ့နယုန်လပြည့်နေ့ ( မဟာသမယ ) နေ့ အထိမ်းအမှတ် အဖြစ် ဗမာတစ်ပြည်လုံးတွင်စစ်မက်ဖြစ်ပွားမှု၊ ပဋိပက္ခဖြစ်ပွားမှုတို့ကြောင့်အသက် သေဆုံးခဲ့ကြသော၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ကြသော၊ ငြိမ်းချမ်းစွာပညာသင်ကြားခွင့် မရကြသော ကျောင်းသား/သူများနှင့်ပြည်သူများအား အမျှပေးဝေ၍ အမိနိုင်ငံတော်နှင့်တကွ ရဟန်းရှင်လူကျောင်းသားပြည်သူများ ငြိမ်းချမ်းကြပါစေကြောင်း ဆုတောင်းပွဲကို သန်လျင်မြို့ သမိုင်းဝင်ကျိုက်ခေါက်စေတီတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ယနေ့ မဟာသမယ အခါတော်နေ့သည် ရောဟဏီမြစ်ရေ ပြသနာကြောင့် ကပိလ၀တ်ပြည်နှင့် ကောလိယပြည် သားချင်းညီနောင် နှစ်ပြည်ထောင်ကြား စစ်ဖြစ်ပွားတော့မည့် ပဋိပက္ခမှ ငြိမ်းအေး၍ နှစ်ပြည်ထောင်မင်းသား ( ၅၀၀ ) ရဟန်းပြုကြပြီး မဟာသမယ နေ့ထူးနေ့မြတ်တွင် ထိုရဟန်း ( ၅၀၀ )တို့ အာသဝေါ ကုန်ခမ်း၍ ရဟန္တာဖြစ်ခဲ့ကြသည့် အတွက်ငြိမ်းချမ်းရေးနှင့် လောကမေတ္တာတရားထုံမွှမ်းနေသော နေ့ထူးနေ့မြတ် ဖြစ်ခြင်းကြောင့် ဗကသ နှင့် အကသ ကျောင်းသားများမှ ဘုရားစေတီ သန့်ရှင်းရေး ကုသိုလ်ယူ၍ ယခုကဲ့သို့ ငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပခဲ့ပြီး တတိုင်းပြည်လုံးငြိမ်းချမ်းသာယာစေကြောင်း ဆုတောင်းခဲ့ကြခြင်းဖြစ်သည်။
ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်